မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ပွဲမှ ခြေစွမ်း ဆိုးရွားခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦး အကြောင်း ထုတ်နုတ် ဝေဖန်လိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အမှတ်ပေးဇယား ကို ဦးဆောင်နေတဲ့ မန်စီးတီး အသင်းကို အဝေးကွင်းမှာ ဘယ်လ်ဂျီယမ် ကွင်းလယ် ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းရဲ့ တလုံးတည်းသော အဝေးကန်ချက် သွင်းဂိုးနဲ့ အတူ အရေးနိမ့်ခဲ့လို့ ၊ ရမှတ် ၁၃ မှတ် အထိ ပြတ်ကျန်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ၃ယောက်တွဲ တိုက်စစ်မှာ တောင်ပံ ၂ဖက် အတွက် ခရစ်တီယန် ပူလီဆစ်နဲ့ ဟာကင် ဇီယက်ခ်ျ တို့ကို အသုံးပြုခဲ့ကာ ၊ အထောင် တိုက်စစ်မှာ ရိုမီလူ လူကာကူနဲ့ တွဲဖက် ကစားစေခဲ့ပါတယ် ။

သို့ပေမယ့် တူချယ်ရဲ့ တိုက်စစ် အခင်းအကျင်း က ပွဲချိန် အများစုမှာ အလုပ် မဖြစ်ခဲ့တာကို တွေ့ရပါတယ် ။ အထူးသဖြင့် တောင်ပံ တိုက်စစ် ၂ဦးနဲ့ လူကာကူ အကြား နားလည်မှု နဲ့ အချိတ်အဆက် မမိခြင်း က ချဲလ်ဆီးရဲ့ တန်ပြန်တိုက်စစ် ကစားအားကို နှောင့်နှေးမှု ဖြစ်စေခဲ့ပါတယ် ။

ဒါ့အပြင် ဇီယက်ခ်ျရော ၊ ပူလီဆစ်ပါ ဘောလုံး ဆုံးရှုံးတဲ့အချိန် ၊ ပြိုင်ဖက် ကစားသမားတွေ အပေါ် လုံလုံလောက်လောက် ဖိအားပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။ ပြီးခဲ့တဲ့ ရာသီ အီတီဟတ်မှာ ကစားခဲ့စဉ် က တဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၊ မနေ့ညက ပွဲမှ ဇီယက်ခ်ျ ခြေစွမ်း က အရမ်း နုံချာခဲ့ပါတယ် ။

ထို့အတူ လီဗာပူးနဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပူလီဆစ် ဟာလည်း မနေ့ည က ပွဲချိန် အများစုမှာ နေရာယူပုံ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့သလို ၊ ညာတောင်ပံ တိုက်စစ် အတွက် လုံလောက်တဲ့ ကစားအားမျိုး မပေးနိုင်ခဲ့ပါဘူး ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ ယင်း ချဲလ်ဆီး တောင်ပံတိုက်စစ် ကြယ်ပွင့် ၂ဦးကို အမ်းမရိတ်စ်မှာ မန်စီးတီးကို သူတင်ကိုယ်တင် ယှဉ်ကစားခဲ့တဲ့ အာဆင်နယ် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ၂ဦး ဖြစ်တဲ့ မာတင်နယ်လီ ၊ ဆာကာတို့နဲ့ ကွာခြားမှု ကို နှိုင်းယှဉ် ချပြကာ ၊ အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ် ။

ပွဲပြီး BT Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ ဂျိုကိုးလ် က ” မန်စီးတီးကို နောက်ဆုံး ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး အကြား က အဓိက ကွာဟချက် ဟာ တောင်ပံတိုက်စစ် ၂ဖက် ဖြစ်ပါတယ် ။ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည် အထူး ကောင်းမွန်ခဲ့တာ ဟာ မာတင်နယ်လီနဲ့ ဆာကာတို့ရဲ့ ခြေစွမ်းကြောင့် ဖြစ်ပါတယ် ။ ”

” သူတို့ဟာ တိုက်စစ် ခံစစ် အတက်အဆင်း ညီညီမျှမျှ ကစားပေးခဲ့ပြီး ၊ တန်ပြန်တိုက်စစ် ဆင်တဲ့ နေရာမှာ အင်နဲ့အားနဲ့ ထိုးဖောက်နိုင်ခဲ့ကြပါတယ် ။ ဒီနေ့မှာတော့ ပူလီဆစ်နဲ့ ဇီယက်ခ်ျ တို့ဟာ အကောင်းဆုံး ခြေစွမ်း အဆင့်မှာ ရှိမနေခဲ့ကြပါဘူး ။ ချဲလ်ဆီး ဟာ ဒီနေ့ပွဲမှာ တိုက်စစ် ကစားပုံ တည်ဆောက်မှု ပျောက်ဆုံးနေခဲ့တယ်လို့ ထင်ပါတယ် ။ ”

” မန်စီးတီးရဲ့ ခြေထဲ ဘောလုံး ရှိနေချိန်မှာ ၊ မတ်တီယို ကိုဗာဆစ် က သေသပ် ကောင်းမွန်တဲ့ ဖြတ်ထုတ်မှု ၊ တားဆီးမှုတွေ လုပ်နိုင်ခဲ့ပေမယ့် ၊ သူ့ဆီကနေ တောင်ပံ ၂ဖက်ကို ဘောလုံး ဖြန့်ပေးတဲ့အခါမှာ ၊ ပူလီဆစ်နဲ့ ဇီယက်ခ်ျတို့ဆီကနေ မှန်ကန်တဲ့ ဘောလုံး ပေးပို့မှုတွေ ထွက်မလာခဲ့ပါဘူး ။ ”

” ကျွန်တော် ကိုယ်တိုင်လည်း ကစားသမား ဘဝမှာ နံပါတ် ၁၀ နေရာနဲ့ ကစားခဲ့ဖူးပြီး ၊ တခါတလေမှာ အသင်း အတွက် မှန်ကန်တဲ့ ပေးပို့မှုမျိုး မလုပ်ပေးနိုင်တဲ့ ဒီနေ့လို နေ့မျိုး ကြုံရတာတွေ ရှိခဲ့ဖူးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR