ရာသီကုန်မှာ ပီအက်ဂျီကနေ မက်ဆီ ထွက်ခွာသွားနိုင်တဲ့ အကြောင်းတစ်ခုကို ထုတ်ဖော်လိုက်တဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်း

 

ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဖြစ်သူ လိုဘိုကာရက်စ်ကိုက အကယ်၍ ဒီရာသီမှာ ပဲရစ်စိန့်ဂျာမန်း အသင်း အနေနဲ့ ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်ခဲ့ဘူးဆိုရင် လီယွန်နယ်မက်ဆီဟာ ရာသီကုန်မှာ ပဲရစ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ ဆိုလိုက် ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာ ကနေ ပီအက်ဂျီကို ၂ နှစ် စာချုပ်နဲ့ ရောက်လာခဲ့သူ ဖြစ်ပေမယ့် အာဂျင်တီးနားသားဟာ ပတ်၀န်းကျင်သစ်မှာ အထိုင်မကျဖြစ်နေပြီး ပဲရစ်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေ ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နို၀င်ဘာက ဘလွန်းဒီအောဆုကို ၇ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း လီဂူး၀မ်းမှာတော့ ရုန်းကန် နေရတာကို တွေ့ရပါတယ်။ ပီအက်ဂျီတို့ ပြီးခဲ့တဲ့ နွေရာသီက မက်ဆီ အမ်ဘက်ပေ နဲ့ နေမာ အတွဲကို တည်ဆောက်နိုင်ခဲ့ပြီးနောက် လီဂူး၀မ်း ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ကောင်းစွာ စိန်ခေါ်နိုင်လိမ့်မယ်လို့ အားလုံး ယူဆထားခဲ့ကြပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့ အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးထားခဲ့သူ ဖြစ်ပြီး သူ့ကစားသမား ဘ၀ မကုန်ဆုံးမီ အနည်းဆုံး နောက်ထပ် တစ်လုံး ထပ်မံ ရယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လည်း ကာရက်စ်ကိုက အကယ်၍ ပီအက်ဂျီတို့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို မရယူနိုင်ခဲ့ဘူး ဆိုရင် မက်ဆီ အနေနဲ့ ကလပ်ကနေ ထွက်ခွာ သွားနိုင်တယ်လို့ သုံးသပ် ခဲ့ပါတယ်။

ကာရက်စ်ကို က “မက်ဆီဟာ ဘာစီလိုနာမှာ သူရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို အမြဲတမ်း တမ်းတလွမ်းဆွတ် နေမှာ ဖြစ်ပါတယ်။ အကယ်၍ ပီအက်ဂျီမှာ သူအောင်မြင်မှု ရခဲ့မယ် ဆိုရင်…အောင်မြင်မှု ဆိုတာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူး နိုင်တာကို ပြောတာပါ။ အဲဒီလိုမျိုး ဆိုရင် သူဟာ ပီအက်ဂျီမှာ နောက်တစ်နှစ် ဆက်နေနိုင်ပါတယ်။

အကယ်၍ ပီအက်ဂျီတို့ ချန်ပီယံလိဂ်ဖလား မဆွတ်ခူး နိုင်ခဲ့ဘူး ဆိုရင်တော့ သူဟာ ပဲရစ် ကနေ ထွက်ခွာဖို့ ကြိုးစား သွားနိုင်ပါတယ်။ အားကစား အမြင်အရ ကြည့်မယ် ဆိုရင် မက်ဆီ အနေနဲ့ ဘာစီလိုနာ ကနေ ပီအက်ဂျီကို ထွက်ခွာ ခဲ့တဲ့ အပေါ် နောင်တ ရလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး အမြင်အရ ကြည့်မယ် ဆိုရင် သူ အမှား လုပ်ခဲ့တယ် ဆိုတာကို ကိုယ့်ကိုကိုယ် သဘောပေါက် ပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်သစ်မှာ ထွက်ပေါ်နေတဲ့ သတင်းများ အရ မက်ဆီ ကိုဗစ်ဖြစ်ခဲ့တဲ့ အကြောင်းကို နည်းပြ ပိုချက်တီနို အနေနဲ့ တတိယကြားခံကနေ တဆင့်သာ သိခဲ့ရတယ်လို့ ဆိုထားပြီး နည်းပြအပေါ် လေးစားမှု မရှိတဲ့ လုပ်ရပ်အတွက် အာဂျင်တီးနား တိုက်စစ်မှုးဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။ ပီအက်ဂျီ တောင်ပံ ကစားသမားဟောင်း ရိုသန်ကတော့ ပိုချက်တီနိုကို report မလုပ်ခဲ့တဲ့ မက်ဆီရဲ့ လုပ်ရပ်ဟာ မန်နေဂျာကို အရှက်ခွဲသလိုပဲလို့ ယုံကြည်နေပါတယ်။

ရိုသန်က “ကိုယ့်ရဲ့ နည်းပြကို ဘယ်ကစားသမား မဆို လေးစားမှု ထားရှိရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို အကယ်ဒမီ ကတည်းက သင်ပေးခဲ့တဲ့ အရာပါ။ နည်းပြဟာ အားလုံးရဲ့ အထက်မှာ ရှိနေရမှာ ဖြစ်ပြီး ဒါဟာ ကြယ်ပွင့်ကစားသမားပဲ ဖြစ်ဖြစ် လူငယ် ကစားသမား အဖြစ် အတူတူပါပဲ။ မက်ဆီဟာ ပိုချက်တီနိုကို သူဘယ်မှာ ရှိနေသလဲ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို report မလုပ်ခဲ့ပါဘူး။ ဒါကို ကြည့်လိုက်မယ်ဆိုရင် ဒီအသင်းမှာ ဖြစ်နေတဲ့ အကြောင်းရင်း တော်တော်များများကို သိနိုင်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အရာတော့ မဟုတ်ပါဘူး။ မက်ဆီလို ကစားသမားမျိုးဆီက ဒီလိုမျိုး လုပ်ရပ်ဟာ တကယ့်ကို အံ့အားသင့်စရာ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM