လီဗာပူးနဲ့ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အတွက် လူကာကူ ကြိတ်ပျော်နေလိမ့်မယ်လို့ ယုံကြည်နေတဲ့ ပေါလ်မာဆွန်

ပေါလ်မာဆွန်က Sky Sport Italia နဲ့ အင်တာဗျူးမှာ အငြင်းပွားဖွယ် အကြောင်းအရာတွေ ပြောဆိုခဲ့တဲ့ ရိုမီလူလူကာကူ အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူး နဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အပေါ် ကြိတ်ပြီး ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

အဆိုပါ အင်တာဗျူးမှာ လူကာကူဟာ သောမတ်တူချယ်ရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ အပြင် အင်တာမီလန်ကို ကစားသမားဘ၀ရဲ့ အကောင်းဆုံး အချိန်မှာပဲ ပြန်သွားလိုကြောင်း ၊ နွေရာသီတုန်းက ချဲလ်ဆီးကို ပြောင်းချင်ခဲ့တာ မဟုတ်တဲ့ အကြောင်း နဲ့ ကလပ်မှာ စိတ်ပျက်မှုတွေ ရှိနေတဲ့ အကြောင်းတွေကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့်လည်း သောမတ်တူချယ်ဟာ လူကာကူကို အပြစ်ပေးတဲ့ အနေနဲ့ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ပစ်ခဲ့ပြီး ဒါကို ဘုတ်အဖွဲ့ကလည်း ထောက်ခံခဲ့ ပါတယ်။ ဒါပေမယ့်လည်း မာဆွန်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ အတွက် သောမတ်တူချယ် ကိုယ့်ကိုကိုယ်သာ ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုလိုက်ပြီး လူကာကူ ကတော့ လီဗာပူး နဲ့ ပွဲမှာ ၀င်မကစားခဲ့ရတာကို စိတ်သက်သာရာ ရနေလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

 

လူကာကူရဲ့ ကိစ္စကို ဒီလိုမျိုး ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း အားဖြင့် သောမတ်တူချယ် အနေနဲ့ အောင်မြင်ခဲ့သလား ဆိုတဲ့ မေးခွန်းကို မာဆွန်က “မဟုတ်ပါဘူး။ ဘာကြောင့်များ ဒါဟာ အောင်ပွဲ ဖြစ်ရမှာလဲ? ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး အတွက် လီဗာပူးကို မဖြစ်မနေ အနိုင်ယူသွားရမှာပါ။ သူတို့ဟာ လီဗာပူးကို အနိုင်ယူရမယ့် အပြင် လာမည့် ပွဲစဉ်မှာ မန်စီးတီးကိုလည်း မဖြစ်မနေ အနိုင်ယူသွားမှသာ ပရီးမီးယားလိဂ် ဖလား အတွက် အခွင့်အရေး ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက် အတွက် တူချယ် အနေနဲ့ သူ့ကိုယ်သူပဲ ထိခိုက်မှု ရှိစေမယ်လို့ ထင်ပါတယ်။

လူကာကူဟာ ချဲလ်ဆီး အတွက် ပြန်ကစားသွားမယ့်သူ ဖြစ်နေတာကြောင့် လီဗာပူး နဲ့ ပွဲစဉ်မှာ သူ့ကို ဘာကြောင့် မကစားစေခဲ့တာလဲ? သူဟာ ချဲလ်ဆီး အတွက် ဘယ်တော့မှ ပြန်မကစားတော့မှာလည်း မဟုတ်ပါဘူး။ အကယ်၍ တူချယ် အနေနဲ့ လူကာကူကို ချဲလ်ဆီး အတွက် ဘယ်တော့မှ ပြန်မကစားခိုင်းတော့ဘူး ဆိုရင်တော့ ကျွန်တော် ဒါကို နားလည်ပါတယ်။ ဒါပေမယ့် ဒီလို မဟုတ်တာကြောင့် သူ့ကို ဒီပွဲအတွက် ဘာကြောင့် ချန်လှပ် ခဲ့တာလဲ?

ကျွန်တော့်ရဲ့ အမြင်ကတော့ သူ့ကို မြေခွေးတွေကြားထဲ ပစ်ထည့်ပြီး ကစားစေတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ အကယ်၍ သူ အဲဒီပွဲမှာ ကောင်းကောင်း မကစားနိုင်ဘူး ဆိုရင် ချဲလ်ဆီး ပရိတ်သတ်တွေက သူ့ကို အော်ဟစ်လှောင်ပြောင် ကြမှာပါ။ ကျွန်တော် ကတော့ ဒီနည်းကိုပဲ ရွေးချယ်ချင်ပါတယ်။ အခုနည်းဟာ လူကာကူ အတွက် အရမ်းကို လွယ်ကူခဲ့ပါတယ်။ သူဟာ ကိုယ်ပြောချင်တာ ပြောခဲ့ပြီး ဒီလိုပွဲမျိုးမှာ ချန်လှပ်ခံခဲ့ရကာ လီဗာပူးလောက် မကြီးကြယ်တဲ့ ပွဲမှာ ပြန်ကစားပါလိမ့်မယ်။

 

တူချယ် အနေနဲ့ လီဗာပူးနဲ့ ပွဲမှာ သူ့ကို ကစားခိုင်းခဲ့သင့်ပါတယ်။ ဒါဟာ ချဲလ်ဆီး အတွက် ဒီရာသီရဲ့ အကြီးကြယ်ဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ သူတို့ဟာ လူကာကူကို ပေါင်သန်း ၉၀ ကျော် ပေးပြီး ၀ယ်ခဲ့တာပါ။ သူဟာ ကြီးကြယ်တဲ့ ခေါ်ယူမှုပါ။ ချဲလ်ဆီးဟာ ဒီလိုပွဲမျိုးတွေ အတွက် သူ့ကို ခေါ်ယူခဲ့တာပါ။ လီဗာပူးလို အသင်းနဲ့ ပွဲစဉ်တွေ အတွက် သူတို့ ၀ယ်ယူခဲ့တာပါ။ ဘရိုက်တန်ကို အိမ်ကွင်းမှာ ကစားရတဲ့ ပွဲမျိုးတွေအတွက် မဟုတ်ပါဘူး။

သူ့ကို လူစာရင်း ကနေ ချန်လှပ်ပစ်ခဲ့တာဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ လူကာကူဟာ သူ့ရဲ့ ကံကောင်းမှုကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေမယ် ဆိုတာ ကျွန်တော် လောင်းရဲ ပါတယ်။ သူ့ကို လီဗာပူး နဲ့ ပွဲမှာ ပရိတ်သတ်တွေရဲ့ စီရင်တာကို ခံခိုင်းသင့်ပါတယ်။” လို့ ပြောသွားပါတယ်။

 

လူကာကူဟာ သူလုပ်ခဲ့တဲ့ အရာအတွက် ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ပြီးနောက် ယနေ့ည တော့တင်ဟမ်နဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အတွက် ချဲလ်ဆီးရဲ့ squad ကို ပြန်လာခဲ့ပါတယ်။

SM