လီဗာပူးတို့ ပထမဦးစားပေး ခေါ်ယူသွားသင့်တဲ့ သူ့စိတ်ကြိုက် ကစားသမားကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ဘိုရပ်ရှားဒေ့ါမွန် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဖြစ်သူ ဂျူ့ဘယ်လင်ဟမ်ဟာ သူ့အသင်းဟောင်း လီဗာပူးကို ယခုလ ဒါမှမဟုတ် လာမည့် နွေရာသီမှာ ခေါ်ယူစေချင်တဲ့ ideal ကစားသမား ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်ကို တောက်လျှောက် စောင့်ကြည့်လာခဲ့တာ ဖြစ်ပြီး အင်္ဂလန် စတားဟာ ဘာမင်ဂမ် ကနေ ဘွန်ဒက်လီဂါကို ပြောင်းရွေ့ခဲ့ပြီးနောက် ပိုမို တောက်ပတဲ့ ကွင်းလယ် ကြယ်ပွင့် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ အသက် ၁၉ နှစ်တောင် မပြည့်သေးပေမယ့်လည်း ပရော်ဖက်ရှင်နယ် ပွဲပေါင်း ၁၁၁ ပွဲ ကစားထားခဲ့ပြီး ဖြစ်တဲ့ အပြင် အင်္ဂလန် အတွက် ၁၀ ပါ၀င်ခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ့မွန် ဆယ်ကျော်သက် ကစားသမားရဲ့ ခြေစွမ်းပြနေမှုကြောင့် ကာရေဂါက သူ့အသင်းဟောင်း အနေနဲ့ ဘယ်လင်ဟမ် ကိုသာ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်သင့်တယ်လို့ အကြံပေးလိုက် ပါတယ်။

ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူးတို့ နေရာ တစ်နေရာ အားဖြည့်သွားရမယ် ဆိုရင် ဘယ်သူ့ကို ခေါ်ယူစေချင်သလဲ ဆိုတဲ့ မေးခွန်းကို ကာရေဂါက “ဘိုရပ်ရှားဒေါ့မွန်ရဲ့ ဂျူ့ဘယ်လင်ဟမ် ပါပဲ။ သူ့ကို နွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူ သွားမယ် ဆိုရင်လည်း ကျွန်တော့် အတွက် ကတော့ အိုကေ ပါတယ်။” လို့ တုန့်ပြန် လိုက်ပါတယ်။

ဘယ်လင်ဟမ် နဲ့ ပက်သက်ပြီး ကာရေဂါရဲ့ မျှော်လင့်ချက် ပြည့်မြောက်နိုင်ဖို့ အခွင့်အရေး ရှိနေပြီး ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ သတင်းများ အရ အကယ်၍ လီဗာပူးသာ ဒေ့ါမွန်တို့ တောင်းဆိုတဲ့ စျေးကို ပေးချေနိုင်ခဲ့မယ်ဆိုရင် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ရန် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

ဘွန်ဒက်လီဂါ ကလပ်ဟာ ဘယ်လင်ဟမ် အတွက် ပေါင်သန်း ၉၀ ပတ်၀န်းကျင် အလို ရှိနေပြီး ဒီပြောင်းရွေ့ကြေးဟာ လီဗာပူးအတွက် စံချိန်တင် ပြောင်းရွေ့ကြေး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ အသက်အရွယ် အလားအလာ နဲ့ အရည်အသွေးတွေကြောင့် ဒါဟာ သင့်တော်တဲ့ စျေးလို့ ဆိုနိုင်ပါတယ်။

ဒေါ့မွန်နဲ့ လာမည့် ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေတဲ့ ဘယ်လင်ဟမ်ကို မန်ယူနိုက်တက် ချဲလ်ဆီး မန်စီးတီး တို့ကလည်း စိတ်၀င်စားနေကြပေမယ့် ဘွန်ဒက်လီဂါ ကလပ်ကတော့ လာမည့် နွေရာသီမှာ အသင်းရဲ့ အခြား ကြယ်ပွင့်ဖြစ်သူ အာလင်ဟာလန်းကို ဆုံးရှုံးသွားဖို့ ရှိနေတဲ့ အခြေအနေကြောင့် ဘယ်လင်ဟမ်ကို အနည်းဆုံး နောက်တစ်ရာသီ ဆက်ထိန်းသွားဖို့ များနေပါတယ်။

လီဗာပူး နဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင် ကတော့ အကယ်၍ ဘယ်လင်ဟမ် အနေနဲ့ အင်္ဂလန်ကို ပြန်လာခဲ့မယ် ဆိုရင် လီဗာပူး ကသာ ၎င်းအတွက် အသင့်တော်ဆုံး ကလပ် ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

ဂျွန်ဆင်က “ဘယ်လင်ဟမ် အတွက် အသင့်တော်ဆုံး အင်္ဂလန် ကလပ်ဟာ လီဗာပူး လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ လီဗာပူးမှာ စူပါစတား ကစားသမားတွေ ရှိနေပေမယ့် သူတို့မှာ တောင့်တင်းတဲ့ လူစာရင်းတော့ ရှိမနေပါဘူး။ သူတို့ရဲ့ အရန်ခုံမှာ ဒီစူပါစတား ကစားသမား တွေကို ကောင်းကောင်း ဖိအား ပေးနေတဲ့ ကစားသမားတွေ သိပ်ပြီး မရှိပါဘူး။ ဒါ့ကြောင့် ကလော့ အနေနဲ့ ဒီလူစာရင်းကို ပျော်ရွှင်အောင် ထိန်းထားရတာ လွယ်ကူနေတာ ဖြစ်ပါတယ်။

အကယ်၍ ဂျူ့ဘယ်လင်ဟမ် အနေနဲ့ လီဗာပူးကို ပြောင်းရွေ့လာခဲ့မယ် ဆိုရင် ဒီကလပ်ဟာ သူ့ကို စိတ်၀င်စားနေတဲ့ အခြား ကလပ်တွေထက် ပိုမို တောင်ပအောင် ပျိုးထောင်ပေးနိုင် မှာပါ။ ဒါ့အပြင် သူလိုအပ်သလောက် အချိန်ကိုလည်း ပေးစွမ်း နိုင်မှာပါ။ အကယ်၍ သူ ချဲလ်ဆီး ဒါမှမဟုတ် မန်စီးတီး တို့ကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် အဲဒီကလပ်တွေမှာ ချက်ချင်း ခြေစွမ်း မပြနိုင်ခဲ့ပါက သူ့အပေါ် ဖိအားတွေ ကျရောက်လာမှာ ဖြစ်ပြီး မကြာခင်မှာ သူချောင်ထိုးခံရမှာပါ။ သူ့နေရာကို အခြား သူတစ်ယောက်က အစား၀င်လာပြီး နေရာယူသွားမှာပါ။ ဒီလို နေရာမှာ လီဗာပူးရဲ့ သိပ်ပြီး မတောင့်တင်းတဲ့ လူစာရင်းဟာ သူ့ကို အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM