မန်စီးတီး နဲ့ ပွဲမှာ အနီကဒ် ထိခဲ့တဲ့ အာဆင်နယ် အသင်း နောက်ခံလူ ဂါဘရီရဲလ် ကို ဝေဖန်လိုက်တဲ့ ဖာဒီနန်

မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန် ဟာ မန်ချက်စတာ စီးတီး အသင်း နဲ့ ပွဲမှာ နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ရတဲ့ အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် ဟာ ညံ့ဖျင်းပြီး ရင့်ကျက်မှု မရှိသူ ဖြစ်ကြောင်း ဝေဖန် သွားခဲ့ပါတယ် ။

မနေ့က ကစားခဲ့တဲ့ ပွဲတွင် အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ မန်စီးတီး ထက် ကစားပုံ ပိုကောင်းခဲ့ပြီး ဆာကာ ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ရှာကာ ဟာ ဘာနန်ဒိုဆေးလ်ဗား ကို ပြစ်ဒဏ် ကျူးလွန်တယ်ဆိုပြီး ကွင်းလယ် ဒိုင်လူကြီး က မန်စီးတီး ဘက်ကို ပင်နယ်တီ ကန်ခွင့် ပြုခဲ့ပါတယ် ။

အဆိုပါ ပင်နယ်တီကို မာရက်ဇ် က အမှားအယွင်း မရှိ ဝင်အောင် ကန်သွင်း နိုင်ခဲ့တာကြောင့် စီးတီး တို့ ချေပဂိုး ပြန်လည် ရရှိ ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရဲလ် ဟာ နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ် ခံရတာကြောင့် ဂန်းနားတို့ တစ်ယောက်လျော့ နဲ့ ကစားခဲ့ရပါတယ် ။

၁-၁ နဲ့ သရေရလဒ်ထွက်ပေါ် တော့မယ်လို့ ထင်မှတ်နေချိန် ဒုတိယပိုင်း နာကျင် အချိန်ပိုမှာ ရိုဒရီ က မန်စီးတီး အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် လက်ရှိ ချန်ပီယံ တို့ ဒုတိယ နေရာက ချဲလ်ဆီး ကို ၁၁ မှတ်ဖြတ်ကာ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင် နိုင်ခဲ့ပါတယ် ။

အင်္ဂလန် နောက်ခံလူဟောင်း ဖာဒီနန် ကတော့ ဂါဘရီရဲလ် ရဲ့ဒုတိယ အဝါကဒ်မှာ ဘရာဇီးသား ရဲ့ မရင့်ကျက်မှု ပေါ် လွင်စေတယ်လို့ BT Sports မှာ ဝေဖန် သွားခဲ့ပါတယ် ။ ” အဲ့ဒီလို လုပ်တာက ညံ့ဖျင်းတာပါ ၊ ရင့်ကျက်မှု မရှိတာကို ပြလိုက်တာပါပဲ ၊ ဆင်ခြင်မဲ့ လုပ်ရပ်ပါပဲ ။ ”

” ကိုယ့်အသင်းက ပင်နယ်တီ ပေးထားခဲ့ရတယ်​လေ ၊ သူ အဲ့ဒီလို လုပ်လိုက်လို့ အသင်း အတွက် ဘာများ အကျိုးရှိသွားမယ်လို့ သူထင်နေလဲ မပြောတတ်တော့ပါဘူး ၊ ပြိုင်ဘက် ကစားသမား က ဂိုးသွင်းနိုင်လောက်တဲ့ အနေအထားလည်း မဟုတ်သလို အသင်းအတွက် ခြိမ်းခြောက်မှု ဖြစ်စေမယ့် အနေအထားလည်း မရှိပါဘူး ၊ သူက ကွင်းလယ်မှာ ရှိနေတာပါ ၊ အဲ့ဒီလို အခြေအနေမှာ ဂါဘရီရဲလ် က ရူးမိုက်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို လုပ်လိုက်ပါတယ် ။ ”

” သူ့မှာ စဉ်းစားတွေးတောဖို့ အချိန် ရှိပါတယ် ၊ ပထမ အဝါကဒ် ပြခံထားရပြီး ဖြစ်တာကြောင့် နောက်အဝါကဒ် ရစေမယ့် အခြေအနေကို ရှောင်ရမှာ ဖြစ်ပါတယ် ။ဒါပေမယ့် သူ့ခေါင်းထဲမှာ ပင်နယ်တီ အကြောင်းပဲ ရောက်နေပုံပေါ်ပါတယ် ၊ ဒါက ပြဿနာပါ ။ ”

” ဖြစ်ပြီးသား ကိစ္စကိုပဲ ခေါင်းထဲ ထည့်ထားနေတဲ့ အတွက် ဒိုင်လူကြီးက သူနဲ့ ၁၀ ကိုက်အကွာမှာ ရှိနေတာကို မမြင်လိုက်ပါဘူး ။ သူက အသင်းအတွက် အန္တရယ် မရှိတဲ့ ဂိုးပေါက်နဲ့ အတော်ဝေးတဲ့ နေရာမှာ ရှိနေတာကို သတိလက်လွှတ် ဖြစ်သွားပုံ ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM