မေလန်း နိုင်းလ် အတွက် ရိုးမား ရဲ့ ကမ်းလှမ်းမှု ကို လက်ခံလိုက်ပြီ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ် ဟာ မေလန်း နိုင်းလ် အတွက် ရိုးမား အသင်းက တရားဝင် ပေးပို့လာတဲ့ ကမ်းလှမ်းမှု ကို လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ စီးရီးအေ ကလပ် နဲ့ ကာယကံရှင် ကစားသမားတို့ အကြား စာချုပ် ဆိုင်ရာ အချက်အလက်တွေ အပြီးသတ် သဘောတူညီမှု ရယူနိုင်ခြင်း မရှိသေးပေမယ့် ၊ ဖြေရှင်းရ ခက်ခဲတဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ နားလည်ရပါတယ်။

ရိုးမား ဟာ ဒုတိယ ရာသီဝက် အငှား + အပြီးသတ် ခေါ်ယူခွင့် အချက် နဲ့ ကမ်းလှမ်းခဲ့တာပါ။ သို့သော် အာဆင်နယ် ကတော့ ရိုးရိုး အငှားချတာမျိုးပဲ ဖြစ်ချင်တယ်လို့ တုန့်ပြန်ခဲ့တာကြောင့် ၊ အဲဒီ အချက်အတိုင်း ခေါ်ယူဖို့ ရိုးမား ကလဲ ပြန်ပြီး သဘောတူပေးခဲ့တယ်လို့ သိရပါတယ်။

ရိုးမား ဟာ ကစားသမား ကို အပြီးသတ် ခေါ်ယူဖို့ အတွက် စိတ်ကူးရှိနေသည့်တိုင်အောင် လက်ရှိ အနေအထား အရ သူတို့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကလဲ အဲဒီလို လုပ်ပြနိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။ အကယ်၍ ခေါ်ယူမယ် ဆိုရင်တောင် အငှားစေလွှတ်ထားတဲ့ ကစားသမား တစ်ချို့ ကို ရောင်းချပြီးမှသာ ၊ အဲဒီ ကနေ ရရှိလာမယ့် ဝင်ငွေတွေ နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

မေလန်း နိုင်းလ် ဟာ နောက် 48 နာရီ အတွင်း ဆေးစစ်မှု လုပ်ငန်းစဉ်တွေ အတွက် အင်္ဂလန်မှာပဲ လုပ်ဆောင်သွားဖွယ် ရှိနေပြီး ၊ အီတလီ Work Permit ရဖို့ ကိုလဲ ပြန်လည် လျှောက်ထားရဦးမယ်လို့ နားလည်ရပါတယ်။

ရိုးမား ဟာ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီချက် ကို ထည့်သွင်းနိုင်ခဲ့ခြင်း မရှိသည့်တိုင်အောင် ၊ မေလန်း နိုင်းလ် ကို ရာသီအကုန်မှာ အပြီးသတ် ခေါ်ယူဖို့ အတွက် ရည်ရွယ်ထားဆဲ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ ပေါ်ပေါက်လာဖို့ နည်းပြကြီး မော်ရင်ဟို ကိုယ်တိုင် ဦးဆောင် လှုပ်ရှားနေတာ ဖြစ်ပြီး ၊ အရေးပါတဲ့ ပွဲကျပ် ကာလာတွေ မဆင်နွှဲမှီ မေလန်း နိုင်းလ် ကို အရခေါ်ယူထားဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။

ကစားသမား နဲ့ အာဆင်နယ် တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီ အကုန်ရောက်ရင် တစ်ရာသီပဲ ကျန်တော့မှာပါ။ အာဆင်နယ် ဘက်ကတော့ ရာသီ အကုန်မှာ ကမ်းလှမ်းလာနိုင်တဲ့ ကမ်းလှမ်းမှုတွေက ပိုပြီး ကောင်းမွန်လာနိုင်ဖွယ် ရှိသေးတယ် ဆိုတဲ့ ယုံကြည်ချက်မျိုး နဲ့ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီချက် ကို ထည့်သွင်းခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် မေလန်း နိုင်းလ် ရဲ့ စီးရီးအေမှာ ပြသမယ့် စွမ်းဆောင်ရည်တွေက အာဆင်နယ် အတွက်လဲ အရေးပါနေဆဲလို့ မှတ်ချက်ပေးလို့ ရပါတယ်။

ဆက်စပ် သတင်းတွေ အရ အာဆင်နယ် ဟာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ အူဘာမီးယန်း ကို ရောင်းချဖို့ အတွက် ဒီလထဲမှာပဲ ကမ်းလှမ်းမှုတွေကို ကို တံခါးဖွင့် ပေးလိုက်တယ်လို့ Sky Sports က ဒီမနက်မှာ ဖော်ပြသွားခဲ့ပါတယ်။

စည်းကမ်းပိုင်း ဆိုင်ရာ ဖောက်ဖျက်မှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း အသင်းခေါင်းဆောင် ရာထူးပါ စွန့်လွှတ်လိုက်ရတဲ့ အပြင် ၊ နောက်ဆုံး ကစားခဲ့တဲ့ 6 ပွဲ ဆက်တိုက် ရွေးချယ်ခြင်း မရှိလို့ အာဖရိက ဖလားပြိုင်ပွဲဆီ စောစောစီးစီး ထွက်သွားခဲ့ပါတယ်။

သို့သော် သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် 350000 ပမာဏ က ခေါ်ယူချင်တဲ့ ကလပ်တွေ အတွက် အရမ်းကို များလွန်းတဲ့ ပမာဏမျိုး ဖြစ်နေပါတယ်။ လက်ရှိ အချိန်ထိတော့ အူဘာမီးယန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေ တိတိကျကျ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။

SM