မဖြစ်နိုင်တဲ့ လစာပမာဏမျိုး သူ့ဘက်က မတောင်းဆိုဘူးလို့ ဖွင့်ဟလိုက်တဲ့ မို ဆာလာ

လီဗာပူး အသင်းရဲ့ အီဂျစ် တိုက်စစ် ကစားသမား မို ဆာလာ က သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး နောက်တစ်ကြိမ် ထပ်မံ ပြောဆိုလိုက်ပြန်ပါပြီ။

လက်ရှိ အချိန်ထိ ဆာလာ ရဲ့ ကိုယ်စားလှယ် နဲ့ FSG တာဝန် ရှိသူတွေ အကြား စာချုပ်သစ် ဆိုင်ရာ ကိစ္စရပ်တွေ ဆက်လက် ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့ ယုံကြည်ရပြီး ၊ ဒီရာသီ အကုန်မှာ အပြီးသတ် သဘောတူညီမှု ရဖို့ ပစ်မှတ်ထားနေကြပါတယ်။

ဆာလာ က လီဗာပူး အတွက် သူ စွမ်းဆောင်ပြထားတဲ့ ခြေစွမ်းတွေ နဲ့ ထိုက်တန်တဲ့ လစာမျိုး လိုချင်တယ်လို့ ဖွင့်ဟလိုက်ပြီး ၊ မဖြစ်နိုင်တဲ့ ပမာဏာမျိုးလဲ တောင်းဆိုထားတာ မဟုတ်တဲ့ အကြောင်းကို အခုလို ပြောပြသွားခဲ့ ပါတယ်။

“ ကျနော် ပြောချင်တာ က စာချုပ်သစ် ကိစ္စကို ကျနော် ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ သူတို့ လက်ထဲမှာ ရှိနေပါတယ်။ သူတို့ဟာ ကျနော် လိုချင်တဲ့ ပမာဏကို သိနေပါပြီ။ ကိုယ့်ဘက်ကလဲ မဖြစ်နိုင်တဲ့ ပမာဏမျိုးအထိ တောင်းဆိုတာ မဟုတ်ပါဘူး။

ကစားသမား ဘက်က လိုချင်တဲ့ ပမာဏ တစ်ခု တိတိကျကျ ထုတ်ပြောလာပြီ ဆိုရင် သူတို့ ဘက်ကလဲ ပေးနိုင်တဲ့ အနေအထားတော့ ဖွင့်ပြရမှာပါ ဘာလို့လဲ ဆိုတော့ ပိုင်ရှင်တွေ ဆိုတာ ကစားသမား ရဲ့ စွမ်းဆောင်ရည် အပေါ် ဘယ်လောက်အထိ အသိအမှတ်ပြုတယ် ဆိုတာတော့ ပြသရမှာ ဖြစ်ပါတယ်။

ကျနော် လီဗာပူူး ကို ရောက်လာတာ 5 နှစ် ရှိပါပြီ။ အသင်း အကြောင်းလဲ ကောင်းကောင်း သိပါတယ်။ ပရိသတ်တွေ က ကျနော့် ကို ချစ်သလို ၊ ကျနော် က သူတို့ကို ချစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့ သူတွေ ကိုတော့ အခြေအနေတွေ ပြောပြပြီးသားပါ။ စာချုပ်သစ် ကိစ္စက သူတို့ လက်ထဲမှာပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် ကတော့ ဆာလာ ရဲ့ စာချုပ်သစ် နဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့် ရှိထားသလို ၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ယောက်ကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်တာဟာ ညနေခင်း တစ်ခုမှာ လက်ဖက်ဝိုင်း သောက်ပြီး ဆွေးနွေးကြသလိုမျိုး လွယ်ကူမှာတော့ မဟုတ်ဘူူးလို့ မှတ်ချက် ပေးထားပါတယ်။

လက်ရှိ ဆာလာ ရဲ့ စာချုပ်ဟာ 18 လ ဝန်းကျင်ပဲ ကျန်တော့ပါတယ်။

ဒီရာသီ အကုန်ရောက်ရင် စာချုပ်သက်တမ်း က တစ်နှစ်ပဲ ကျန်တော့မှာ ဖြစ်လို့ ၊ အခြား ဥရောပ ထိပ်သီး ကလပ်တွေက ချဉ်းကပ်လာဖွယ် ရှိနေပါတယ်။

လီဗာပူး ကလဲ အဲဒီ အနေအထားကို ရှောင်ရှားနိုင်အောင် ရာသီ မကုန်ခင် အပြီးသတ် ချုပ်ဆိုနိုင်ဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့ နားလည်ရပါတယ်။

တစ်ချိန်တည်းမှာ ဆာလာ ကိုယ်တိုင်ကလဲ သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေဟာ အမြင့်ဆုံး မဟုတ်သေးကြောင်း အသက် 35 ဝန်းကျင်လောက်အထိ ဆက်လက် စွမ်းဆောင်ပြဖို့ ပစ်မှတ်ထား ကြိုးစားနေတဲ့ အကြောင်းကို အခုလို ဆက်ပြီး မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ AC မီလန် က ဇလာတန် ဆိုရင် အသက် 40 အထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြနေဆဲ ဖြစ်သလို ၊ ရိုနာဒို ၊ ဘန်ဇီးမား တို့လဲ ဒီအတိုင်းပါပဲ။ လက်ရှိ အကောင်းဆုံး ပုံစံတွေ ရနေတဲ့ လီဝန်ဒေါ့စကီး ၊ ပီအက်စ်ဂျီ က မက်ဆီ တို့ ဆိုရင် 34 ဝန်းကျင်တွေလေ။

ကျနော့် ရဲ့ အိမ်မှာ ဆိုရင်လဲ Recovery ပိုင်းကို ကောင်းကောင်း လုပ်နိုင်ဖို့ အတွက် Cryotherapy Bath , Hyperbaric Chamber တို့လို ပစ္စည်းတွေတောင် ဝယ်ထားတာပါ။ ဒါမျိုးတွေ ဆိုတာ ထိပ်တန်းအဆင့် လို့ သတ်မှတ်ထားတဲ့ လေ့ကျင့်ရေး စင်တာတွေလောက်မှာပဲ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် အခု ကျနော့် အိမ်ကတော့ ဆေးရုံ တစ်ခုလိုတောင် ဖြစ်နေပါပြီ” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

သတင်းတွေ အရ ဆာလာ ဟာ တစ်ပတ် လုပ်ခ ပေါင် 400000 နဲ့ အထက် ရချင်နေတယ်လို့ သိရပါတယ်။

SM