ယူနိုက်တက်တို့ အဝေးကြီးလိုပါသေးတယ်လို့ ဆိုခဲ့ပြီး ဂရင်းဝုဒ် ကို လူစားလဲခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြသွားတဲ့ ရပ်ဖ် ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ရပ်ဖ် ရန်းနစ် က လက်ရှိ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီး အသင်းကြီး တသင်း ပြန်ဖြစ်ဖို့ အတွက် အဝေးကြီး လိုနေပါသေးတယ်လို့ မနေ့ညက ကစားခဲ့တဲ့ ဝုဗ် နဲ့ ပွဲစဉ် အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဝုဗ် ကို အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ လက်ခံ ကစား ခဲ့ပြီး စိတ်ပျက်စရာ ခြေစွမ်းနဲ့ အတူ ၁-၀ နဲ့ ရှုံးနိမ့်ပြီး ၂၀၂၂ ကို အမှတ် ဗလာ နဲ့ စတင် ဖွင့်လှစ် ခဲ့ရ ပါတယ် ။

ယူနိုက်တက် နည်းပြကြီး ရန်းနစ် ကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အလုပ်ဟာ ခက်ခဲတဲ့ အလုပ် တခု ဖြစ်မယ် ဆိုတာ သူ ကြိုတင် တွေးဆထားပြီးသား ဖြစ်ကြောင်း နဲ့ လက်ရှိ အသင်းရဲ့ အနေအထားဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်ဖို့ လိုအပ်ချက် များစွာ ရှိနေ သေးကြောင်း ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီအလုပ်ဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော် ကြိုတွေး ထားပြိးသားပါ ။

ဒါကြောင့်လည်း သူတို့ ကျွန်တော့ကို ဆက်သွယ်ပြီး စာချုပ် ချုပ်ခဲ့တာပါ ။ အသင်းရဲ့ ကို တိုက်စစ် – ခံစစ် ဟန်ချက်ညီအောင် မြန်မြန် ဆန်ဆန် ပြောင်းလဲ နိုင်ဖို့ မလွယ်လောက်ဘူး ဆိုတာကို အစကတည်းက ကျွန်တော် ရိပ်မိ ခဲ့ပါတယ်”

“ကျွန်တော် ရောက်မလာခင် ၃-၄ ပတ်လောက် ကတည်းက ဖြစ်နေတဲ့ ပြဿနာတွေ က အခုထိ မပြောင်းလဲသေးဘူး ဆိုတာကို ဒီညမှာ ထပ်ပြီး မြင်ခဲ့ရ ပါတယ် ။

ဒီအသင်းရဲ့ DNA ကို မွေးမြူပေးဖို့ နဲ့ ဘောလုံး ခြေထဲမှာ မရှိဘဲ ကစားနိုင်ဖို့ ဟာ လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး”

“ဝုဗ် ဟာ ကျွန်တော် ယူနိုက်တက် နဲ့ ရင်ဆိုင် ခဲ့ရတဲ့ အသင်းတွေထဲမှာ အကောင်းဆုံး ကစားခဲ့တဲ့ အသင်းပါ ။

သူတို့ကို ကောင်းကောင်း ဖိအား မပေးနိုင်ခဲ့ ပါဘူး ။ သူတို့ကို ဖိအားပေးဖို့ ကြိုးစားခဲ့ ပေမယ့် လိုချင်တဲ့ အတိုင်း မဖြစ်လာခဲ့ ပါဘူး ။

ဒီနေ့ ကစားသွားတဲ့ ပုံစံ အတိုင်းဆိုရင်တော့ ကျွန်တော် ဘာအာမခံချက်မှ မပေးနိုင်တာ သေချာပါတယ်”

“ထိပ်ဆုံး လေးသင်းထဲကို ဝင်နိုင်ဖို့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစား သွားမှာပါ ။ ဒါကို လူတွေ ယုံကြည်မလား မယုံကြည်ဘူးလား ဆိုတာတော့ ကျွန်တော် မပြောတတ် ပါဘူး ။

ခက်ခဲမယ်ဆိုတာတော့ သေချာပါတယ် ။ ပြီးတော့ အရင်လို ပြန်ဖြစ်ဖို့ ကလည်း အဝေးကြီး လိုနေ ပါသေးတယ်” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ရန်းနစ် က ဂရင်းဝုဒ် ကို ဘာကြောင့် ဖာနန်ဒက်စ် နဲ့ လူစားလဲခဲ့ ရသလဲ ဆိုတာကိုလည်း ရှင်းပြ သွားခဲ့ ပါတယ် ။

ဂရင်းဝုဒ် ဟာ မနေ့ညက ကစားပုံ ဆိုးရွား ခဲ့တဲ့ ယူနိုက်တက် ရဲ့ တိုက်စစ်သမား ၄ ယောက်အထဲ မှာ ကျန် ၃ ယောက်ထက် အနည်းငယ် ပိုကောင်း နေခဲ့သူ ဖြစ်တာကြောင့် ပထမဆုံး လူစားလဲ ခံခဲ့ရမှု အပေါ် ဝေဖန်သံ အချို့ ထွက်ပေါ် ခဲ့ ပါတယ် ။

ဂရင်းဝုဒ် အစား ဝင်လာတဲ့ ဖာနန်ဒက်စ် ဟာ ဖန်တီးမှု တချို့ ပြုလုပ် နိုင်ခဲ့သလို မာတစ် ဖြတ်ချိုး ပေးလိုက်တဲ့ ဘောလုံး ကိုလည်း ဧရိယာ အတွင်း ပြေးဝင်ကာ ကန်သွင်းခဲ့ပေမယ့် ကံဆိုးစွာ နဲ့ ဂိုးဘားတန်းကို ထိမှန်သွားခဲ့ ရပါတယ် ။

ရန်းနစ် ကတော့ သူဟာ ကာဗာနီ နဲ့ ဂရင်းဝုဒ် တို့အနက်က တဦးဦး ကို လူစားလဲဖို့ စိတ်ကူး ခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာ ဂရင်းဝုဒ် ကို ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဝ-၀ အနေအထားမှာ ကျွန်တော်တို့ ဘက်က နည်းနည်း အသာစီး ရနေပါတယ် ။ ဒါကြောင့် ဘရူနို ကို ထည့်ဖို့ ဆုံးဖြတ် ခဲ့တာပါ ။

သူ အခွင့်အရေး တချို့ ဖန်တီး နိုင်ခဲ့ပြီး ၁-၀ ဖြစ်လောက်မယ့် အခွင့်ကောင်း တခုကိုလည်း ရခဲ့ပါတယ် ။

မေဆင် ကစားတာ ကောင်းပါတယ် ။ ဒါပေမယ့် လူစားလဲမယ် ဆိုရင်တော့ တယောက်ယောက်ကို ထုတ်မှ ဖြစ်တော့မှာပါ”

“အက်ဒီ ( ကာဗာနီ ) နဲ့ ဂရင်းဝုဒ် ထဲက တယောက်ကို လူစားလဲဖို့ စဉ်းစားခဲ့ ပါတယ် ။ နောက်ဆုံး မှာတော့ မေဆင် ( ဂရင်းဝုဒ် ) ကို ကျွန်တော် ရွေးခဲ့တာပါ” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အချိန်မှာတော့ ၁၉ ပွဲ ကစားထားပြီး ၃၁ မှတ် ရရှိကာ အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည် နေခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ မှာ FA Cup တတိယ အဆင့် ပွဲစဉ် အဖြစ် အက်စတွန် ဗီလာ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ဇန်နဝါရီ ၁၆ မှာလည်း ဗီလာ အသင်း နဲ့ပဲ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR