လစာ ပိုပေးခဲ့တဲ့ မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ အကြောင်းကို ဖွင့်ဟရင်း ၊ ချဲလ်ဆီး ဟာ သူ့ရဲ့ စတုတ္ထ ဦးစားပေး ရွေးချယ်စရာ ကလပ် ဖြစ်ကြောင်း ဆိုလာတဲ့ လူကာကူ

ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ တမြန်နေ့က ဖော်ပြခဲ့တဲ့ Sky Italia ရဲ့ အင်တာဗျူး ပထမပိုင်းမှာ ချဲလ်ဆီး အသင်းမှာ သူ မပျော်ရွှင်တော့တဲ့ အကြောင်း ပေါ်တင် ဖွင့်ဟခဲ့သလို ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ် ရွေးချယ်မှုကိုလည်း မနှစ်သက်ကြောင်း ပေါ်တင် ဝေဖန်ခဲ့ပါတယ် ။

ဒီ အင်တာဗျူး ပထမပိုင်း ထွက်ပေါ်လာပြီးနောက် ၊ ချဲလ်ဆီး ပရိသတ်တွေဟာ လူကာကူ အပေါ် ယမ်းပုံမီးကျ ဒေါသထွက်ခဲ့ကြသလို ၊ လူကာကူ ကို လာမယ့် ပွဲတွေကနေ စပြီး အရန်ခုံ ပို့ပစ်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ် ။

အင်တာဗျူး ဒုတိယပိုင်းမှာတော့ လူကာကူ ဟာ အခြေအနေကို ဒီထက် ပိုပြီး အသေးစိတ် ပြောဆို ဖွင့်ဟခဲ့ကာ ၊ ထိုအထဲမှာ ချဲလ်ဆီး ပရိသတ်တွေကို ပိုပြီး စိတ်ပျက်စေမယ့် ဖြေကြားမှု အချို့လည်း ပါဝင်ခဲ့ပါတယ် ။ ပထမဆုံး အနေနဲ့ ၄င်းဟာ ချဲလ်ဆီးသို့ ပြန်မပြောင်းလာခင် ၊ မန်စီးတီး အသင်းရဲ့ ကမ်းလှမ်းမှုကို အရင် ရခဲ့ကြောင်း ဆိုပါတယ် ။

မန်စီးတီး ဟာ လူကာကူ အင်တာသို့ စရောက်တဲ့ ပထမနှစ် ကုန်ခါနီးမှာ လက်ရှိ ချဲလ်ဆီး အသင်းမှ ပေးနေတဲ့ တပတ်လုပ်ခထက် ပိုများတဲ့ လစာ ကမ်းလှမ်းချက်နဲ့ ၄င်းကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ လူကာကူ ဟာ ထိုစဉ်က အင်တာမီလန်မှာ ဆက်နေချင်သေးတဲ့ အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို တွေဝေခြင်း မရှိပဲ ပယ်ချခဲ့ပါတယ် ။

ဒါ့အပြင် လူကာကူ က သူဟာ ချဲလ်ဆီး ပရိသတ် တဦး ဖြစ်သည့်တိုင်အောင် ၊ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကိုသာ မရရင် ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ တို့ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိတဲ့ အကြောင်းလည်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လူကာကူ က ” ကျွန်တော် အင်တာမှာ ရှိနေခဲ့တဲ့ ပထမနှစ် ကုန်ခါနီးမှာ မန်စီးတီးရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ်ခဲ့ဖူးပါတယ် ။ သူတို့ရဲ့ လစာ ကမ်းလှမ်းချက် ဟာ ဒီနှစ် နွေရာသီ ချဲလ်ဆီးက ပေးတဲ့ လစာထက်တောင် ပိုများပါသေးတယ် ။ ဒါကို ဘာကြောင့် ပယ်ချခဲ့ရတာလဲ ဆိုတော့ အဲဒီအချိန် ဟာ အင်တာ က ထွက်ခွာဖို့ အချိန်ကောင်း မဟုတ်ခဲ့လို့ပါ ။ ”

” အင်တာကနေ ကျွန်တော် မထွက်ခွာချင်ခဲ့ပါဘူး ။ အင်တာ အတွက် ကောင်းတာ တခုခု ကျွန်တော် လုပ်ပေးချင်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ အင်တာ ဟာ ကျွန်တော့ရဲ့ ကစားသမား ဘဝ ကို အတိုင်းအတာ တခု အထိ ကယ်တင်ပေးခဲ့လို့ပါ ။ မန်ချက်စတာ ယူနိုက်တက်မှာ ကျွန်တော်ရဲ့ ခြေစွမ်း ဟာ ဟိုးအဝီစိအောက် အထိ ရောက်ခဲ့ပါတယ် ။ ”

” မန်ချက်စတာ မှာ အရာရာ အဆင်မပြေခဲ့တဲ့ အချိန်မှာ အင်တာ ဟာ ကျွန်တော့ကို အကြီးစား ရင်းနှီးမြှုပ်နှံမှု တခု လုပ်ပြီး ခေါ်ယူပေးခဲ့ပါတယ် ။ ဒါပေမယ့် ကြီးကျယ်တဲ့ အရာတွေကို ကျွန်တော်တို့ အတူတကွ စွမ်းဆောင်နိုင်ခဲ့ကြပါတယ် ။ နောက်တနှစ်မှာ ကျွန်တော်တို့ စကူဒက်တို ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ”

” အဲဒီမှာ ကျွန်တော် ဟာ ကလပ် တာဝန်ခံတွေဆီ သွားပြီး စာချုပ်သစ် ကိစ္စ အတွက် သွားရောက် ဆွေးနွေးခဲ့ပါတယ် ။ ကျွန်တော် ဟာ အသက် ၂၈နှစ် အရွယ် ရောက်နေတာ ဖြစ်သလို ၊ ကျွန်တော့ မိသားစုဟာလည်း မီလန်မှာ နေထိုင်ရတာ ပျော်ရွှင်နေကြပါတယ် ။ အခုအချိန် အထိ ကျွန်တော့ အမေနဲ့သား လာပြီး နေလို့ရအောင် ဆိုပြီး တိုက်ခန်း တလုံးကို မရောင်းပဲ ထားထားပါသေးတယ် ။ ”

” ဒါပေမယ့် သူတို့က ကျွန်တော့ကို စာချုပ်သစ် ထပ်မချုပ်ချင်ခဲ့ပါဘူး ။ အင်တာမှာ ဆက်နေဖို့ အလားအလာ က မရှိခဲ့ပါဘူး ။ ဒါကို လက်ခံနိုင်ဖို့ ကျွန်တော့ အတွက် ခဲယဉ်းခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ မီလန်မှာ ကျွန်တော် နောက်ထပ် နှစ်အနည်းငယ် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့်ပါ ။ ”

” ကျွန်တော့ရဲ့ အတွေးထဲမှာ တကယ့် အကြီးမားဆုံး ထိပ်တန်း အသင်း ၃သင်းပဲ ရှိပြီး ၊ အဲဒါတွေကတော့ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ဖြစ်ပါတယ် ။ ကစားသမားတိုင်း ဟာ အဲဒီထဲက တသင်းသင်းမှာ ကစားဖို့ အိပ်မက် ကိုယ်စီ ရှိကြပါတယ် ။ ”

” ဒီတော့ အင်တာဖက်ကသာ စာချုပ်သစ် ကမ်းလှမ်းခဲ့မယ် ဆိုရင် စာချုပ်ချုပ်ပြီး ၊ နောက်၁နှစ် ၊ ၂နှစ်လောက် ကစားပြီးတာနဲ့ ခုနက ကလပ် တသင်းသင်းဆီ ပြောင်းမယ်လို့ စဉ်းစားခဲ့တာပါ ။ ဒါပေမယ့် ထင်ထားသလို မဖြစ်ခဲ့ပါဘူး ။ ဒီတော့ ကျွန်တော့ အတွက် အဖြစ်နိုင်ဆုံး ရွေးချယ်စရာ က ချဲလ်ဆီးပဲ ကျန်ပါတော့တယ် ။ ”

” အစကတော့ ကျွန်တော် အဲဒီကို ပြောင်းဖို့ မစဉ်းစားခဲ့ပါဘူး ။ ဒါပေမယ့် အချိုးအကွေ့ တခုကို ရောက်လာတဲ့အခါ ၊ နည်းပြသစ် ဖြစ်တဲ့ အင်ဇာဂီဆီ ကျွန်တော် အသင်းပြောင်းဖို့ သွားရောက် တောင်းဆိုခဲ့ပါတယ် ။ သူတို့ဖက်က စာချုပ်သစ် ချုပ်ဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့တာ က ကျွန်တော့ကို စိတ်ကွက်စေခဲ့ပါတယ် ။ ”

” အကယ်၍ အင်တာကသာ ကျွန်တော့ကို စာချုပ်သစ် ကမ်းလှမ်းမယ် ဆိုရင် ပြောနေစရာ မလိုပဲ ၊ အဲဒီမှာ ကျွန်တော် ရာနှုန်းပြည့် ဆက်နေပါတယ် ။ နောက်ပြီး အင်္ဂလန်မှာ ၈နှစ်ကြာ ကစားခဲ့ပြီး ၊ ဘာအောင်မြင်မှုမှ မရခဲ့တာကလည်း ကျွန်တော့ကို အနည်းငယ် စနိုးစနောင့် ဖြစ်စေခဲ့ပါတယ် ။ ”

” နောက်ပြီး ချဲလ်ဆီး ဟာ ကျွန်တော် ငယ်ငယ်ကတည်းက အားပေးခဲ့တဲ့ ကလပ် ဖြစ်တဲ့ အတွက် ၊ ဒီကို ဒုတိယ တကြိမ် ပြန်လာဖို့ကို ငြင်းဆန်ဖို့ မလွယ်ကူခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR