ရှရူးဘူရီကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ လူငယ်ကစားသမား ၂ ဦးကို အထူး ချီးကျူးလိုက်တဲ့ ကလော့

ယာဂန်ကလော့က မနေ့ညက ရရူးဘူရီကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ် အပေါ် ကျေနပ်မိတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ အန်ဖီးမှာ ကစားခဲ့တဲ့ တတိယအဆင့် ပွဲစဉ်မှာ ဒန်နီရယ်အူဒို့ရဲ့ ၂၇ မိနစ် သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း ဖာဘင်ညို (၂ ဂိုး) ၊ ဂေါ်ဒွန် နဲ့ ဖာမီနို တို့ရဲ့ ဂိုးတွေနဲ့ ပြန်လာ နိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် လီဗာပူးဟာ လာမည့်လမှာ ကစားရမယ့် အက်ဖ်အေဖလား စတုတ္တအဆင့် ပွဲစဉ်မှာ ကာဒစ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကလော့ဟာ ဒီပွဲစဉ် အပြီးမှာ လီဗာပူး လူငယ်ကြယ်ပွင့် နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အထူး ချီးကျူး သွားခဲ့ပါတယ်။

ကလော့က “ဂေါ်ဒွန် နဲ့ ကော်နာဘရက်ဒလေ တို့ရဲ့ ခြေစွမ်းအပေါ် ကျွန်တော် ၀မ်းမြောက်မိပါတယ်။ သူတို့ နှစ်ဦးဟာ ဒီထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်သေးတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ မြင့်မားတဲ့ အရည်အသွေးတွေ ရှိနေလို့ပါ။ ကျွန်တော် ဒီနေ့ရဲ့ ကိစ္စတော်တော်များများကို ကျေနပ်ပါတယ်။ ကော်နာဟာ သူ အနာဂတ်မှာ ဘယ်လောက်ကောင်းလာနိုင်သလဲ ဆိုတာ ပြသခဲ့ပါတယ်။

ကိတ် (ဂေါ်ဒွန်) ရဲ့ အဆုံးသတ်ပိုင်းဟာ ရင့်က်ျမှု ရှိပြီး သူ့ရဲ့ အဆုံးသတ်တွေဟာ တကယ်ကောင်းပါတယ်။ ဒါပေမယ့် ကျန်တဲ့ နေရာတွေ မှာတော့ သူဟာ ကလေးပဲ ရှိပါသေးတယ်။ သူ့အနေနဲ့ တောင်ပံတိုက်စစ် နေရာမှာ တိုးတက်လာနိုင်တဲ့ အပိုင်းတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် သူတို့ နှစ်ဦးရဲ့ ကစားပုံ အတွက် ကျွန်တော် တကယ် ပျော်ပါတယ်။ ဒီနေ့မှာ သူတို့ဟာ နိုင်ပွဲအတွက် အများကြီး အထောက်အကူ ပြုခဲ့ကာ ပထမဂိုးကလည်း သူတို့ ၂ ဦးရဲ့ တွဲလုံးကနေ ရလာခဲ့တာပါ။ ဒီနေ့မှာ ကောင်းမွန်တဲ့ ပုံပြင်လေးတွေ အများကြီး ရှိခဲ့ပါတယ်။ တအားကောင်းပါတယ်။”

အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ ဂေါ်ဒွန်ရဲ့ တည်ငြိမ်လှတဲ့ အဆုံးသတ်နဲ့ ပက်သက်ပြီး ကလော့က “ဒါဟာ ကိတ်ဂေါ်ဒွန် ပါပဲ။ သူဟာ ဒီလိုမျိုး အခြေအနေတွေမှာ တကယ့်ကို တည်ငြိမ်ပါတယ်။ သူ့ရဲ့ လက်ကျန် ကစားသမား ဘ၀ တစ်လျှောက် ဒီလိုမျိုး အခြေအနေတွေတိုင်းမှာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ သူဟာ ဒီလိုမျိုး အနေအထားတွေမှာ များသောအားဖြင့် ဂိုးရယူနိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကိတ် ဖြစ်နေလို့ ပါပဲ။ ဘယ်ခြမ်းကနေ ဖြတ်တင်ဘော ရောက်လာချိန်မှာ သူဟာ ပင်နယ်တီ ဧရိယာအတွင်းမှာ နေရာကောင်းကို ရှာထားနိုင်ခဲ့ပါတယ်။ သူ့မှာ ဒါမျိုးကို အနံ့ခံနိုင်တဲ့ စွမ်းရည်ရှိနေကာ ဒါဟာ တကယ့်ကို အကူအညီ ဖြစ်စေပါတယ်။

သူဟာ လီဗာပူး သမိုင်းတစ်လျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းသူလို့ လူတွေ ကျွန်တော့်ကို လာပြောကြပါတယ်။ ဒါဟာ တကယ့်ကို ပြောင်မြောက်တဲ့ စွမ်းဆောင်မှုပါ။ အထူးသဖြင့် အခြား တစ်ယောက်က မိုက်ကယ်အို၀င်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ သွားရမယ့် ခရီးက အဝေးကြီး လိုပါသေးတယ်။ ပြသနာ မရှိပါဘူး။ ကိတ်ကို ကျွန်တော်တို့ အချိန် လုံလောက်စွာ ပေးနိုင်ပါတယ်။ သူသာ ယခုလိုမျိုး ဆက်လက် အပြင်းအထန် ကြိုးစားနေမယ်ဆိုရင်…ဘာလို့လဲဆိုတော့ သူဟာ ကိုဗစ်ကနေ ပြန်လည် သက်သာလာခဲ့သူပါ။ သူ့အနေနဲ့ လေ့ကျင့်ခန်း ၂ ကြိမ် ၃ ကြိမ်လောက်ပဲ ဆင်းရပါသေးတယ်။ ဒါ့ကြောင့် ဒီလို ပွဲမျိုးမှာ သူ့အနေနဲ့ ခြေစွမ်းပြ ကစားဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် သူဟာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ကို ချီးကျူးပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM