ယနေ့ည လီဗာပူးနဲ့ ပွဲကို ဘယ်သူတွေ လွဲမလဲ ဆိုတာ အတည်ပြု ပြောဆိုခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ နှစ်သစ် အဖွင့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ရဲ့ Big Match အဖြစ် လီဗာပူး အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ဒီပွဲဟာ ချဲလ်ဆီးရဲ့ title race အလားအလာကို တိုက်ရိုက် အဆုံးအဖြတ် ပေးမယ့်ပွဲ ဆိုရင်လည်း မမှားပါဘူး ။

၂သင်းစလုံး ဟာ ကိုဗစ် ၊ ဒဏ်ရာ ပြဿနာ ကိုယ်စီ ရင်ဆိုင်နေရပြီး ၊ အိမ်ရှင် ချဲလ်ဆီးမှာတော့ အဓိက အားထားရတဲ့ wing-back ၂ဦး ဖြစ်တဲ့ ဘန်ချေဝဲလ်နဲ့ ရိစ်ဂျိမ်းစ် တို့ကို ဒူးအရွတ် ဒဏ်ရာ ၊ တံကောက်ကြော ဒဏ်ရာတွေကြောင့် လက်လွှတ်ထားရပြီး ဖြစ်ပါတယ် ။

ချေဝဲလ် ဟာ ဒူးအရွတ် ဒဏ်ရာကို ခွဲစိတ်မှု ခံယူထားလို့ ၊ ရာသီကုန် အထိ အနားယူဖို့ သေချာသလောက် ရှိနေပြီး ၊ ရိစ်ဂျိမ်းစ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲက တံကောက်ကြော ဒဏ်ရာကြောင့် အနည်းဆုံး တလခွဲလောက် နားရနိုင်တယ်လို့ သိရပါတယ် ။

တပွဲတည်းမှာ ရိစ်ဂျိမ်းစ်နဲ့ အတူ နာသွားတဲ့ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ဟာ နောက်ကျော ဒဏ်ရာကြောင့် ယနေ့ည ပွဲကို လွဲချော်ဦးမှာ ဖြစ်ပေမယ့် ၊ ဘရိုက်တန်နဲ့ ပွဲကို အသေးစား ဒဏ်ရာ တခုကြောင့် လွဲချော်ခဲ့တဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကတော့ လေ့ကျင့်မှု ပြန်လည် စတင်နေပြီ ဖြစ်ပါတယ် ။

တဖက်မှာ ပြီးခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် ၂ခုကို ပူးပေါင်းထားတဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာလည်း ကိုဗစ်က ခုမှ ပြန်လာတာ ဖြစ်လို့ ၊ လီဗာပူးနဲ့ ပွဲကို ချက်ချင်း ပါဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က အတည်ပြုခဲ့ပါတယ် ။

ဒါ့အပြင် ကိုဗစ်ရော ၊ ဒဏ်ရာ ပြဿနာပါ ခံစားနေရတဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာလည်း အခုအချိန် အထိ လေ့ကျင့်မှု ပြန်မလုပ်နိုင်သေးပါဘူး ။ ဒီအတွက်ကြောင့် သီယာဂို ဆေးလ်ဗားက လွဲရင် ၊ အထက်က ကစားသမား အားလုံး လီဗာပူးနဲ့ ပွဲကို လွဲချော်ကြမှာ ဖြစ်ကြောင်း တူချယ် က အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

 

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ခွဲစိတ်မှု ခံယူထားတဲ့ ချီလီ ကတော့ သေချာပေါက် လွဲမှာပါ ။ သူ့အနေနဲ့ အသင်း အတွက် မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်စေဖို့ ကျွန်တော်တို့ အားလုံး ဆုတောင်းပေးနေကြပါတယ် ။ ဒါပေမယ့် ကြည့်ရတာ သူ့အတွက် ဒီရာသီ က game over ဖြစ်သွားပါပြီ ။ ”

” ရိစ် ကတော့ တံကောက်ကြော ဒဏ်ရာကို ခံစားနေရဆဲပါ ။ ကြွက်သား ဒဏ်ရာပေါ့ ။ သို့ပေမယ့် ဆေးစစ်ချက်တွေက တရက်နဲ့ တရက် မတူပါဘူး ။ နောက်ပိုင်း ဆေးစစ်ချက်တွေက ပိုကောင်းတဲ့ ရလဒ်တွေ ထွက်တတ်ပါတယ် ။ ဒီတော့ နောက်နေ့ ဆေးစစ်ချက်ကို စောင့်ကြည့်ရမှာပါ ။ ဒါပေမယ့် သူဟာလည်း လီဗာပူးနဲ့ ပွဲကို လွဲချော်မှာပါ ။ ”

” အန်ဒရီယာစ် ကတော့ ပထမ တကြိမ် ရခဲ့ဖူးတဲ့ နောက်ကျော ဒဏ်ရာနဲ့ တပုံစံတည်းကို ထပ်ရခဲ့တာ ဖြစ်ပါတယ် ။ ဒါက သူ့ကို နောက်ထပ် ပွဲအနည်းငယ် ထပ်ပြီး လွဲချော်စေပါမယ် ။ ဒါပေမယ့် သီယာဂိုတော့ လေ့ကျင့်မှု ပြန်စနေပါပြီ ။ ဒီကြားထဲ ထူးထူးခြားခြား တုန့်ပြန်မှုမျိုး မပြဘူး ဆိုရင် သူ့ကို လီဗာပူးနဲ့ ပွဲအမှီ ပြန်ပါနိုင်ဖို့ မျှော်လင့်ကြတာပေါ့ ။ ”

” တီမို ကတော့ ကြံ့ခိုင်မှု အပြည့်အဝ မရသေးပါဘူး ။ သူဟာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး ၊ ကြံ့ခိုင်မှု အရ အတော်လေး ရုန်းကန်နေရပါတယ် ။ ရူဘင် ဟာလည်း လေ့ကျင့်မှုတွေ ပြန်မလုပ်နိုင်သေးပါဘူး ။ ဒါပေမယ့် သူ ပြန်လာဖို့ နီးစပ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR