ပွဲအစ ၁မိနစ်မှာကတည်းက မာနေး ကွင်းထဲမှာ ဆက်မရှိသင့်တော့ဘူးလို့ မှတ်ချက်ပေးခဲ့တဲ့ အက်ဇ်ပီလီကွီတာ

မနေ့ည က ကစားခဲ့တဲ့ ၂၀၂၂ ခုနှစ်ရဲ့ ပရီးမီးယားလိဂ် Super Sunday ပွဲကြီးပွဲကောင်း အဖြစ် ချဲလ်ဆီးနဲ့ လီဗာပူး အသင်းတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ကြရာ ၊ ပထမပိုင်းက အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ တဖက် ၂ဂိုးစီ သရေကျခဲ့ပြီး ၊ တမှတ်စီ ခွဲဝေယူခဲ့ပါတယ် ။

ဒီပွဲဟာ အဖွင့် ၁မိနစ် ကတည်းက စပြီး ၊ ဖျော်ဖြေမှု အပြည့် ပေးခဲ့ကာ ၊ ပွဲအစ စက္ကန့်ပိုင်း အတွင်း လီဗာပူး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် တောင်ပံ ကစားသမား ဆာဒီယို မာနေး ဟာ ချဲလ်ဆီး ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာကို တံတောင်နဲ့ ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ အဝါကတ် ပြသခံခဲ့ရပါတယ် ။

ဒါဟာ သွေးမပူသေးတဲ့ အချိန်မှာ ကြုံရတဲ့ foul အနေအထား တရပ် ဖြစ်တာကြောင့် ၊ ကွင်းလယ်ဒိုင် အန်သိုနီ တေလာ ဟာ ထိုဖြစ်ရပ်ကို VAR ပင် မကြည့်ခဲ့ပဲ ၊ မျက်လုံးနဲ့ ကြည့်ကာ ၊ မာနေးကို အဝါသာ ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ထို့နောက် မိနစ်ပိုင်း အကြာမှာပဲ မာနေး က လီဗာပူး အတွက် အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပါတယ် ။

ဒီဂိုးဟာ ချဲလ်ဆီး နောက်ခံလူ ထရက်ဗာ ချာလိုဘာရဲ့ အမှားကြောင့် ဖြစ်ပြီး ၊ မာနေးက ထို အခွင့်အရေးကို အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ပါတယ် ။ ထို့နောက် အီဂျစ် စူပါစတား မိုဟာမက် ဆာလာ က လီဗာပူး အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို လှလှပပ သွင်းယူခဲ့ကာ ၊ ပထမပိုင်းပြီးခါနီး ၅မိနစ် အလိုလောက် အထိ ပွဲကို အထက်စီးက ဦးဆောင်စေခဲ့ပါတယ် ။

သို့ပေမယ့် ပွဲပြီးခါနီး ၅မိနစ် အတွင်းမှာ ချဲလ်ဆီး ဟာ ကိုဗာဆစ် ၊ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အခြေအနေကို ပြောင်းပြန် လှည့်ပစ်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ဘယ်အသင်းကမှ ဂိုးထပ်မရခဲ့လို့ ၊ တဖက် ၂ဂိုးစီ သရေ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ရပါတယ် ။

ပွဲပြီး Sky Sports ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီး ဝါရင့် နောက်ခံလူ အက်ဇ်ပီလီကွီတာ က ၄င်းကို တံတောင်နဲ့ ရိုက်ခဲ့တဲ့ မာနေး ဟာ ပွဲအစ တမိနစ်မှာကတည်းက ကွင်းထဲမှာ ဆက်ရှိမနေသင့်တော့ကြောင်း အခုလိုပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ဒါဟာ တိုက်ရိုက် အနီ ဆိုတာ ရှင်းနေပါတယ် ။ ပွဲအစ ၅စက္ကန့် မကလို့ ၊ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဒါက တိုက်ရိုက် အနီပါပဲ ။ သူဟာ ကျွန်တော်နဲ့ အပြိုင် ခေါင်းယှဉ် မလုချင်ခဲ့သလို ၊ ဘောလုံးကိုလည်း ကြည့်ချင်ခဲ့တာ မဟုတ်ပါဘူး ။ ကျွန်တော့ကို တံတောင်နဲ့ ပြစ်ဒဏ် ကျူးလွန်ဖို့သာ အာရုံ ရောက်နေခဲ့တာပါ ။ ”

” ကွင်းလယ်ဒိုင်ရဲ့ ဒီ ဆုံးဖြတ်ချက် ကို ကျွန်တော်ဖြင့် ဘယ်လိုမှ နားမလည်နိုင်ပါဘူး ။ အရှေ့ရက်မှာကျတော့ ပင်နယ်တီ ရနိုင်ခြေ ရှိတဲ့ ဖြစ်ရပ် ၂ခု အတွက် VAR က ဘာစစ်ဆေးမှုမှ ပြန်မလုပ်ပေးခဲ့ပါဘူး ။ ဒီနေ့မှာတော့ ပွဲစစချင်း အနီ ဖြစ်နိုင်ခြေ ရှိတဲ့ အနေအထားကို VAR က ပြန်မကြည့်ပေးခဲ့တာပါ ။ ”

” ဟုတ်ပါတယ် ။ ကျွန်တော်တို့ဟာ ပွဲရဲ့ အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲစေတဲ့ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်မျိုး မကြာခဏ ခံနေရပါတယ် ။ ၅၀-၅၀ ဖြတ်ထုတ်မှုတွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ဒါပေမယ့် တခါတလေမှာ ဟာသဆန်လွန်းတဲ့ ပင်နယ်တီ ပေးတာတွေတောင် မြင်နေရပါပြီ ။ ”

” ကျွန်တော်တို့ဟာ ကစားသမား တဦးရဲ့ အသက် အန္တရာယ် ဖြစ်နိုင်လောက်တဲ့ ပြစ်ဒဏ် ကျူးလွန်မှုမျိုး မြင်ခဲ့ရပေမယ့် ၊ တကယ် အရေးယူမှုတော့ ဘယ်သူမှ မလုပ်ပေးကြပါဘူး ။ အရှေ့ ရက်သတ္တပတ် အချို့က ကစားခဲ့တဲ့ ပွဲတွေမှာ ဒီထက် ပိုပျော့တဲ့ ပြစ်ဒဏ် ကျူးလွန်မှုတွေ ကိုတောင် တိုက်ရိုက် အနီနဲ့ ထုတ်ပယ်ခဲ့တာတွေ ရှိခဲ့ပါသေးတယ် ။ ”

” အခုက အခြေအနေက ပြောင်းပြန်ပါပဲ ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး ။ ပြိုင်ပွဲ တလျှောက်မှာ VAR ရဲ့ ဆုံးဖြတ်ချက်တွေက တသမတ်တည်း ရှိမနေပါဘူး ။ ဒါက စိတ်ပျက်စရာကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR