ရိုနယ်ဒို နဲ့ မက်ဂွဲယား မပါတဲ့ မန်ယူနိုက်တက် ရဲ့ နိုင်ပွဲမှာ ဘာတွေ ထူးခြားခဲ့သလဲ ?

ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရအပြီး မှာတော့ ယူနိုက်တက် တို့ ပရိသတ်တွေကို နိုင်ပွဲ တပွဲ နဲ့ စိတ်သက်သာရာ ရစေခဲ့ ပါတယ် ။

အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ မနေ့ညက ပွဲမှာ ယူနိုက်တက် ရဲ့ ခြေစွမ်းက အကောင်းကြီး မဟုတ်ခဲ့ ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲ မှာတော့ ရလဒ်ပိုင်း အရ ကြည့်မယ် ဆိုရင် ဘန်လေ နဲ့ ပွဲပြီးရင် ဒုတိယ အကောင်းဆုံးလို့ ဆိုနိုင်ပြီး တိုက်စစ် ကစားပုံ အရ ပြောရရင်တော့ နောက်ဆုံး ၅ ပွဲမှာ အကောင်းဆုံးလို့ ဆိုနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ရန်းနစ် ဟာ ပွဲတိုင်းကျော် ရိုနယ်ဒို ကို မနေ့ညက ချန်လှပ် ခဲ့သလို အသင်းခေါင်းဆောင် မက်ဂွဲယား ၊ နွေရာသီ က ရောက်လာတဲ့ ကာလရှည်ပစ်မှတ် ဆန်ချို တို့ ကို အရန်စာရင်းထဲ တောင် ခေါ်မလာခဲ့ ပါဘူး ။

ရိုနယ်ဒို ကတော့ ဒဏ်ရာ အသေးစား ရှိနေတာကြောင့်လို့ ရန်းနစ် အကြောင်းပြခဲ့ပေမယ့် မသိနိုင်တဲ့ ကိစ္စတွေ ရှိနေနိုင် ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ရိုနယ်ဒို ၊ ဆန်ချို ၊ မက်ဂွဲယား တို့ မပါတဲ့ ပွဲမှာ ယူနိုက်တက် တို့ အရင်တုန်းက ကစားပုံမျိုး ပြန်ရ ခဲ့ပြီး နိုင်ပွဲ ရယူ နိုင်ခဲ့တာကတော့ တိုက်ဆိုင်မှု တခုထက် ပိုတယ်လို့ ဆိုရမှာပါပဲ ။

သူတို့တွေ မပါတာက ဘယ်လိုထူးခြား သွားစေခဲ့သလဲ ၊ ဘာတွေ ပြောင်းလဲ သွားစေခဲ့သလဲ ဆိုတာ ကြည့်လိုက် ကြရအောင် . . .

၁ ။ ရိုနယ်ဒို မပါတဲ့ တိုက်စစ်

နည်းပြ ရန်းနစ် ဟာ ၄-၂-၂-၂ ကို ဆက်လက် သုံးခဲ့ ပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ ၄-၂-၃-၁ ပုံစံ နဲ့ ကစားသွားခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ဟာ သူ ကျွမ်းကျင်တဲ့ No.10 Role မှာ ပြန်ကစားခဲ့ပြီး ရက်ဖိုဒ့် နဲ့ ဂရင်းဝုဒ် တို့က တောင်ပံတွေ ကို ထွက်ကာ နောက်တန်းတွေ ကို ဖောက်ထွက် နိုင်ဖို့ ကြိုးစားခဲ့ ပါတယ် ။ ကာဗာနီ ကတော့ အထောင်တိုက်စစ်မှူး နေရာကနေ ဘောလုံး ခြေထဲမရှိချိန်မှာ နောက်အထိ ဆင်းပြိး ကစားပေးသွားခဲ့ ပါတယ် ။

တိုက်စစ်ပိုင်းရဲ့ အခွင့်အရေး ရရှိမှု ကတော့ ရိုနယ်ဒို ပါတဲ့ ပွဲတွေကထက် ပိုများခဲ့တာ အသေအချာပါပဲ ။

ဂရင်းဝုဒ် သာ တကိုယ်ကောင်းဆန်တာ လျော့ခဲ့မယ် ၊ ရက်ဖိုဒ့် သာ သေချာ စိတ်နှစ်ပြီး ကစားခဲ့မယ် ဆိုရင် ယူနိုက်တက် တို့ ၂ ဂိုးလောက် ရနိုင်ပါတယ် ။

 

ရိုနယ်ဒို ရဲ့ အကြီးဆုံး အားနည်းချက် က တိုက်စစ်မှာ နေရာ အစုံ ရွေ့လျား ကစားတာပါပဲ ၊ အခြား အသင်းဖော်တွေ နဲ့ အကွက်ကျကျ မချိတ်ဆက် နိုင်သေးတဲ့ အနေအထားမှာ သူ ရောက်လာတာက အဲ့ဒိ နေရာမှာ ရှိနေတဲ့ ကစားသမားကို ဘာဆက်လုပ်ရမှန်း မသိ ဖြစ်စေပြီး တနေရာတည်းမှာ ၂ ယောက် ၃ ယောက် ထပ်သွားတာမျိုးတွေ ကို ဖြစ်စေခဲ့ ပါတယ် ။

ကာဗာနီ ကတော့ ဒီလို မဖြစ်ခဲ့ ပါဘူး ၊ တောင်ပံ သမားတွေ တောင်ပံ မှာ ရှိနေချိန်မှာဆိုရင် သူက အတွင်းမှာ ရှိနေပြီး ဂရင်းဝုဒ် တို့ အလယ်ကို ဆွဲဝင်လာရင် သူက အစွန်ဘက် ကို မသိမသာ ထွက်သွားပေး တတ်ပါတယ် ။

ဒီလို လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်မှုကြောင့် ကာဗာနီ က ရိုနယ်ဒို ထက်ပိုပြီး ယူနိုက်တက် မှာ အံဝင် နေခဲ့တာပါ ။

၂ ။ မက်ဂွဲယား မပါတဲ့ ခံစစ်

ရိုနယ်ဒို ကို အနားပေးလိုက်တာက ယူနိုက်တက် တိုက်စစ် ကစားပုံ ပိုသွက် ပိုကောင်း လာခဲ့ပေမယ့် ခံစစ် ကတော့ သိပ်ပြီး ထူးခြားမှု မရှိခဲ့ ပါဘူး ။

မက်ဂွဲယား မပါဘဲ လင်ဒီလော့ဖ် ၊ ဗာရန်း ခံစစ် အတွဲ ကို ရန်းနစ် ပွဲထုတ်ခဲ့ပါတယ် ။ ဗာရန်း က အဆင်ပြေ ပေမယ့် လင်ဒီလော့ဖ် ကတော့ ပွဲချိန် တလျောက်လုံး ဘုရားတ နေရတဲ့ အနေအထား အထိပါ ရောက်သွားခဲ့တာပါ ။

ဗီလာ ရှေ့တန်းက အိုလီ ဝက်ကင်းစ် ကို လည်း လင်ဒီလော့ဖ် တလုံးရောင်းခဲ့ ပါသေးတယ် ။ ကံကောင်းလို့ ဘားတန်းထိပြီး ပြန်ထွက်သွားရတာပါ ။

ဒီဂီယာ ပုတ်ထုတ် တာတွေ ၊ ဖမ်းပေးရတာတွေ ကိုလည်း မေ့ထားလို့ မရပါဘူး ။

အစွန် က ရှော နဲ့ ဘစ်ဆာကာ ( ပထမပိုင်းမှာ ဒါးလော့ ) တို့ရဲ့ ခံစစ် ကစားပုံတွေ ကလည်း အားရလောက် စရာ အနေအထားမျိုး မရှိခဲ့တာ အမှန်ပါပဲ ။

ခြုံပြီး ပြောရရင်တော့ ယူနိုက်တက် တိုက်စစ်မှာ ရိုနယ်ဒို ကို အမြဲ နေရာ မပေးသင့် ပေမယ့် ခံစစ် က တော့ လက်ရှိ လူတွေ နဲ့က ဘယ်သူ့ကို ထည့်သုံးသုံး တိုင်ပတ် နေဦးမယ် ဆိုတာပါပဲ ။

၃ ။ တော်မီနေး ရဲ့ အမှောင် နဲ့ အလင်း

ပွဲအစ ၈ မိနစ်မှာတင် ယူနိုက်တက် အတွက် အဖွင့်ဂိုးကို သွင်းပေး နိုင်ခဲ့တဲ့ တော်မီနေး ဟာ ပရိသတ်တွေ ရွေးချယ်တဲ့ ပွဲရဲ့ Man of the Match ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် တပွဲလုံး ခြေစွမ်းကို ခြုံပြီး ကြည့်မယ် ဆိုရင်တော့ စကော့သား ဟာ မနေ့ညက အကောင်းဆုံး ပုံစံမှာ ရှိမနေ ခဲ့ပါဘူး ။

ဘန်လေ ၊ ဝုဗ် ၊ ဗီလာ တို့ နဲ့ ကစားခဲ့တဲ့ ၃ ပွဲမှာ တော်မီနေး ဟာ အကောင်းဆုံး ၊ အညံ့ဆုံး နဲ့ သာမန် ဆိုတဲ့ ခြေစွမ်း ၃ မျိုးကို တပွဲ တမျိုး ပြသ သွားခဲ့ပါတယ် ။

လက်ရှိ မှာတော့ တော်မီနေး ဟာ ယူနိုက်တက် ကစားသမားတွေ ထဲမှာ နိုင်လိုစိတ် အပြင်းထန်ဆုံး နဲ့ အဆုံးထိ တိုက်ပွဲ ဝင်မယ့် စိတ်ဓါတ်ကောင်းတွေ ပိုင်ဆိုင် ထားသူ တယောက် အဖြစ် ပရိသတ်တွေ ရဲ့ ချစ်ခြင်း မေတ္တာကို ရရှိ ထားပါတယ် ။

ဒါပေမယ့် ဒီ မေတ္တာသက်ဝင်နေမှုတွေဟာ စိတ်ဓါတ်ပိုင်း တခုတည်းနဲ့ ကြာရှည်ခံမှာ မဟုတ်ပါဘူး ၊ ဝုဗ် နဲ့ ပွဲကလို ပုံစံမျိုးတွေ ကို မကြာခဏ မမြင်ရဘဲ ဘန်လေ နဲ့တုန်းကလို ခြေမျိုးတွေကို ပြသနိုင်မှသာ စကော့သား အနေနဲ့ ယူနိုက်တက် မှာ အကြာကြီး ကစားရမယ့်သူ ဖြစ်လာမှာပါ ။

၄ ။ ၂ မျိုး ၂ ခါ ပြန်ကြည့်ခဲ့ရတဲ့ VAR

ယူနိုက်တက် က ဗီလာ ဘက်ကို ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပေမယ့် ဗီလာ က ယူနိုက်တက် ဘက်ကို ၂ ဂိုး သွင်းနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကံမကောင်းချင်တော့ ၂ ဂိုးစလုံး ပယ်ဖျက် ခံခဲ့ရပါတယ် ။

ဗီလာ ရဲ့ ဒုတိယဂိုး မှာ အိုလီ ဝက်ကင်းစ် လူကျွံ နေတာ သိသာခဲ့ ပေမယ့် ဒန်နီ အင့်စ် ရဲ့ ပထမဂိုး ကတော့ အနည်းငယ် ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်သွားခဲ့ရ ပါတယ် ။

ဒီဂိုးကို ဂျွန်မက်ဂင်း ရဲ့ ပြစ်ဒဏ်ဘော ကနေ ကွန်ဆာ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးက တဆင့် ဒန်နီ အင့်စ် က ပိတ်သွင်း ခဲ့တာပါ ။

VAR အကြာကြီး ပြန်ကြည့် ခဲ့ရပြီး နောက်ဆုံးမှာတော့ ပယ်ဖျက် သွားခဲ့ ပါတယ် ။

အစပိုင်းက ဒန်နီ အင့်စ် ဟာ လူကျွံ အနေအထားမှာ ရှိနေတယ်လို့ ယူဆပြီး VAR ကြည့်ခဲ့ပေမယ့် လူမကျွံဘူးလို့ သတ်မှတ် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီဂိုးဟာ ခွင့်ပြုမခံခဲ့ရ ပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ ပြစ်ဒဏ်ဘော ဖြစ်သွားခဲ့တာကြောင့် ပါပဲ ။

ဗီလာ ကစားသမား ရမ်ဆေး ဟာ ကွန်ဆာ နဲ့ အပြိုင်ပြေးလာတဲ့ ကာဗာနီ ကို သိသိသာသာ ပြေးလမ်းပိတ် ခဲ့ပြီး ကွန်ဆာ ဘောလုံးကို ခေါင်းနဲ့ လွတ်လွတ် ကျွတ်ကျွျတ် တိုက်နိုင်အောင် အခွင့်အရေး ရရှိ သွားစေခဲ့တယ်လို့ ယူဆပြီး ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ် ခဲ့တာပဲ ဖြစ်ပါတယ် ။

၅ ။ ဂျရတ် ရဲ့ ပထမဆုံး မဟုတ်တဲ့ ပထမဆုံး

စတီဗင် ဂျရတ် ဟာ လီဗာပူး ကစားသမား ဘ၀ မှာ မန်ချက်စတာ ယူနိုက်တက် ကို ဒုက္ခအပေး နိုင်ဆုံး ဘောလုံးသမား တယောက် ဖြစ်ခဲ့ ပါတယ် ။

မနေ့ညက ပွဲကတော့ ဂျရတ် အတွက် အိုးထရက်ဖိုဒ့် ကွင်းထဲကို နည်းပြ အဖြစ် နဲ့ ပထမဆုံး ပြန်လည် ရောက်ရှိ လာခဲ့တဲ့ နေ့ပါ ။ ပွဲ မကစားခင် ကတည်းက ယူနိုက်တက် ပရိသတ်တွေ ဆီက ကြမ်းတမ်းတဲ့ ကြိုဆိုမှုတွေကို ရမယ်လို့ ဂျရတ် မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာခဲ့ ပါတယ် ။

ဂျရတ် ကို မနှစ်သက်သူတွေ ၊ လီဗာပူး ကို မကြိုက်တဲ့ ယူနိုက်တက် ပရိသတ်တွေဟ ပွဲအစပိုင်း မိနစ်တွေ ၊ ပထမပိုင်း အပြီး ပွဲနားနေချိန်တွေမှာ ဂျရတ် ကို လှောင်ပြောင် ကျီစယ် ထားတဲ့ စာသားတွေကို ရွတ်ဆိုခဲ့ကြ ပါတယ် ။

ဒါပေမယ့် လီဗာပူး ကပ္ပတိန်ဟောင်း နဲ့ သူ့ရဲ့ ဗီလာ အသင်းသားတွေ ကတော့ ဒီ အော်ဟစ်မှုတွေကနေ ဖိအားတွေ ဝင်ခဲ့ကြပုံ မရပါဘူး ။

နောက်နှစ် အနည်းငယ် အတွင်းမှာ ဂျရတ် တယောက် လီဗာပူး နည်းပြ အဖြစ် နဲ့ အိုးထရက်ဖိုဒ့် ကို ပြန်ရောက်လာမယ့် အချိန်ကတော့ တကယ့်ကို ပွဲကြီး ပွဲကောင်း ဖြစ်လာမှာ သေချာ နေပါပြီ ။

 

SPORTS MYANMAR