ဖီဖာ ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ မက်ဆီ

PSG နဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ မကြာခင် ပေးအပ် ချီးမြှင့် တော့မယ့် ၂၀၂၁ ခုနှစ် အတွက် ဖီဖာ ရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံး သမား ဆုကို ရရှိဖို့ ရေပန်း အစားဆုံး ဖြစ်နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ က ပေးအပ်တဲ့ The Best Award ရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု အတွက် နောက်ဆုံး စကာတင် စာရင်းကို မက်ဆီ ၊ လီဝန်ဒေါ့စကီး နဲ့ မိုဟာမက် ဆာလာ တို့ ရောက်ရှိ ခဲ့ကြပြီး လာမယ့် ဆုပေးပွဲမှာတော့ ဆုရရှိသူ ရဲ့ အမည်ကို သိရတော့မှာပဲ ဖြစ်ပါတယ် ။

မက်ဆီ ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ တုန်းက ရွှေဘောလုံး ဆုပေးပွဲမှာလည်း သူ့ဘ၀ အတွက် ၇ ကြိမ်မြောက် ရွှေဘောလုံးဆု ကို ဆွတ်ခူး ရရှိ ထားခဲ့ ပါတယ် ။

ဖီဖာ ဟာ The Best Award အတွက် မဲပေးဖို့ စဉ်းစားရာမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ ကနေ ၂၀၂၁ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ အကြားက စွမ်းဆောင်ရည်တွေ ၊ ရယူ နိုင်မှုတွေ အပေါ် အခြေခံကာ မဲပေးဖို့ လက်ရွေးစင် အသင်း နည်းပြတွေ နဲ့ အသင်းခေါင်းဆောင်တွေကို သတ်မှတ် ပေးထားခဲ့ ပါတယ် ။

မက်ဆီ ဟာ အဆိုပါ ကာလ အတော အတွင်းမှာ အသင်းဟောင်း ဘာစီလိုနာ နဲ့ ကိုပါ ဒယ်ရေး ဖလား ကို ရခဲ့သလို လာလီဂါ မှာလည်း ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့ ပါတယ် ။

ဒါ့အပြင် မက်ဆီ ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ မှာ အာဂျင်တီးနား အသင်းနဲ့ ကိုပါ အမေရိက ဖလား ကို ရယူ နိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ဆွတ်ခူး ရရှိ နိုင်ခဲ့ ပါတယ် ။

ဒါဟာ မက်ဆီ ကို ပြိုင်ဘက်တွေထက် စွမ်းဆောင်ရည် နဲ့ အောင်မြင်မှု အပိုင်းအတွက် အမှတ်များစွာ ရရှိ စေနိုင်ပြီး ရေပန်းအစားဆုံး ဖြစ်လာစေခဲ့ ပါတယ် ။

မနှစ်က ဖီဖာ ရဲ့ The Best Award ဆုရှင် လီဝန်ဒေါ့စကီး ကတော့ ဘိုင်ယန်မြုးနစ် နဲ့ ပြည်တွင်း ချန်ပီယံ ဖြစ်ခဲ့ကာ တရာသီလုံး သွင်းဂိုး ၅၀ ကျော် သွင်းယူ နိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် ဘွန်ဒစ်လီဂါ နဲ့ ဥရောပ ဂိုးသွင်း ဘုရင်ဆုတွေ ကိုလည်း ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

နောက်ထပ် စကာတင် တယောက် ဖြစ်တဲ့ မိုဟာမက် ဆာလာ ကတော့ ဖီဖာ သတ်မှတ် ထားတဲ့ ကာလ အတွင်းမှာ ဆုဖလား ရရှိမှု မရှိခဲ့သလို သွင်းဂိုး အရေအတွက် ကလည်း ၂၃ ဂိုးသာ ရရှိ ထားခဲ့တာကြောင့် နောက်ဆုံး စကာတင် ၃ ယောက်ထဲ ပါဝင်လာမှု အပေါ် မေးခွန်းတွေ ထွက်လာခဲ့ ကြပါတယ် ။

အချက်အလက်တွေ အရ ဆာလာ ဟာ ၂၀၂၀ အောက်တိုဘာ ကနေ ၂၀၂၁ သြဂုတ် အတွင်း စွမ်းဆောင်မှုတွေမှာ မက်ဆီ ၊ လီဝန်ဒေါ့စကီး တို့သာမက ဟာလန်း ၊ ရိုနယ်ဒို ၊ ဘာပေ နဲ့ ဘန်ဇီးမား တို့ထက်ပင် လျော့နည်း နေခဲ့တာကို တွေ့ရှိ ခဲ့ရ ပါတယ် ။

The Best Award ဆုကို ၂ ကြိမ်ဆက်တိုက် ရရှိဖူးတဲ့ ရိုနယ်ဒို ကတော့ မနှစ်က ယူဗင်တပ် နဲ့ ပြည်တွင်း ရှုံးထွက် ဖလား ရခဲ့သလို စီးရီးအေ ရဲ့ ဂိုးသွင်း ဘုရင်ဆုကိုလည်း ရရှိခဲ့ ပါတယ် ။

နိုင်ငံ အသင်း နဲ့ အောင်မြင်မှု မရှိခဲ့ ပေမယ့် ရိုနယ်ဒို ကိုယ်တိုင် အတွက်တော့ ပရို ကစားသမား ဘ၀ သွင်းဂိုး မှတ်တိုင်သစ်တွေကို စိုက်ထူ နိုင်ခဲ့ ပါတယ် ။

အချို့ ကတော့ မိုဟာမက် ဆာလာ ထက် နိုင်ငံ ရော ကလပ် အသင်းမှာပါ ဆုဖလားတွေ နဲ့ စွမ်းဆောင်ရည် ကောင်းတွေ ရှိခဲ့တဲ့ ရီးရဲ နဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ဘန်ဇီးမား ကို ပိုမို ရွေးချယ် သင့်တယ်လို့ ဆိုခဲ့ကြ ပါတယ် ။

ဘန်ဇီးမား ဟာ မနှစ်က လာလီဂါ ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရခဲ့သလို ပြင်သစ် အသင်းနဲ့ လည်း ဥရောပ နေးရှင်းလိဂ် ကို ဆွတ်ခူး ရရှိ ခဲ့ ပါတယ် ။

ဖီဖာ ရဲ့ The Best Award ဆုပေးပွဲ ကို လာမယ့် ဇန်နဝါရီ 17 ရက်နေ့မှာ ကျင်းပ မှာ ဖြစ်ပြီး တနှစ်တာ အကောင်းဆုံး ကစားသမားဆု ၊ နည်းပြဆု ၊ သွင်းဂိုးဆုတွေ အပါအဝင် အခြားဆုတွေ ကိုလည်း ပေးအပ် ချီးမြှင့် သွားမှာ ဖြစ် ပါတယ် ။

ဒီဆု ကို ၂၀၁၉ တုန်းက ပထမဆုံး အကြိမ် ရခဲ့ဖူးတဲ့ မက်ဆီ တယောက် ဒုတိယ အကြိမ် ထပ်မံ ရရှိဦးမလား ဆိုတာတော့ စောင့်ကြည့် သွားရမှာပဲ ဖြစ် ပါတယ် . . . ။

 

SPORTS MYANMAR