လာလီဂါကလပ်မှာ ခြေစွမ်းပြလျက် ရှိနေတဲ့ တိုက်စစ် ကစားသမားကို ခေါ်ယူရန် လီဗာပူးကို ပြောလိုက်တဲ့ ပေါလ်ရော်ဘင်ဆင်

အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်း ဖြစ်သူ ပေါလ်ရော်ဘင်ဆင်က ဗီလာရီးရဲယ် စတား အားနော့ဒမ်ဂျူးမားဟာ လီဗာပူးရဲ့ တိုက်စစ်ပိုင်း အတွက် အရမ်းကို ကောင်းတဲ့ အင်အား ဖြည့်တင်းမှု ဖြစ်လာနိုင်တယ်လို့ ယုံကြည် နေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီက ဘုန်းမောက် ကနေ ဗီလာရီးရဲယ်ကို ပြောင်းရွေ့လာခဲ့ပြီးနောက် လာလီဂါ ကလပ်မှာ ခြေစွမ်းပြ ကစားလျက် ရှိနေတဲ့ နယ်သာလန် လက်ရွေးစင်ကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

ဒန်ဂျူးမားဟာ ဗီလာရီးရဲယ် အတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၉ ဂိုး သွင်းပေးထားခဲ့ကာ အဆိုပါ သွင်းဂိုးတွေထဲက ၄ ဂိုးကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ဖြစ်ပြီး အူနိုင်းအမ်မရီရဲ့ အသင်းဟာ နောက်ဆုံး ၁၆ သင်း ရောက်အောင် ကောင်းစွာ ကူညီ ပေးထားခဲ့ ပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ဘယ်တောင်ပံ ဒါမှမဟုတ် အထောင် တိုက်စစ်မှုး အဖြစ် ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။

ရော်ဘင်ဆင်က လီဗာပူးတို့ ဒန်ဂျူးမားကို ခေါ်ယူလိုက်မယ် ဆိုရင် နယ်သာလန် စတား အနေနဲ့ စစရောက်ခြင်း မှာတော့ ဆာဒီယိုမာနေး နဲ့ ဒီယေဂိုဂျိုတာ တို့ကို ကျော်ကာ ပွဲထွက်ခွင့် ရနိုင်အုံးမှာ မဟုတ်ဘူးလို့ ယုံကြည် နေပါတယ်။ ဒါပေမယ့်လည်း စပါး ဂိုးသမားဟောင်းက ဒန်ဂျူးမားဟာ ယာဂန်ကလော့ရဲ့ လူစာရင်းကို အရည်အသွေး ပိုမြင့်စေမယ့် အပြင် အရန်အင်အား ပိုတောင့်တင်း စေမှာ ဖြစ်တယ်လို့ ဆိုသွား ပါတယ်။

ရော်ဘင်ဆင်က “ဒန်ဂျူးမားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက အူနိုင်းအမ်မရီရဲ့ လက်အောက်မှာ ကောင်းကောင်း လုပ်ပြ ထားခဲ့တဲ့ ဗီလာရီးရဲယ် အသင်းမှာ အကောင်းဆုံး ကစားပြလျက် ရှိနေပါတယ်။ သူဟာ လီဗာပူးရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ချက်ချင်း ဆိုသလို နေရာ ရသွားမယ့် ကစားသမားလို့တော့ ကျွန်တော် မထင်မိပါဘူး။

လီဗာပူးလို ပြိုင်ပွဲ ၄ ပွဲမှာ ယှဉ်ပြိုင် နေရတဲ့ ကလပ် အတွက် တစ်ရာသီမှာ ကစား သွားရမယ့် ပွဲစဉ်တွေက အများကြီး ဖြစ်ပါတယ်။ ဒ့ါကြောင့် သူ လီဗာပူးကို ပြောင်းရွေ့ ခဲ့မယ် ဆိုရင် အခန်းကဏ္ဍ တစ်ခု ကနေ ပါ၀င်ခွင့် ရမှာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ သေချာပေါက် ပါ၀င်မယ့် ကစားသမားတွေ ထဲက တစ်ဦးတော့ မဟုတ်ပေမယ့် သူဟာ ဒီအသင်းကို အရည်အသွေးတွေ ထပ်ပြီး အားဖြည့် ပေးနိုင်မယ့် ကစားသမား တစ်ဦး ဆိုတာ ကတော့ သေချာ ပါတယ်။

သူ့ရဲ့ ကစားဟန်ဟာ ကလော့ရဲ့ system နဲ့ အံ၀င်ခွင်ကျ ဖြစ်လိမ့်မယ်လ်ို့ ကျွန်တော် မြင်နေ ပါတယ်။ သူဟာ လီဗာပူးမှာ ကောင်းကောင်း လုပ်ပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဗီလာရီးရဲယ် အသင်းဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာတော့ ဒန်ဂျူးမား အတွက် ဘယ်လို ကမ်းလှမ်းမှုမျိုးကို မဆို လက်ခံ စဉ်းစား သွားမှာ မဟုတ်ဘူးလို့ သိရပြီး လာမည့် နွေရာသီ အပြောင်းအရွေ့မှသာ ဒီကိစ္စနဲ့ ပက်သက်ပြီး လက်ခံ စဉ်းစား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

SM