ဘာစီလိုနာ ကစားသမားဟောင်းတွေထဲက နေရာအလိုက် အကောင်းဆုံး ၄ ဦးကို ရွေးချယ်ရာမှာ မက်ဆီကို ချန်လှပ်ခဲ့တဲ့ ဒါနီအဲဗက်စ်

ဒါနီအဲဗက်စ်ဟာ ဘာစီလိုနာ ကစားသမားဟောင်းတွေ ထဲက သူ့ရဲ့ စိတ်ကြိုက် နေရာအလိုက် အကောင်းဆုံး ကစားသမား ၄ ဦးကို ရွေးချယ် သွားခဲ့ပြီး ဒီထဲမှာ အံ့အားသင့်စရာ ဆုံးဖြတ်ချက် တစ်ခုတော့ ပါ၀င် ခဲ့ပါတယ်။ ဘရာဇီး နောက်ခံလူဟာ ပြီးခဲ့တဲ့ နို၀င်ဘာလက ရော်နယ်ကိုးမန်းရဲ့ နေရာကို အစား၀င်လာခဲ့တဲ့ ဘာစီလိုနာ နည်းပြ ဇာဗီရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။

အဲဗက်စ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တတိယတန်းကလပ် လိုင်နီယာကို ပွတ်ကာသီကာ ကပ်ပြီး အနိုင်ရရှိခဲ့တဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ်မှာ ဘာစီလိုနာ အတွက် ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဆီဗီလာနဲ့ ကိုပါဒယ်ရေးဖိုင်နယ် ပွဲစဉ်နောက်ပိုင်း ဘာကာအတွက် ပထမဦးဆုံး ပြန်ကစားခဲ့တာ ဖြစ်ကာ မနေ့က ဂရန်နာဒါနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာလည်း ဂိုးဖန်တီးပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဘာကာ ညာနောက်ခံလူဟာ နေရာ အလိုက် အကောင်းဆုံး ကလပ် ဂန္တ၀င် လေးဦးကို ရွေးချယ်သွားခဲ့ပြီး အံ့အားသင့်စရာ ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီကို တိုက်စစ် နေရာ အတွက် ရွေးချယ်ခြင်း မပြုခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ နေရာ ၄ နေရာ ထဲက ဂိုးသမား နဲ့ နောက်ခံလူ နေရာတွေ အတွက် စတင် ရွေးချယ်ရာမှာ အဲဗက်စ်ဟာ ဂိုးသမား နေရာမှာ ဗစ်တာဗဲဒက်စ် နဲ့ နောက်ခံလူ နေရာမှာ ကားလက်စ်ပူယိုး တို့ကို ရွေးချယ် ခဲ့ပါတယ်။

ကွင်းလယ်လူ နေရာ အတွက် အဲဗက်စ်ဟာ လက်ရှိ ဘာစီလိုနာ နည်းပြ ဖြစ်သူ ဇာဗီကို ရွေးခဲ့ပါတယ်။ အငြင်းပွားဖွယ် ဖြစ်ခဲ့တာ ကတော့ တိုက်စစ် နေရာ အတွက် ရွေးချယ်မှုပဲ ဖြစ်ပြီး ဘရာဇီး နောက်ခံလူဟာ မက်ဆီကို လျစ်လျူရှုကာ ကင်မရွန်း ဂန္တ၀င် တိုက်စစ်မှုး ဆယ်မြူရယ်အီတိုး ကိုပဲ ရွေးချယ် သွားခဲ့ပါတယ်။

အီတိုးဟာ နူးကမ့်မှာ ကစားခဲ့တဲ့ ၅ ရာသီမှာ ဘာစီလိုနာကို ချန်ပီယံလိဂ်ဖလား အပါအ၀င် အခြား ဆုဖလားတွေလည်း ရယူပေးခဲ့သူ ဖြစ်ပြီး ကလပ် အတွက် ၁၉၉ ပွဲမှာ ဂိုး ၁၃၀ ထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ အဲဗက်စ်က အီတိုးကို ‘ဂိုးသမားတွေကို သတ်တဲ့ machine’ အဖြစ် တင်စား ခဲ့ပါတယ်။

မက်ဆီ နဲ့ အဲဗက်စ် တို့ဟာ ကတ်တလန် ကလပ်မှာ ၂၀၀၈ နဲ့ ၂၀၁၆ ခုနှစ်ကြာ အတူ တွဲဖက် ကစားခဲ့ကြသူတွေ ဖြစ်ပြီး အဆိုပါ ကာလအတွင်း ၎င်းတို့ဟာ အဓိက ဆုဖလားပေါင်း ၂၃ လုံးထိ အတူတကွ ဆွတ်ခူး နိုင်ခဲ့ကြပါတယ်။ အဲဗက်စ်ဟာ မက်ဆီကို တိုက်စစ်နေရာ အတွက် ရွေးချယ်ခြင်း မပြုခဲ့ပေမယ့်လည်း ဒီကစားသမား ၂ ဦး ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတော့ ရှိနေပါတယ်။

ဒီကစားသမား ၂ ဦးဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့ဘောလုံးလောက က အခြား ကစားသမားတွေထက် ဆုဖလားတွေ ပိုမို ရရှိထားခဲ့ကြသူတွေ ဖြစ်ပြီး အဲဗက်စ်ဟာ ကစားသမား ဘ၀မှာ စုစုပေါင်း ဆုဖလား ၄၂ လုံး နဲ့ ဘလွန်းဒီအော ၇ ဆုရှင် မက်ဆီဟာ စုစုပေါင်း ဆုဖလား ၃၆ လုံးထိ ရရှိထားခဲ့ ပါတယ်။

SM