ဖာရန် တောရက် ကို ခေါ်ယူထားပြီးပြီ ဖြစ်ပေမယ့် တရားဝင် မှတ်ပုံ မတင်နိုင်သေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဟာ မန်စီးတီး လူငယ် တိုက်စစ် ကစားသမား ဖာရန် တောရက် ကို ပြောင်းရွှေ့ကြေး ယူရို 55 သန်း နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပေမယ့် လက်ရှိ အချိန်ထိ ကစားသမား စာရင်းမှာ တရားဝင် မှတ်ပုံတင်နိုင်ခြင်း မရှိသေးပါဘူး။ အဓိက အကြောင်းအရင်းက လာလီဂါ မှာ ပြဌာန်းထားတဲ့ လစာပေးချေမှု ပမာဏ ကန့်သတ်ချက်ကြောင့် ဖြစ်ပါတယ်။

နည်းပြ ဇာဗီဟာ တိုက်စစ်မှုး အဂွေးရိုး ဘောလုံးသမား ဘ၀ ကနေ အနားယူပြီး နောက်ပိုင်း သူ့ရဲ့ တိုက်စစ်ကို ဖာရန် တောရက် နဲ့ အစားထိုး ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေသည့်တိုင်အောင် လက်ရှိ အချိန်ထိ လုပ်ဆောင်ခွင့် မရသေးပါဘူး။

ဒါကြောင့် ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေ ဟာ လက်ရှိ အသင်းက လစာ ပေးချေမှုတွေ ကို တစ်နည်းတဖုံ လျှောချနိုင်ဖို့ အတွက် အကြံရှူလျှက် ရှိနေပါတယ်။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ လစာတွေ အများကြီး ပေးထားရတဲ့ ကော်တင်ဟို ၊ ခံစစ်မှာ အသုံးမလိုတော့တဲ့ အမ်တီတီ တို့ကို ရောင်းချနိုင်ဖို့ အတွက် မျှော်လင့်နေသော်လဲ ၊ အဆိုပါ ကစားသမားတွေ ကို ခေါ်ယူဖို့ လိုလိုချင်ချင် နဲ့ ကမ်းလှမ်းလာတဲ့ အသင်းမျိုးက ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

ပရီးမီးယားလိဂ် ကလပ် တစ်ချို့က ကော်တင်ဟို ကို ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ သတင်းတွေ ထွက်ပေါ်နေသည့်တိုင်အောင် ၊ ကစားသမား အတွက် ပေးချေရမယ့် လစာ ပမာဏမျိုး အထိ မတတ်နိုင်တာကြောင့် တွန့်ဆုတ်နေကြသလို ၊ အမ်တီတီ ကို ခေါ်ယူချင်တဲ့ အသင်း တစ်ချို့ကလဲ ပေးချေနိုင်တဲ့ ပမာဏ နဲ့ လက်ရှိ ရနေတဲ့ လစာ နှုန်းထားက ကွာဟလွန်းလျှက် ရှိနေတာပါ။

တစ်ချိန်တည်းမှာ အဆိုပါ ကစားသမားနှစ်ယောက် စလုံးက လစာ လျှော့ယူဖို့ အစီအစဉ် မရှိပဲ ဖြစ်နေသည့်အတွက် ဘာစီလိုနာ အတွက် အကျပ်ရိုတ်လျှက် ရှိနေပါတယ်။

ဒါကြောင့် ဘာစီလိုနာ ဟာ ဒမ်ဘီလီ ကို လစာလျှော့ပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားလာနေပါတယ်။ အဲဒီ အကြောင်းကို နည်းပြ ဇာဗီ ကိုယ်တိုင်က အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ လစာ ပေးချေတဲ့ ပမာဏ အနေအထားက ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ ဘယ်သူတွေ အသင်းကနေ ထွက်ခွာမလဲ ၊ ဘယ်လို နည်းလမ်းတွေ နဲ့ လျှော့ချနိုင်မလဲ ဆိုတာ စဉ်းစား လုပ်ဆောင်လျှက် ရှိပါတယ်။ တကယ်လို့ ဒမ်ဘီလီ သာ လစာလျှော့ယူပြီး စာချုပ်သစ် ချုပ်လိုက်မယ် ဆိုရင်တော့ ၊ တောရက် ကို မှတ်ပုံတင်လို့ ရသွားမှာပါ။ အဲဒီလို ဖြစ်လာလိမ့်မယ်လို့လဲ မျှော်လင့်ထားပါတယ်” လို့ Goal နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒမ်ဘီလီ ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာ က သူ့ကို လစာ လျှော့ပေးပြီး ၊ စာချုပ် သက်တမ်း တိုးဖို့ ကြိုးစားခဲ့တာ အစောပိုင်းမှာ အောင်မြင်မှု ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။

အဓိက အကြောင်းအရင်းက ဖာရန် တောရက် ကို ခေါ်ယူလိုက်တဲ့ ကိစ္စကနေ စတင်ခဲ့တာပါ။ ဒမ်ဘီလီ က သူ့ကို လိုလိုချင်ချင် နဲ့ စာချုပ်သက်တမ်း တိုးတယ်လို့ ယူဆထားတာကြောင့် လစာ လျှော့ယူဖို့ကို သဘောတူခဲ့ပေမယ့် ၊ နောက်ထပ် တောင်ပံ ကစားသမား တစ်ယောက် ဖြစ်တဲ့ တောရက် ကို ခေါ်ယူလိုက်ချိန်မှာတော့ ဘာစီလိုနာ ဟာ ငွေကြေး သုံးစွဲဖို့ တတ်နိုင်တဲ့ အင်အားလဲ ရှိသလို ၊ သူ့ကိုလဲ အလွတ်ကြေး နဲ့ မဆုံးရှုံးစေဖို့ အတွက် ရည်ရွယ်ကာ စာချုပ်သက်တမ်း တိုးဖို့ ပြင်ဆင်လာတာ ဖြစ်တယ် ဆိုတဲ့ အမြင်မျိုးနဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်လာကြတယ်လို့ သတင်းတွေ က ဆိုပါတယ်။

ဒါကြောင့် ကစားသမားဟာ လစာ လျှော့ယူဖို့ ကိစ္စကို ပြန်လည် ငြင်းဆန်လိုက်ပြီး ၊ ရာသီ အကုန်မှာ အလွတ်ကြေး နဲ့ ထွက်မယ် ဆိုရင် လက်မှတ်ထိုးကြေး ဘောနပ်ပါ ရလာနိုင်တဲ့ အခွင့်အလမ်းတွေကို မျက်စိကျနေပါတယ်။

ဇာဗီ ကတော့ တောရက် ဟာ အသင်းအတွက် အကျိုးရှိမယ့် ခေါ်ယူမှု တစ်ခုဖြစ်ကြောင်း အခုလို ဆက်ပြီး မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ တောရက် က ကစားသမားကောင်းလဲ ဖြစ်သလို ၊ သဘောထားလဲ ပြည့်ဝတဲ့ လူတစ်ယောက်ပါ ။ ဒါကြောင့် အသင်းအတွက် အကျိုးရှိတဲ့ ကစားသမား ခေါ်ယူမှုမျိုး ဖြစ်လာပါလိမ့်မယ်။

အခုဆိုရင် ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သလို ၊ အသင်းရဲ့ စီမံကိန်းတွေ အပေါ်လဲ ယုံကြည် လက်ခံထားသူ ဖြစ်လို့ သူ့ဆီကနေ အများကြီး မျှော်လင့်လို့ ရမှာ ဖြစ်ပါတယ်။ ဒါကို ကျနော်က လုံး၀ သံသယ မဖြစ်တာပါ။ သူဟာ နေရာစုံလဲ ကစားနိုင်တာမို့ ၊ အဲဒီလို ကစားသမား ရအောင် ခေါ်ပေးခဲ့တဲ့ ကလပ်ရဲ့ လုပ်ဆောင်ချက်ကိုလဲ အသိအမှတ်ပြုပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM