ရှရူဘူရီ နဲ့ ပွဲကို ကြီးကြပ်ပေးနိုင်ဖွယ် ရှိတဲ့ ကလော့ပ်

လီဗာပူး ဟာ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ် အဖြစ် လိဂ် ဝမ်း ကလပ် ရှရူဘူရီ အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ မနက်ဖြန်ညမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ သူတို့ အသင်းမှာ ကိုဗစ် ကိုဗစ် ကူးစက်မှုတွေ ဆက်တိုက် မြှင့်တက်ခဲ့တာကြောင့် AXA လေ့ကျင့်ရေး ကွင်းကိုပါ ပိတ်လိုက်ရတဲ့ အပြင် ၊ အာဆင်နယ် နဲ့ ကစားမယ့် ကာရာဘောင် ဖလား အကြို ဗိုလ်လုပွဲစဉ် ကိုပါ ရွှေ့ဆိုင်းလိုက်ရပါတယ်။

လက်ရှိ အချိန်ထိ အသင်းမှာ ကူးဗစ် ကူးစက်မှုကြောင့် ကွာရာတင်း ဝင်နေရတဲ့ ကစားသမား အရေအတွက် များပြားနေဆဲ ဖြစ်သည့်တိုင်အောင် အက်ဖ်အေ က တော့ သူတို့ ဖလားပြိုင်ပွဲမှာ ပွဲစဉ်ဖြစ်အောင် ကစားပေးရမယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

အက်ဖ်အေ ဟာ ပရီးမီးယားလိဂ် နဲ့ ကာရာဘောင် ဖလားပွဲစဉ်တွေ ရွှေ့ဆိုင်းလိုက်တာကြောင့် သူတို့ ပွဲစဉ်တွေ အတွက် ပြန်ကန်ရက် မရမှာ စိုးတဲ့ အတွက် တစ်ကျော့စနစ် နဲ့ အဖြေထွက်အောင် ကစားဖို့အထိ စည်းမျဉ်းတွေကို ပြောင်းလဲ သတ်မှတ်ပေးထားပါတယ်။

တစ်ချိန်တည်းမှာ ပရီးမီးယားလိဂ် ၊ ကာရာဘောင် ဖလား ပြိုင်ပွဲတွေ က ယှဉ်ပြိုင်မယ့် ကစားသမား စာရင်းကို ကြိုတင် မှတ်ပုံတင်ပြီးမှ အသုံးပြုခွင့်ရှိပေမယ့် ၊ အက်ဖ်အေ ကတော့ စိတ်ကြိုက် ကစားသမား စာရင်းကို ထုတ်သုံးခွင့်ပေးထားပါတယ်။ ဒါကြောင့် အသင်းတွေ အနေနဲ့ ကိုဗစ် ကိစ္စ အကြောင်းပြလို့ မရပဲ ရှိတဲ့ ကစားသမား စာရင်းမှာ လူငယ် ချာတိတ်တွေ နဲ့ ပေါင်းစပ်ပြီး ပွဲဖြစ်အောင် ကစားရမှာပါ။

လီဗာပူး အသင်းကတော့ ဒီညနေမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို တာဝန်ယူဖို့ လက်ထောက်နည်းပြ ပီတာ ခရာဝီယက် ကို တာဝန်ပေးအပ်ခဲ့ရပါတယ်။ ကလော့ပ် နဲ့ ပက် လင်ဒါတို့ နှစ်ယောက် စလုံးဟာ ကွာရာတင်း ဝင်နေရဆဲပါ။

ကလော့ပ် ဟာ ဒီနေ့ပြီးရင် ကွာရာတင်း ရက်ပြည့်ပြီ ဖြစ်သလို ၊ လက်ရှိမှာလဲ မည်သည့် ရောဂါ လက္ခဏာမှ မပြတာကြောင့် မနက်ဖြန်ညမှာ ကစားမယ့် ရှရူဘူရီ နဲ့ ပွဲကို ကြီးကြပ်ပေးနိုင်ဖွယ် ရှိနေတယ်လို့ ပီတာ ခရာဝီယက် က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။ သို့သော် နောက်ဆုံး ဆေးစစ်ချက် ရလာဒ် က Negative အဖြေထွက်မှ ကွာရာတင်း ထွက်ခွင့်ရမှာ ဖြစ်ပြီး ၊ အဲဒီလို ထွက်နိုင်မှ ပွဲကို ကြီးကြပ်နိုင်မှာပါ။

ပီတာ ဟာ လီဗာပူး မှာ ကစားသမား အရေအတွက် ဘယ်လောက်အထိ ကူးစက်ခံလိုက်ရတယ် ဆိုတဲ့ အရေအတွက် ကို ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပြီး ၊ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့တဲ့ အပြင် ယူ 23 အသင်းကိုပါ ကူးစက်မှု တစ်ချို့ ရှိကြောင်းကို အတည်ပြုသွားခဲ့ ပါတယ်။ ဒါကြောင့် ရှရူဘူရီ နဲ့ ကစားမယ့် ပွဲစဉ်မှာ လူစာရင်း ပြည့်ဖို့ တော်တော်လေး ဖျစ်ညှစ် ဆွဲထုတ်လိုက်ရပြီး ၊ စီနီယာ ကစားသမား တစ်ချို့ နဲ့ လူငယ်တွေကို အခွင့်အရေး ပေးသွားမယ့် အကြောင်း အသိပေးသွားခဲ့ ပါတယ်။

လီဗာပူး ပရိသတ်တွေ အတွက် သတင်းကောင်း တစ်ခုက ကလော့ပ် နဲ့ အတူ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရတဲ့ ဖာမီနို ၊ အလီဆွန် ၊ မာတစ် တို့ သုံးယောက်ထဲက မာတစ် ဟာ မနေ့က လေ့ကျင့်ခန်း အစီအစဉ်တွေ ကို ပြန်လည် ပါဝင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။ ဒါ့အပြင် အငှားထွက်ကစားရင်း ဘလက်ဘန်းမှာ အောင်မြင်မှု မရလို့ လီဗာပူး ကို ပြန်ရောက်လာတဲ့ ကလာဆင် ကလဲ အက်ဖ်အေ ဖလား ဆင်နွှဲမယ့် အသင်းမှာ ပါဝင်လာနိုင်တယ်လို့ အရိပ်မြွက် ပြောဆိုသွားခဲ့ ပါတယ်။

ရှရူဘူရီ ဟာ နောက်ဆုံး ကစားခဲ့တဲ့ 4 ပွဲမှာ 3 ပွဲ နိုင် ၊ 1 ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပြီး ၊ ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်မျိုးတွေကို ပိုင်ဆိုင်လျှက် ရှိနေပါတယ်။ ဒါကြောင့် လီဗာပူး လူငယ်တွေ နဲ့ ဘယ်လို အားပြိုင်သွားမလဲ ဆိုတာ မနက်ဖြန်မှာ စောင့်ကြည့်ရမှာပါ။

SM