ဗလာဟိုဗစ် ကို ခေါ်ဖို့ မဖြစ်နိုင်တော့တာကြောင့် တိုက်စစ်မှူး ပစ်မှတ် ပြောင်းလဲ လိုက်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား အသင်း တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် အက်စပန်ညော် အသင်း တိုက်စစ်မှူး ရာအူးလ် ဒီ သောမက်စ် ကို ခေါ်ယူဖို့ ကြိုးစား သွားမယ်လို့ စပိန်က သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အခက်အခဲ ဖြစ်နေပြီး ကနေဦး အနေနဲ့ ယူရို ၆၇ သန်း + တော်ရီးယား ကို အလိုက်ပေး ကမ်းလှမ်း ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်း အတွက် သတင်းဆိုး အနေနဲ့ ဂျူဗင်တပ်စ် အသင်းဟာ ဗလာဟိုဗစ် ကို ရဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေပြီး သဘောတူညီမှုတောင် ရရှိခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

ဒီရာသီ စီရီးအေ သွင်းဂိုး ၁၇ ဂိုး အထိ သွင်းထားပြီး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတဲ့ ဗလာဟိုဗစ် ဟာ အာဆင်နယ် ထက်စာရင် ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဒီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ခေါ်ဖို့ စိတ်အားထက်သန် နေဆဲ ဖြစ်ပြီး AS ရဲ့ဖော်ပြချက်အရ အက်စပန်ညော် တိုက်စစ်မှူး ဒီသောမက်စ် ကို မျက်စိ ကျနေတယ်လို့ သိရပါတယ် ။

AS ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ ဒီသောမက်စ် ကို ကင်းထောက် စောင့်ကြည့် နေတာ လအတန်ကြာ ရှိနေပြီ ဖြစ်ပြီး နည်း​ပြ အာတီတာ ကလည်း အသက် ၂၇ နှစ် အရွယ် စပိန်သားကို ခေါ်ယူဖို့ ပိုအလေးပေး ထောက်ခံနေတယ်လို့ သိရပါတယ် ။

ဒီသောမက်စ် ဟာ အက်စပန်ညော် အသင်းမှာ ကစားတာ ၃ ရာသီမြောက် ရှိသွား ခဲ့ပြီ ဖြစ်ပြီး ဒီရာသီမှာ ပွဲ ၂၀ ကစား ၁၁ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။ ဒီသောမက်စ် ဟာ အက်စပန်ညော် အသင်း နဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၇၀ ရှိပါတယ် ။

ဒီသောမက်စ် ဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပေမယ့် ဘာနေဗျူးမှာ တစ်ပွဲသာ ကစားခွင့် ရခဲ့ပါတယ် ။ ဒီသောမက်စ် ဟာ သွင်းဂိုး ၂၃ ဂိုး အထိ သွင်းပြီး အက်စပန်ညော် အသင်းကို ဆီဂန်ဒါ ကနေ လာလီဂါ ပြန်လည် ပို့ဆောင် ပေးခဲ့သူလည်း ဖြစ်ပါတယ် ။

 

SM