ရိုနယ်ဒို အတွက် အကောင်းဆုံးတွဲဘက်ကို ယူနိုက်တက် တို့ လက်လွှတ်ခဲ့တယ်လို့ အဘွန်လဟော် ဝေဖန်ပြောဆို

အက်စတွန် ဗီလာ နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂါဘရီရယ် အဘွန်လဟော် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ကီရန် ထရစ်ပီယာ ကို အရ မခေါ်ယူဘဲ နယူးကာဆယ် အသင်းထံ ပြောင်းရွှေ့ခွင့် ပြုလိုက်တာဟာ ကြီးမားတဲ့ အလွဲတခု ဖြစ်ပြီး ထရစ်ပီယာ ဟာ ရိုနယ်ဒို ကို အကောင်းဆုံး ပံ့ပိုး ပေးနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ထရစ်ပီယာ ဟာ အက်သလက်တီကို မက်ဒရစ် ကနေ နယူးကာဆယ် ကို ပြောင်းရွှေ့ လာတော့မှာ ဖြစ်ပြီး ပေါင် ၁၂ သန်း ဝန်းကျင်သာ ပေးချေ ရမှာ ဖြစ်တယ်လို့ ကြားသိရ ပါတယ် ။

အဘွန်လဟော် က ထရစ်ပီယာ ဟာ ချန်ပီယံလိဂ် အတွေ့ အကြုံ ရှိသူ တယောက် ဖြစ်သလို လက်ရှိ ယူနိုက်တက် ညာနောက်ခံလူ အာရွန်ဝမ် ဘစ်ဆာကာ ထက်လည်း ဖြတ်တင်ဘော များစွာ ပိုကောင်းသူ ဖြစ်တာကြောင့် ရိုနယ်ဒို အတွက် များစွာ အကျိုး ဖြစ်နိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

“ခင်ဗျားတို့ သတိထားမိ သလားတော့ မသိဘူးဗျ ၊ ယူနိုက်တက် ပွဲတွေ ကျွန်တော် ကြည့်လိုက်တိုင်းမှာ ရိုနယ်ဒို က ညာခြမ်း နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ပျက် နေတတ်တာ ကို သတိ ထားမိခဲ့ တယ် ။

ဝမ် ဘစ်ဆာကာ ရဲ့ ခံစစ် ကစားပုံကို ကျွန်တော် ကြိုက်ပါတယ် ။ ဒါပေမယ့် သူက ဖြတ်တင်ဘော မလုပ်တတ် ဘူးလေ”

“ဝုဗ် နဲ့ ပွဲမှာ တုန်းက ဆိုရင် ရိုနယ်ဒို ကြိုးစားပမ်းစား လိုက်ဆယ် ထားတဲ့ ဘောလုံး ကို ဘစ်ဆာကာ ဖြတ်တင်ဖို့ လုပ်ရင်း သူ့ဘယ်ခြေ ထိပ်နဲ့ ပြန်ထိုးမိပြီး ဘေးချော် ထွက်သွား ရတယ် မလား ။

မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုး အတွက် ဆိုရင်တော့ ဘစ်ဆာကာ က လုံလောက်မှု မရှိသေးဘူး လို့ ပဲ ပြောရမှာပါ ။

ကျွန်တော် နားမလည် နိုင်တာက သူတို့ ( ယူနိုက်တက် ) ဘာလို့ ထရစ်ပီယာ ကို နယူးကာဆယ် ဆီ အရောက် ခံခဲ့သလဲ ဆိုတာ ပါပဲ”

“သူက မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ နေရာ အတွက် အကောင်းဆုံး ဖြစ်လာ နိုင်ပါတယ် ။

ပေါင် ၁၂ သန်း လောက်က မန်ချက်စတာ ယူနိုက်တက် အတွက် ဘာမှ မဖြစ်ပါဘူး ၊ နယူးကာဆယ် က ပေးတဲ့ လုပ်ခ လည်း ယူနိုက်တက် တတ်နိုင်ပါတယ်”

“ထရစ်ပီယာ သာ ညာခြမ်းမှာ ဆိုရင် ရိုနယ်ဒို နဲ့ ကာဗာနီ တို့ဆီက ရလာ နိုင်မယ့် ဂိုးတွေကို စိတ်ကူးယဉ် ကြည့်လိုက်စမ်းပါ ။

ဝမ် ဘစ်ဆာကာ က ခေတ်သစ် နောက်ခံ အစွန်လူ တယောက်ပုံစံမျိုး မဟုတ်ပါဘူး ၊ အထူးသဖြင့် ထိပ်တန်း အသင်းကြီးတွေ အတွက် မသင့်တော်တဲ့ သူပါ ။

ကျွန်တော့ အမြင် ပြောရရင်တော့ ထရစ်ပီယာ ကို မခေါ်နိုင်ခဲ့ တာဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အမှားတခုပါပဲ” လို့ အဘွန်လဟော် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ထရစ်ပီယာ ကို စိတ်ဝင်စားခဲ့ ပါတယ် ။ ဒါပေမယ့် အခု ဇန်နဝါရီ မှာတော့ ပြန်လည် မကြိုးစားတော့ဘဲ ဒါဟာ နည်းပြ အပြောင်းအလဲ နဲ့ သက်ဆိုင် နိုင်တယ်လို့ သုံးသပ် ထားသူတွေ ရှိခဲ့ ပါတယ် ။

ပြောင်းရွှေ့ကြေး အနေနဲ့ကလည်း အက်သလက်တီကို မက်ဒရစ် ဟာ နွေရာသီ ( ယူနိုက်တက် စိတ်ဝင်စားနေ စဉ်က ) တုန်းက ထရစ်ပီယာ အတွက် ပေါင် ၂၅ သန်း တောင်းဆို ခဲ့တာပါ ။

ဒါပေမယ့် အခု ဇန်နဝါရီ မှာတော့ သက်တမ်း ၆ လသာ ကျန်တော့တဲ့ ထရစ်ပီယာ ကို နွေရာသီ က ဈေးရဲ့ ထက်ဝက် နဲ့ ရောင်းထုတ် သွားခဲ့ ပါတယ် ။

အာရွန်ဝမ် ဘစ်ဆာကာ ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ရတဲ့ ယူနိုက်တက် ကစားသမားတွေ ထဲက တဦး ဖြစ်ခဲ့ ပါတယ် ။

ခရစ္စတယ် ပဲလေ့စ် နောက်ခံလူဟောင်း ဟာ ဒီရာသီမှာ အသင်းဖော်တွေကို ဂိုးဖန်တီးမှု တကြိမ်မှ မပြုလုပ် ထားနိုင်သေးဘဲ ရန်းနစ် ရောက်ရှိ လာစမှာ ဒီယေဂို ဒါးလော့ ကို နေရာ ဖယ်ပေး ခဲ့ရတာမျိုး အထိ ရှိခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ ယူနိုက်တက် နဲ့ တကျော့ပြန် ရာသီမှာ ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူ ပေးထား နိုင်ပေမယ့် အသင်းဖော်တွေ ဆီကနေ ပံ့ပိုးမှုတွေ မျှော်လင့်ထားသလောက် မရရှိမှု အပေါ် အားမလို အားမရ ဖြစ်နေတာ ကို ပွဲအတော်များများမှာ မြင်တွေ့ နေခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ကြားရက်မှာ FA Cup ပွဲစဉ် အဖြစ် အက်စတွန် ဗီလာ အသင်းကို အိမ်ကွင်း မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပိတ်ရက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဗီလာ အသင်း ရဲ့ ကွင်းကို တဖန်ပြန်သွား ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR