ယူနိုက်တက်နဲ့ ပတ်သက်လို့ နောင်တရမိတဲ့ အရာကို ထုတ်ပြောရင်း နည်းပြသစ် ခန့်အပ်ဖို့ရှိနေတဲ့ အသင်းဟောင်းကို အကြံပေးလိုက်တဲ့ ဖယ်လိုင်နီ

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ မော်ရုန်း ဖယ်လိုင်နီ က အိုးလ် ထရပ်ဖို့ဒ် မှာ ရှိနေခဲ့စဥ်တုန်းက နောင်တရမိတဲ့ အရာကို ထုတ်ပြောရင်း ရောက်လာမယ့် နည်းပြသစ်ကို အချိန် အနည်းငယ် ပိုပေးဖို့ တိုက်တွန်းခဲ့လိုက် ပါတယ် ။

မော်ရုန်း ဖယ်လိုင်နီ ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အချိန် ငါးနှစ်ခွဲ အထိ ကစားပေးခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာခဲ့တဲ့နောက် မန်ချက်စတာမြေကို ရောက်လာတဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှုလည်း ဖြစ်နိုင်ခဲ့ပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့စဥ် ကာလအတွင်း အလျင်းသင့်သလို ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပေမဲ့ ခြေစွမ်း တည်ငြိမ်မှု အားနည်းခဲ့တဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကို မကြာခန ခံခဲ့ရသူ တစ်ဦး ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ဖယ်လိုင်နီ က သူဟာ အသင်းကနေ ဝမ်းနည်း ပူဆွေးမှုတွေနဲ့ အတူ ထွက်ခွာလာခဲ့ရကြောင်း ထုတ်ဖော် ပြောကြားရင်း ရောက်လာမယ့် နည်းပြသစ်ကို အချိန်ပိုပေးဖို့ ၊ စိတ်ရှည်ဖို့ လိုအပ်ကြောင်း တိုက်တွန်း သွားခဲ့လိုက််ပါတယ် ။

” ကျွန်တော် ဘာမှ ထုတ်မပြောရတာကို ပိုနှစ်သက်လှပါတယ် ။ ပြောဖို့လည်း မလိုအပ်ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ဆိုတာက တက္ကသိုလ် တစ်ခုပါပဲ ။ ကျွန်တော်ကတော့ အသင်း တစ်သင်းကို တည်ဆောက်ဖို့ တွေးတောခဲ့ပါတယ် ။ ဒီအတွက် ခင်ဗျား အချိန်လိုတယ်လေ ”

” လီဗာပူးက ယာဂင် ကလော့ပ် ကို အချိန်ပေးခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းလည်း ရာသီကုန်မှာ နည်းပြသစ် တစ်ဦးကို ခေါ်ယူရင်း အချိန် ၅ နှစ် ၊ ၆ နှစ်လောက် ပေးဆောင်ပါစေ လို့ ကျွန်တော်ကတော့ မျှော်လင့်နေပါတယ် ”

” ကျွန်တော်ကတော့ ယူနိုက်တက် အသင်းနဲ့ အတူ အမှတ််ပေးဖလားကို မဆွတ်ခူးနိုင်ခဲ့တာက တစ်ခုတည်းသော နောင်တရခြင်းပါပဲ ။ မော်ရင်ဟို လက်အောက်မှာ ကျွန််တော်တို့ ဒုတိယပဲ ရနိုင်ခဲ့ကြပါတယ် ။ ဒါဟာ တကယ့်ကို ရှက်စရာ ပါပဲ ”

” ခင်ဗျား မန်ချက်စတာ ယူနိုက်တက်မှာ ၅ နှစ် ကစားရင် အနည်းဆုံး တစ်ကြိမ်တော့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးချင်ခဲ့မှာပါ ။ ကျွန်တော် လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဆွတ်ခူးနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဲ့တာက ပရီးမီးယားလိဂ် ဖလားနဲ့ ခံစားချက် မတူပါဘူး ”

” ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးရေးက အိပ်မက် တစ်ခုပါပဲ ။ အဲ့တာကို ရရှိနိုင်ဖို့… အသင်းကို တည်ဆောက်ဖို့ လိုအပ်ပါတယ် ။ ကျွန်တော့်အတွက် အရေး အကြီးဆုံး အရာက နိုင်ပွဲတွေ ရယူဖို့ ၊ ပွဲစဥ်တွေ ကစားရဖို့ ပါပဲ ” လို့ ဖယ်လိုင်နီ က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar