လိဂ်ဝမ်း ကလပ် မော်ကမ်ဘီကို နောက်က လိုက်ကစားပြီး အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှ တော့တင်ဟမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပေါ်တင် ဝန်ခံသွားတဲ့ ကွန်တီ

မနေ့ည က ကစားခဲ့တဲ့ အက်ဖ်အေ ဖလား တတိယ အဆင့်ပွဲမှာ တော့တင်ဟမ် အသင်းဟာ လိဂ်ဝမ်း ကလပ် မော်ကမ်ဘီ အသင်းကို ပထမပိုင်း အတွင်း ဦးဆောင်ဂိုး အရင်ပေးခဲ့ပြီးမှ ၊ ပွဲချိန် ၇၄ မိနစ် နောက်ပိုင်း ၃ဂိုးဆက် ပြန်သွင်းနိုင်ခဲ့လို့ ၊ ၃ – ၁ ရလဒ်နဲ့ comeback နိုင်ခဲ့ပြီး ၊ စတုတ္ထ အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ တော့တင်ဟမ် ဟာ တောင့်တင်းတဲ့ ပွဲထွက်စာရင်းကို အသုံးပြုကာ ၊ ပွဲကို အလေးအနက် ချဉ်းကပ်ခဲ့ပေမယ့် ၊ ၃၃ မိနစ်မှာ ထောင့်ကန်ဘောမှ တဆင့် ဧည့်သည် မော်ကမ်ဘီကို ဦးဆောင်ဂိုး စပေးခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရဖို့ တော့တင်ဟမ်တို့ ဟယ်ရီကိန်း ၊ လူးကပ်စ် မော်ရာ တို့ကို လူစားဝင်စေခဲ့ပါတယ် ။

၇၄ မိနစ် အရောက်မှာ ဟယ်ရီဝင့်ခ်ရဲ့ တိုက်ရိုက် ဖရီးကစ် ကန်ချက်မှတဆင့် တော့တင်ဟမ်တို့ ချေပဂိုး စရခဲ့ပြီး ၊ ပွဲပြီးခါနီး ၅ မိနစ် အတွင်းမှာ လူစားဝင် ကစားသမား ၂ဦး ဖြစ်တဲ့ မော်ရာနဲ့ ကိန်းတို့က တော့တင်ဟမ် အတွက် အနိုင်ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ပါတယ် ။

ကြားရက်က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့မှာ ချဲလ်ဆီးကို ဆိုးရွားတဲ့ ကစားပုံနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၊ ဒီနိုင်ပွဲ ဟာ တော့တင်ဟမ်ရဲ့ ယုံကြည်မှုကို တမျိုးတဖုံ ပြန်တက်စေဖို့ အထောက်အကူ ပေးခဲ့ပေမယ့် ၊ မော်ကမ်ဘီလို အသင်းမျိုးကို အတော်လေး ကြိုးစား ကစားခဲ့ပြီးမှ အနိုင်ရခဲ့ခြင်း ဟာ နည်းပြ ဖြစ်သူ ကွန်တီ အတွက်တော့ အားရစရာ မဟုတ်ခဲ့ပါဘူး ။

ပွဲအပြီး အင်တာဗျူးမှာ ကွန်တီ က ၄င်းတို့ဟာ မော်ကမ်ဘီကို ဒီထက် ပိုကောင်းတဲ့ ကစားဟန် ၊ ဒီထက် ပိုများတဲ့ ဂိုးတွေနဲ့ နိုင်ခဲ့သင့်ကြောင်း ဝန်ခံတဲ့ အနေနဲ့ ” အဆုံးမှာ ကျွန်တော် အရိုးသားဆုံး ပြောရရင် ၊ ဒီနေ့ပွဲ ရလဒ် အပေါ် ကျွန်တော်တို့ အနည်းငယ် စိတ်ပျက်ခဲ့သင့်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့သင့်တယ်လို့ ယူဆမိလို့ပါ ။ ”

” ဒါပေမယ့် နောက်တဆင့် တက်ရောက်ဖို့ဟာ ကျွန်တော်တို့ရဲ့ ပစ်မှတ် ဖြစ်သလို ၊ ဒီနေ့ပွဲမှာ ကစားခွင့် သိပ်မရတဲ့ အသင်းသားတွေ အတွက် အခွင့်အရေး ပေးရာ ရောက်ခဲ့ပါတယ် ။ နောက်ပြီး ကျွန်တော်တို့ဟာ အခုလို ပွဲဆက်များတဲ့ ကာလမှာ ကစားသမား တချို့ကို ရသလောက် အချိန် ရသလောက် အနားပေးနိုင်ဖို့လည်း ပစ်မှတ်ထားပါတယ် ။ ”

” အဆုံးမှာ ဒီနေ့ပွဲ တခုလုံး ခြုံပြောရရင် ခြေစွမ်း က အိုကေတယ် ဆိုရုံလောက်ပါပဲ ။ ဒါပေမယ့် လိုချင်တဲ့ ပစ်မှတ် ဖြစ်တဲ့ နောက်တဆင့်ကို တက်ခဲ့တာ ဖြစ်လို့ ၊ အားလုံး အဆင်ပြေပါတယ် ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ တော့တင်ဟမ် ပရိသတ်တွေဟာ လူစားလဲခံခဲ့ရတဲ့ ကွင်းလယ်လူ အန်ဒွန်ဘီလီရဲ့ လေးလံတဲ့ လမ်းလျှောက်မှု အပေါ် boo လုပ်ခဲ့ကြပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ကွန်တီ က ” ဒီလို အခြေအနေမျိုး ဟာ ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ် ။ တယောက်ယောက် က ခင်ဗျား အပေါ် စိတ်ပျက်နေပြီဆိုရင် ၊ ခင်ဗျားဟာ ကိုယ်ပိုင် အမြင်ကို ပြောင်းလဲဖို့ ကြိုးစားရအောင် အထိ ကောင်းရပါမယ် ။ ”

” ကျွန်တော် ကိုယ်တိုင်လည်း ကစားသမား တယောက် ဖြစ်ခဲ့ဖူးပြီး တခါတလေမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် အပေါ် တစုံတယောက် က မကျေမနပ် ဖြစ်ခဲ့တာမျိုး ကြုံခဲ့ရဖူးပါတယ် ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဘဝပါ ။ နောက်တပွဲကျမှ ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပြန်လာဖို့ ကြိုးစားရမှာက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ ။ ”

” ကျွန်တော်တို့ရဲ့ ကစားပုံ ၊ ရလဒ်တွေ ကောင်းနေရင် ပရိသတ်တွေ ပျော်ရွှင်ကြပါမယ် ။ မကောင်းရင်တော့ သူတို့ စိတ်ပျက်ကြမှာပါပဲ ။ ဒါဟာ ဘောလုံးပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR