မန်စီးတီး ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက VAR ရဲ့ဆုံးဖြတ်ချက်တွေကို ​ဝေဖန်လိုက်တဲ့ အာဆင်နယ် ဂိုးသမား ရမ်စ်ဒဲလ်

အာဆင်နယ် အသင်း ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ဟာ မန်ချက်စတာ စီးတီး အသင်းကို ရှုံးနိမ့် ခဲ့ရတဲ့ ပွဲအပြီးမှာ VAR ဆုံးဖြတ်ချက်တွေဟာ တစ်သမတ်တည်း ရှိနေခဲ့ခြင်း မရှိကြောင်း ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ဆာကာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မာရက်ဇ် က ပင်နယ်တီ ကနေ စီးတီး အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ရိုဒရီ က မန်စီးတီး အတွက်အနိုင်ဂိုး သွင်းယူ သွားခဲ့တာကြောင့် ဂန်းနားတို့ ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ် ။

မန်စီးတီး နဲ့ အာဆင်နယ် ပွဲမှာ လူပြောများခဲ့တဲ့ ကိစ္စတစ်ခုက ဒိုင်လူကြီး နဲ့ VAR ဒိုင်တွေ ရဲ့ ပင်နယ်တီဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ် ။ မန်စီးတီး နဲ့ အာဆင်နယ် ပွဲ ပထမပိုင်းမှာ အိုဒီဂွါဒ် ဟာ အီဒါဆန် ရဲ့ဖျက်ထုတ်မှုကြောင့် ဂိုးဧရိယာထဲ လဲကျသွားခဲ့ပေမယ့် ကွင်းလယ် ဒိုင်လူကြီး ကတော့ ပင်နယ်တီ ပေးခဲ့ခြင်း မရှိသလို VAR ကလည်း ကွင်းဘေးက TV ကနေ ပြန်စစ်ဆေးကြည့်ရှု့ဖို့ အကြံမပေးခဲ့ပါဘူး ။

ဒုတိယပိုင်း ရှာကာ နဲ့ ဘာနန်ဒိုဆေးလ်ဗား တို့ရဲ့ ဖြစ်စဉ်မှာတော့ ကွင်းလယ် ဒိုင်လူကြီးဟာ ကွင်းဘေးက TV ကို ပြန်ကြည့်ပီး ပင်နယ်တီ အဖြစ်သတ်မှတ် ပေးခဲ့ပါတယ် ။ ဒိုင်လူကြီးရဲ့ မျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အာဆင်နယ် ပရိသတ်တွေဟာ ဒေါသ ပေါက်ကွဲ ခဲ့ကြပီး ကွင်းအတွင်းမှာ လှောင်ပြောင် အော်ဟစ်ခဲ့ကြပါတယ် ။

အာဆင်နယ် ဂိုးသမား ရမ်စ်ဒဲလ် ကလည်း ဖြစ်ရပ်ချင်း တူပေမယ့် ဆုံးဖြတ်ချက်ချင်း မတူတဲ့ အပေါ် ပွဲအပြီးမှာ မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။ ” ဖြစ်ရပ် နှစ်ခုစလုံးရဲ့ အစပိုင်းမှာ ဒိုင်လူကြီး က ပင်နယ်တီ မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဖြစ်ရပ်တစ်ခုတည်းကိုပဲ ပြန်ကြည့်ခဲ့ပါတယ် ၊ ပြိုင်ဘက် ရသွားတဲ့ ပင်နယ်တီ က ကြမ်းတမ်းတဲ့ အနေအထားကနေ ရသွားတာ မဟုတ်ပါဘူး ၊ ဒါပေမယ့် တစ်ချက်ပြန်စစ်ဆေး ကြည့်ရှုဖို့ အကြံပေးခံ ခဲ့ရပြီး ဒိုင်လူကြီး ကလည်း ပင်နယ်တီ အဖြစ် သတ်မှတ် ပေးလိုက်ပါတယ် ။ ”

” ကျွန်တော်တို့ ပင်နယ်တီ ရသင့်တဲ့ အနေအထားမှာတော့ ကျွန်တော်က ကွင်းတစ်ဘက်ခြမ်းမှာ ရှိနေတာပါ ၊ ဂိုးသမား က ခြေထောက်နဲ့ ရှေ့တက်လာပြီး ဘောလုံးကော ကစားသမားကိုကော ထိသွားခဲ့ပါတယ် ၊ ဘာနန်ဒို နဲ့ ရှာကာ မတ်တပ်ရပ်လုတဲ့ အနေအထားမှာတော့ ပင်နယ်တီ အဖြစ် သတ်မှတ်ပေးလိုက်ပါတယ် ။ ”

” နှစ်ခုစလုံးက ပင်နယ်တီတွေ ဖြစ်ကြပေမယ့် ကျွန်တော်တို့ လုပ်တော့ကျမှပဲ screen ကို ပြန်ကြည့်ဖို့ အကြံ ပေးပါတယ် ။ တစ်လုံးကိုကျ ကြည့်ခိုင်းပြီး နောက်တစ်လုံးကို ပြန်မကြည့်ခိုင်းတာက ဘာကြောင့်လဲ ဆိုတာ နားမလည် နိုင်အောင် ဖြစ်ရပါတယ် ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက တစ်သမတ်တည်း ရှိမနေခဲ့ပါဘူး ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

SM