လက်ထောက်နည်းပြ ပက် လင်ဒါလဲ ကိုဗစ် ကူးစက်ခံရကြောင်း ကြေငြာလိုက်တဲ့ လီဗာပူး

လီဗာပူး ဟာ မနေ့ကပဲ ကိုဗစ် ကူးစက်မှုနှုန်းတွေ မြင့်တက်သွားခဲ့လို့ စီနီယာ အသင်းကြီး လေ့ကျင့်ခန်း အစီအစဉ်တွေကို ဖျက်သိမ်းထားရတာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စကြောင့် ကာရာဘောင် ဖလား အကြိုဗိုလ်လုပွဲစဉ် ၊ အာဆင်နယ် နဲ့ ကစားမယ့်ပွဲကို ကစားပေးနိုင်ဖွယ် မရှိလို့ ပြိုင်ပွဲ တာဝန်ရှိသူတွေ ထံ ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့ ဆေးစစ်ချက် ရလာဒ်တွေမှာလဲ နောက်ထပ် Positive တစ်ယောက် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ သူက ကလော့ပ် မကြီးကြပ် နိုင်တဲ့ အချိန်မှာ အသင်းကို ယာယီ တာဝန်ယူထားတဲ့ လက်ထောက်နည်းပြ ပက် လင်ဒါ ဖြစ်ပါတယ်။

နယ်သာလန်သားကြီး ဟာ အာဆင်နယ် နဲ့ မကစားမီ ဒီညနေမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင်ဖို့ စီစဉ်ထားပေမယ့် ၊ ကိုဗစ် ပြသနာ ပေါ်ပေါက်လာခဲ့လို့ အဲဒီ အစဉ်လဲ ဖျက်သိမ်းလိုက်ရပါတယ်။

လီဗာပူး ကတော့ ပက် လင်ဒါဟာ မနေ့ က ထွက်ပေါ်ခဲ့တဲ့ Positive တွေ နဲ့ လုံး၀ သက်ဆိုင်ခြင်း မရှိပဲ ၊ ဒီနေ့မှ ထပ်မံ ကူးစက်ခံလိုက်ရတာ ဖြစ်လို့ အခိုင်အမာ ဖော်ပြထားပါတယ်။ ဒါကြောင့် လီဗာပူး ကလပ် အတွင်းမှာပဲ ကိုဗစ် ကူးစက်ခံရမှုဟာ ဆက်တိုက် ပြန့်နှံ့နေပြီ ဆိုတာ ဖြစ်နိုင် တော်တော်များများ နဲ့ ကောက်ချက် ချလို့ ရနေပါပြီ။

ကွင်းလယ် ကစားသမား တီယာ ၊ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အယ်လီယော့ ၊ အိုရီဂီ ၊ တာကီ မီနာမီနို တို့ အပြင် ခံစစ်မှုး နက် ဖီးလစ် တို့ကလဲ ဒဏ်ရာ ပြသနာတွေ နဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ဆာလာ ၊ မာနေး ၊ ကီတာ တို့က အာဖရိက ဖလား ပြိုင်ပွဲဆီ ထွက်ခွာသွားပြီ ဖြစ်လို့ ၊ အသင်းရဲ့ သမား စာရင်းမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ တိုက်စစ် ကစားသမား ဆိုလို့ ဂျော်တာ တစ်ဦးသာ ကျန်ခဲ့ပါတယ်။

သူကလဲ ကိုဗစ် ကူးစက်ခံရတဲ့ အထဲမှာ ပါဝင်သွားမလား ဆိုတာ မသိရသေးပြန်ပါဘူး။ လက်ရှိ အချိန်ထိ ကလပ် အသင်းရဲ့ တရားဝင် ထုတ်ပြန် ကြေငြာချက်မှာတော့ ကလော့ပ် ၊ ပက် လင်ဒါ ၊ ဖာမီနို ၊ အလီဆွန် ၊ မာတစ် နဲ့ အခြား ဝန်ထမ်း သုံးယောက် ကူူးစက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် လီဗာပူး ရဲ့ တရားဝင် ကိုဗစ် ကူးစက်ခံရမှု + ဒဏ်ရာရ စာရင်း + အာဖရိက ဖလား ဆင်နွှဲသွားတဲ့ ကစားသမား စာရင်း အကုန်ကို ပေါင်းလိုက်မယ် ဆိုရင် 13 ယောက် အထိ ရှိနေခဲ့ပါပြီ။

ဒီအထဲမှာ အင်္ဂါနေ့က ဆေးစစ်ချက် ရလာဒ် မှာ ဘယ်သူတွေ Positive ဖြစ်ခဲ့လဲ ဆိုတာ မပါဝင်သေးပါဘူး။ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကိုတောင် ဖျက်သိမ်းလိုက်ရတဲ့ အထိ ဖြစ်ခဲ့တာမို့ အဲဒီ စာရင်းကလဲ မသေးလောက်ပါဘူး။

ဒါကြောင့် လီဗာပူး ဟာ အာဆင်နယ် နဲ့ ကစားမယ့် ကာရာဘောင် ဖလား အကြို ဗိုလ်လုပွဲ စဉ်ကို ရက်ရွှေ့ဆိုင်းပေးဖို့ တရားဝင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်တော့ ပြိုင်ပွဲ တာဝန်ရှိသူတွေ က အဲဒီ တောင်းဆိုချက် အပေါ် တရားဝင် တုန့်ပြန်ခြင်း မရှိသေးပါဘူး။

SM