မန်ချက်စတာ ယူနိုက်တက် ကို အရင်လို ပြန်ဖြစ်စေနိုင်မယ့် နည်းပြ အမည်ကို အကြံပြုခဲ့တဲ့ ကီဗင် ကင့်ဘဲ

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင် ကင့်ဘဲ က လက်ရှိ PSG ကို ကိုင်တွယ် နေတဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အရင် အချိန်တွေ တုန်းကလိုမျိုး ပြန်လည် စုစည်း ပေးနိုင်မယ့် နည်းပြ ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

ပိုချက်တီနို ဟာ တော့တင်ဟမ် ဟော့စပါး နဲ့ ပရီးမီးယားလိဂ် အတွေ့ အကြုံ ကောင်းစွာ ရှိခဲ့သူ တယောက် ဖြစ်ပြီး စပါး ကိုလည်း အသင်းကြီး တသင်း အဖြစ် ရောက်ရှိလာအောင် ပုံသွင်း တည်ဆောက် နိုင်ခဲ့သူ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ ပိုချက်တီနို ကို ကာလရှည်ကြာစွာ ချိတ်ဆက် ခဲ့ပေမယ့် အခုချိန်ထိ မခန့်အပ် နိုင်ခဲ့ သေးပါဘူး ။

အိုလေ ဂန်နာ ဆိုးရှား ကို ထုတ်ပယ် လိုက်ချိန်မှာ ပိုချက်တီနို ဟာ နည်းပြသစ် ဖြစ်လာဖို့ ရေပန်း အစားဆုံး ဖြစ်လာခဲ့ ပေမယ့် PSG ဘက်က ပိုချက်တီနို ကို လက်လွှတ်ဖို့ ငြင်းဆန် ခဲ့တာကြောင့် ရပ်ဖ် ရန်းနစ် ကို ၆ လ စာချုပ်နဲ့ ခန့်အပ် ဖြစ်သွားခဲ့ ပါတယ် ။

ကီဗင် ကင့်ဘဲ ကတော့ ပိုချက်တီနို ဟာ မန်ချက်စတာ ယူနိုက်တက် ကို ဆာအဲလက်စ် အချိန်တုန်းက လိုမျိုး စုစည်းမှုတွေ ပြန်လည် ဖော်ဆောင် ပေးနိုင်မယ့်သူလို့ ညွှန်းဆို ခဲ့ပြီး လာမယ့် နွေရာသီမှာ မန်ယူနိုက်တက် ရဲ့ နံပါတ် ၁ ဦးစားပေး ဖြစ်သင့်တယ်လို့ ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

“ပိုချက်တီနို စပါး ကို ဘယ်လို စုစည်း ခဲ့တယ် ၊ ဘယ်လိုမျိုး တိုးတက်အောင် လုပ်ပေး ခဲ့တယ် ဆိုတာတွေကို ပြန်ကြည့် လိုက်တိုင်း သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အသင့်တော်ဆုံး နည်းပြ ဆိုတာကို ကျွန်တော် အမြဲ တွေးနေ မိခဲ့ ပါတယ် ။

သူ ဟာ လူငယ်တွေ ကိုလည်း မြေတောင် မြှောက်ပေး နိုင်ပါတယ်”

“ပိုချက်တီနို ထက် ပိုဝါရင့်ပြီး ပိုနည်းစနစ် ကောင်းတဲ့ နည်းပြတွေ ရှိမှာပါ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ပိုချက်တီနို ထက် ပိုသင့်တော်တဲ့ နည်းပြ မရှိ နိုင်ပါဘူး ။

လက်ရှိ အခြေအနေတွေ အရ ပြောရရင် ပိုချက်တီနို က ယူနိုက်တက် အတွက် အသင့်သုံး နည်းပြတယောက် ပါပဲ” လို့ ကီဗင် ကင့်ဘဲ က ပြောဆို သွားခဲ့ ပါတယ် ။

 

ဂယ်ရီ နဗီးလ် ကလည်း ကင့်ဘဲ ရဲ့ အဆိုကို ထောက်ခံ ခဲ့ပြီး ပိုချက်တီနို ကို ယူနိုက်တက် နည်းပြသစ် အဖြစ် မြင်တွေ့ လိုကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ရာသီ အကုန်မှာ အသင်းကို ကာလရှည် ကိုင်တွယ်နိုင်တဲ့ နည်းပြတယောက် ကို မှန်မှန် ကန်ကန် ရွေးချယ် နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။

အဲ့ဒိ လူက ပိုချက်တီနို ဖြစ်ဖို့လည်း မျှော်လင့် မိပါတယ် ။ ဘာလို့လည်း ဆိုတော့ သူက ဒီမှာ အတွေ့ အကြုံ ရှိပြီးသား မလို့ပါ”

“အခုအချိန်ဟာ သူ့ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ သင့်လျော်တဲ့ အခိုက်အတန့် လို့လည်း ထင်ပါတယ် ။

ပိုချက်တီနို က စတားတွေ ကို ကိုင်တွယ် ဖူးပြီးပါပြီ ။ သူ အသင်းတွေကို ကိုင်တွယ် စီမံတဲ့ ပုံစံကို ကျွန်တော် အမြဲပဲ သဘောကျခဲ့ တာပါ ။

သူ မန်ယူနိုက်တက် မှာ အံဝင်နိုင်မယ်လို့ ယုံကြည် ထားပါတယ်” လို့ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ပိုချက်တီနို ဟာ ရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူး အတွက် အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် နဲ့ အပြိုင် ရေပန်းစား နေသူလည်း ဖြစ် ပါတယ် ။

 

SPORTS MYANMAR