ရှုံးထွက်ဖလားပွဲတွေမှာ ခြင်္သေ့ပြာတို့ ဆက်လက် ပန်းပန်ဆဲ ဖြစ်တဲ့ ချဲလ်ဆီး ၅ – ၁ ချက်စတာဖီးလ် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား တတိယအဆင့်ပွဲမှာ ချဲလ်ဆီး အသင်း ဟာ non-league ကလပ် ချက်စတာဖီးလ် အသင်းကို ၅ – ၁ နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ စတုတ္ထအဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – မားကပ်စ် ဘက်တင်နယ်လီ ( Rating – 6 )

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း အလွတ်နဲ့ ရောက်လာခဲ့တဲ့ သောမတ်စ် တူချယ်ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်တဲ့ ဘက်တင်နယ်လီ ဟာ မနေ့ညက ပွဲမှာ သူ့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ပွဲထွက်ခွင့်ကို ရခဲ့ပေမယ့် ၊ ပွဲပြီးခါနီးမှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် Clean Sheet ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိပါဘူး ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 8 ) ၊ မာလန်းဆား ( Rating – 7 ) ၊ လူးဝစ်ဟောလ် ( Rating – 9 )

တူချယ်ရဲ့ နောက်ထပ် ခံစစ် ၃ယောက်တွဲ အခင်းအကျင်း ဟာ ပထမပိုင်းမှာ ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ ပြိုင်ဖက်ကို သာသာယာယာ ဟန့်တားနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ခရစ်တန်ဆန် လူစားလဲခံခဲ့ရပြီးနောက် ၊ အနည်းငယ် မငြိမ်မသက် ဖြစ်ခဲ့တာကို တွေ့ရပါတယ် ။

အထူးသဖြင့် ချက်စတာဖီးလ်ကို ပေးခဲ့ရတဲ့ ချေပဂိုးမှာ မာလန်းဆားရဲ့ အတွေ့အကြုံ နည်းပါးမှုနဲ့ awareness မလုံလောက်မှုကို မြင်ခဲ့ရပါတယ် ။ သို့ပေမယ့်လည်း ၄င်းဟာ အရေးပါတဲ့ အမြင့်ဘော ရှင်းထုတ်မှု အနည်းငယ်နဲ့ ပြိုင်ဖက် တိုက်စစ်မှူးတွေနဲ့ one vs one စိန်ခေါ် ကစားနိုင်ခဲ့တာကိုတော့ တွေ့ရပါတယ် ။

နောက်ကျောဒဏ်ရာကနေ ပြန်လာတဲ့ ခရစ်တန်ဆန် ကတော့ ဒုတိယပိုင်းရဲ့ မိနစ်အနည်းငယ်ခန့် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ကာ ၊ ခံစစ် စွမ်းဆောင်ရည် အရ အမှားအယွင်း ကင်းခဲ့ကာ ၊ စတုတ္ထ ဦးဆောင်ဂိုးကိုလည်း တည်တည်ငြိမ်ငြိမ် ခေါင်းတိုက် သွင်းယူခဲ့ပါတယ် ။

ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဆယ်ကျော်သက် နောက်ခံလူ လူးဝစ်ဟောလ် ကတော့ ခံစစ် တိုက်စစ် အံ့မခန်း ဟန်ချက်ညီညီ ထိန်းကစားနိုင်ခဲ့ပြီး ၊ ချက်စတာဖီးလ်ရဲ့ တိုက်စစ်ဆင်မှု အချို့ကို တကိုယ်တော် ဟန့်တားပြနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းဟာ လူကာကူရဲ့ တတိယမြောက် ဦးဆောင်ဂိုး အတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ဟာကင် ဇီယက်ခ်ျ ၊ မတ်တီယို ကိုဗာဆစ် ( Rating – 8 ) ဆာအူးလ် နီဂွက်ဇ် ( Rating – 7 ) ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 8 )

အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်လာတဲ့ ကိုဗာဆစ် ဟာ ပထမပိုင်း တပိုင်းလုံး ချဲလ်ဆီးရဲ့ ကွင်းလယ် ကို ဦးဆောင်မှု အပြည့်ပေးခဲ့ပြီး ၊ တကိုယ်တော် လိမ်ခေါက် ထိုးဖောက်မှုတွေနဲ့ အတူ လူကာကူနဲ့လည်း one-two အချိတ်အဆက် မိခဲ့ပါတယ် ။

ပုံစံကောင်းတွေ စရနေတဲ့ ဆာအူးလ် ဟာလည်း အစောပိုင်း မိနစ်က စိတ်လောလွန်းတဲ့ ဖြတ်ထုတ်မှုကြောင့် အဝါထိခဲ့ပေမယ့် ၊ လက်ကျန် ပွဲချိန်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဘောလုံး တားဆီးမှု အချို့ လုပ်နိုင်ခဲ့ကာ ၊ ကိုဗာဆစ် လူစားလဲခံလိုက်ရတဲ့ အချိန်မှာလည်း ကွင်းလယ် အဖျက် တာဝန်ကို ယူပေးနိုင်ခဲ့ပါတယ် ။

Natural position မဟုတ်ပေမယ့် wing-back ၂နေရာမှာ ကစားခဲ့ကြတဲ့ အိုဒွိုင်းနဲ့ ဇီယက်ခ်ျ တို့ဟာ အထူး ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ သွင်းဂိုး ကိုယ်စီ ရခဲ့ကြပါတယ် ။ non-league အသင်း တသင်းနဲ့ ရင်ဆိုင်ရတာ ဖြစ်လို့ ၊ ခံစစ် ရှုထောင့် အရ ၄င်းတို့ ၂ဦးလုံး ထွေထွေထူးထူး အာရုံစိုက်စရာ မလိုပဲ ၊ တိုက်စစ်ကို စိတ်အေးလက်အေး လိုက်ပါ ကစားနိုင်ခဲ့ကြပါတယ် ။

တိုက်စစ် – တီမို ဗာနာ ၊ ရိုမီလူ လူကာကူ ( Rating – 8 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 7 )

ဂိုးပေါက် ပျောက်နေလို့ ယုံကြည်မှု ကျဆင်းနေတဲ့ တီမို ဗာနာ အတွက်ကတော့ မနေ့ညက ပွဲမှ စောစောစီးစီး ရခဲ့တဲ့ အဖွင့်ဂိုး ဟာ ၄င်းကို ယုံကြည်မှု တမျိုးတဖုံ မြင့်တက်စေမယ်လို့ ယူဆရပါတယ် ။ ပွဲအစအဆုံး ပါဝင်ပေးခဲ့ပြီး ၊ တန်ပြန်တိုက်စစ်တွေကနေ ဂိုးသွင်းခွင့် ၂ကြိမ်လောက် ထပ်ရခဲ့ပေမယ့် ၊ အဆုံးမသတ်နိုင်ခဲ့ပါဘူး ။

အလားတူ အင်တာဗျူး ကိစ္စကြောင့် ရက်အနည်းငယ်ကြာ ပြဿနာ တက်ခဲ့တဲ့ လူကာကူ ဟာလည်း ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ဂိုးလိုခဲ့ပြီး ၊ တတိယမြောက် ဦးဆောင်ဂိုးကို အဆုံးသတ်ပေးခဲ့တယ် ဆိုပေမယ့် ၊ သူ့မှာ ရှိတဲ့ အရည်အချင်းမျိုးနဲ့ အဆုံးသတ်လို့ ရနိုင်တဲ့ half-chance ၃ ၊ ၄ကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့ပါသေးတယ် ။

ပထမပိုင်းမှာ ကွင်းလယ်တိုက်စစ် ၊ ဒုတိယပိုင်းမှာ ညာတောင်ပံ ကစားခဲ့တဲ့ ပူလီဆစ် ဟာ ပွဲချိန် အချို့မှာ အခန်းကဏ္ဍ ပျောက်ဆုံးနေသလို ဖြစ်ခဲ့ပေမယ့် ၊ ဇီယက်ခ်ျရဲ့ ပင်နယ်တီဂိုး မှာ ၄င်းကို ချက်စတာဖီးလ် နောက်ခံလူမှ ပြစ်ဒဏ် ကျူးလွန်လို့ ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမားများ – ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ကိုင်ဟာဗက်ဇ် ၊ ဟာဗီဗေးလ် ( Rating – 6 ) ၊ လူးဝစ် ဘိတ်ကာ ၊ ရော့စ်ဘာကလေ ( Rating – 5 )

SPORTS MYANMAR