ယူဗင်တပ်ကို ၃ – ၁ နဲ့ ဦးဆောင်နေပြီးမှ ၊ ၃ဂိုးထပ်ပေးကာ ရှုံးနိမ့်ခဲ့ပြီးနောက် ၊ ရိုးမား အသင်းသားတွေရဲ့ စိတ်ဓာတ် ခံယူချက် အပေါ် မေးခွန်းထုတ်လိုက်တဲ့ မော်ရင်ဟို

မနေ့ည က ကစားသွားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂၁ မှာ ရိုးမား အသင်း ဟာ ယူဗင်တပ် အသင်းကို ၃ – ၁ ရလဒ်နဲ့ ပွဲကို အရင် ဦးဆောင်ခဲ့ပြီးမှ ၊ ချေပဂိုးတွေရော ၊ အနိုင်ဂိုးကိုပါ ပေးခဲ့ရကာ ၊ မထင်မှတ်ပဲ ၃ – ၄ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ရိုးမားရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဟာ ပိုမို မှေးမှိန်လာပြီ ဖြစ်ပါတယ် ။

ဟိုဆေး မော်ရင်ဟိုရဲ့ ရိုးမား ဟာ ဒီပွဲမှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ မိနစ်ပိုင်း အကြာမှာ ပေါ်လို ဒီဘားလားရဲ့ ပင်နယ်တီ ဧရိယာထိပ် က ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ် ။ ဒုတိယပိုင်း အစ ၃မိနစ်မှာ မစ်ခီတာရန်ရဲ့ သွင်းဂိုးနဲ့ ရိုးမားတို့ ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ် ။

ထို့နောက် လော်ရန်ဇို ပယ်လီဂရီနီ က ရိုးမား အတွက် တတိယ ဦးဆောင်ဂိုးကို တိုက်ရိုက် ဖရီးကစ်မှတဆင့် လှလှပပ အဆုံးသတ်ပေးခဲ့ပါတယ် ။ ၃ – ၁ နဲ့ ဦးဆောင်နိုင်ပြီမို့ ရိုးမားတို့ ပွဲကို အေးအေးဆေးဆေး ထိန်းတော့မယ်လို့ ထင်ထားခဲ့ပေမယ့် ၊ ယူဗင်တပ် ဟာ ပွဲချိန် မိနစ် ၇၀ နဲ့ ၇၇ မိနစ် အကြားမှာ ၃ဂိုးဆက်တိုက် သွင်းယူသွားခဲ့ပါတယ် ။

ပွဲပြီးခါနီး ၁၀မိနစ် အလိုမှာ ယူဗင်တပ် နောက်ခံလူ မာသစ် ဒီလစ် ဟာ ပင်နယ်တီ ဧရိယာ အတွင်း ဘောလုံးနဲ့ လက်နဲ့ ထိခဲ့လို့ ၊ VAR ရဲ့ ဆုံးဖြတ်ချက် အပြီးမှာ ၂ဝါတနီနဲ့ အထုတ်ခံခဲ့ရသလို ၊ ရိုးမားတို့ ထိုအတွက် ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ၊ ပယ်လီဂရီနီရဲ့ ပင်နယ်တီကို ရှက်ဇနီ က လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ် ။

ဒီ အရှုံး ရလဒ်ကြောင့် အဆင့် ၇ နေရာက ရိုးမား ဟာ အဆင့် ၄ နေရာက အတ္တလန္တာထက် တပွဲပိုကစားကာ ၊ ၉မှတ် အထိ ပြတ်ကျန်နေပြီ ဖြစ်ပါတယ် ။ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟို က ထိုပွဲအပြီး ၃ – ၁ အနိုင် ရလဒ်ကို မထိန်းနိုင်ခဲ့တဲ့ ရိုးမား အသင်းသားတွေရဲ့ စိတ်ဓာတ် ခံယူချက် အပေါ် အခုလိုပဲ မေးခွန်းထုတ်ခဲ့ပါတယ် ။

ပွဲအပြီး DAZN နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မော်ရင်ဟို က ” ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ မိနစ် ၇၀ အထိ ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ် ။ ပွဲအစ ကောင်းခဲ့ပြီး ၊ တောင့်တင်းတဲ့ ကစားအားကို ပြသနိုင်ခဲ့ပါတယ် ။ high press ကစားဟန်နဲ့ ပွဲရဲ့ tempo ကို ထိန်းချုပ်နိုင်မယ့် အိုင်ဒီယာမျိုး ကျွန်တော်တို့မှာ ရှိခဲ့ပါတယ် ။ ”

” ဒါတွေ အားလုံးဟာ မိနစ် ၇၀ အထိပဲ ရှိခဲ့တာပါ ။ အဲဒီ နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြိုဆင်းမှုကြီး ဖြစ်ခဲ့ပါတယ် ။ ၃ – ၂ ဖြစ်သွားတာက အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်စေခဲ့ပါတယ် ။ နောက်ပြီး ကျွန်တော့ရဲ့ ဖီးလစ် ( အဖီနာဂျီယန် ) ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက် ကလည်း မှားယွင်းခဲ့ပါတယ် ။ ”

” သူဟာ ဒီနေ့ပွဲ တလျှောက် ပြေးပြေးလွှားလွှား ကစားခဲ့ပြီး ၊ ကွာဒရာဒို ကို အချိန်ပြည့် ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ သူ့ကို လူစားလဲခဲ့ပြီးတဲ့နောက် ၊ ပွဲက အလွဲလွဲ အချော်ချော် ဖြစ်ခဲ့တာပါပဲ ။ ကျွန်တော်တို့ဟာ ယူဗင်တပ်လို အင်အား တောင့်တင်းတဲ့ ပြိုင်ဖက်ကို ၃ – ၂ ရလဒ်ကနေ စပြီး ၊ ပြန်လာခွင့် ပေးခဲ့မိပါတယ် ။ ”

” အဲဒီမှာ ကြောက်စိတ်တွေ စဝင်ခဲ့ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုပေါ့ ။ ကျွန်တော့ အတွက် ၃ – ၂ က ဘာမှ အထူးအဆန်း မဟုတ်ပါဘူး ။ ကစားသမားတွေ အတွက်တော့ ပြဿနာ ဖြစ်ခဲ့ပါတယ် ။ အဆုံးမှာတော့ ခင်ဗျား ဟာ စိတ်ဓာတ် က ချီးတွင်းထဲ ရောက်နေရင်တောင် ၊ အတင်း ရုန်းထပြီး ၊ ကိုယ့်ရဲ့ အရည်အချင်းကို ပြန်ပြဖို့ လိုပါတယ် ။ ”

” ဒါပေမယ့် အဝတ်လဲခန်း က အသင်းသား အများစု ဟာ သဘော အရမ်းကောင်းလွန်းနေပြီး ၊ ပျော့ညံ့လွန်းပါတယ် ။ အသင်းသားတွေကို ကျွန်တော် ပြောထားပြီးသားပါ ။ ပွဲက မိနစ် ၇၀နဲ့ ပြီးတယ် ဆိုရင် ဒါဟာ အရမ်း ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ် ။ ကံဆိုးစွာနဲ့ ပွဲပြီးတဲ့အထိ အနိုင်ရလဒ်ကို ဆက်မထိန်းနိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR