ပွဲစဉ် ၁ မှာတင် ဂယက်ရိုက်တဲ့ အာဖရိကဖလား ၊ ကြားရက်ပွဲရလဒ်တွေ ၊ အပြောင်းအရွှေ့ အကြောင်းတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

ကင်မရွန်း နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ နေတဲ့ ၂၀၂၁ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ရဲ့ ပွဲစဉ် ၁ ကတော့ မနေ့ညက ပွဲတွေ ကစားအပြီးမှာ ပြီးဆုံး သွားခဲ့ ပါပြီ ။

မနေ့ ညက ပွဲတွေမှာ မာလီ က တူနီးရှား ကို ၁-၀ ၊ ဂမ်ဘီယာ က မာရူတားနီးယား ကို ၁-၀ ၊ အိုင်ဗရီကိုစ့် က အီကွေတိုရီရယ် ဂီနီယာ ကို ၁-၀ ရလဒ်တွေ နဲ့ အသီးသီး အနိုင် ရရှိ သွားခဲ့ကြပါတယ် ။

ပွဲစဉ် ၁ အပြီးမှာတော့ ပစ်ခတ်မှုတွေကြောင့် လေ့ကျင့်ခန်း အစီအစဉ် ဖျက်သိမ်းရတာ ၊ ကွင်းလယ်ဒိုင် ရဲ့ ကမောက်ကမ လုပ်ရပ်တွေ ၊ နိုင်ငံတော်သီချင်း မှားဖွင့်မှုတွေ နဲ့ ဝေဖန်ချင်စရာ ဖြစ်စေခဲ့ ပါတယ်

( ဒီအကြောင်းကိုတော့ ဆက်လက် ဖော်ပြ ပေးသွားပါမယ် )

ဆော်ဒီ မြေမှာ ကစားခဲ့တဲ့ စပိန် စူပါဖလား ဆီမီးဖိုင်နယ် ပထမ ပွဲစဉ် မှာတော့ ရီးရဲ မက်ဒရစ် ဟာ ဘာစီလိုနာ အသင်းကို အချိန်ပို အထိ ကစားခဲ့ပြီး ၃-၂ နဲ့ အနိုင် ရကာ ဗိုလ်လုပွဲ ကို တက်ရောက် သွားခဲ့ ပါတယ် ။

ရီးရဲ ဟာ ဒီကနေ့ညမှာ ကစားမယ့် ဘီဘာအို – အက်သလက်တီကို မက်ဒရစ် ပွဲက အနိုင် ရရှိ လာမယ့် အသင်းနဲ့ ဗိုလ်လုရ မှာပဲ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ ပွဲကျန် ကိုလည်း မနေ့ညက ကစား သွားခဲ့ပြီး ဝက်စ်ဟမ်း က နောဝှစ်ချ် စီးတီး အသင်းကို တောင်ပံ ကစားသမား ဘိုဝင် ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ ရလဒ် နဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

အီတလီ စူပါဖလား ပွဲမှာတော့ အင်တာ မီလန် ဟာ ယူဗင်တပ် ကို ၂-၁ နဲ့ အနိုင် ရရှိကာ ချန်ပီယံ အဖြစ် အောင်ပွဲ ခံသွားခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ အဲဗာတန် အသင်းဟာ အက်စတွန် ဗီလာ ရှေ့တန်းလူ အယ်ဂါဇီ ကို အငှား နဲ့ ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ် ။ အယ်ဂါဇီ ဟာ အဲဗာတန် မှာ ရာသီကုန် အထိ ကစားသွားမှာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် ကိုလည်း စာချုပ် ထဲမှာ ထည့်သွင်း ပေးထားတယ်လို့ ကြားသိရ ပါတယ် ။

ဆီဗီးလား အသင်း ကတော့ ပေါ်တို ကစားသမား ဟေဆူး ကိုရိုနာ ကို ယူရို ၃ သန်း နဲ့ ခေါ်ယူ နိုင်ဖို့ ညှိနှိုင်း ဆွေးနွေး နိုင်တော့မယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး အသင်းကတော့ ဘရာဇီး ကလပ် ဖလာမင်ဂို မှာ ကစားနေတဲ့ ကွင်းလယ်လူ ကနေဒီ ရဲ့ အငှား စာချုပ် ကို ဖျက်သိမ်းပြီး လန်ဒန် ကို ပြန်ခေါ် ခဲ့ပါတယ် ။ ဒါပေမယ့် အသင်းမှာ ပေးကစားဖို့ မဟုတ်ဘဲ ထပ်မံ အငှားချ သွားဖို့ အသင်းရှာဖွေ နေတယ်လို့ သိရှိရ ပါတယ် ။

ရှက်တာ ဒိုးနက် အသင်းဟာ အိုင်ယက်စ် တောင်ပံ ကစားသမားလေး ဒေးဗစ် နီရက်စ် ကို ယူရို ၁၆ သန်း ဝန်းကျင် နဲ့ ခေါ်ယူ နိုင်တော့မယ်လို့ သိရပါတယ် ။ လက်ရှိ မှာ စာရွက် စာတမ်း ကိစ္စတွေသာ ကျန်ရှိ တော့ပြီး အိုင်ယက်စ် ကတော့ စပါး တောင်ပံ ကစားသမား စတီဗင် ဘာ့ဝင်း ကို အစားထိုး ခေါ်ယူ သွားဖို့ လုပ်ဆောင် မယ်လို့ သိရှိရ ပါတယ် ။

စပါး နဲ့ လီဗာပူး ကစားသမားဟောင်း ဂျေမီ ရက်နက် ကတော့ တော့တင်ဟမ် ဟော့စပါး အနေနဲ့ ဇန်နဝါရီ မှာ တင် လူသစ် ခေါ်ဖို့ ငွေသုံးသင့်ပြီ ဖြစ်ကြောင်း ယမန်နေ့ ညက ချဲလ်ဆီး ကို ရှုံးနိမ့် ခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။`

စပါး ရဲ့ ကာရာဘောင် ဖလား နဲ့ လမ်းခွဲ ခဲ့ရမှု ဟာ တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကိုလည်း ပြန်လည် ဆူညံ လာစေခဲ့တယ် လို့ သိရ ပါတယ် ။

နယူးကာဆယ် အသင်းဟာ ဆီဗီးလား နောက်ခံလူ ဒီယေဂို ကားလိုစ့် အတွက် ဒုတိယ အကြိမ် ( ပထမ အကြိမ် ပယ်ချထား ) ကမ်းလှမ်းမှု ပြုလုပ် တော့မယ်လို့ သိရပါတယ် ။

ဒါ့အပြင် နယူးကာဆယ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အသံထွက် ဖူးတဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ အမာဒူ ဟိုင်ဒရာ ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဇန်နဝါရီမှာ ကွင်းလယ်ကို အဓိက အားဖြည့်လိုတဲ့ အာဆင်နယ် ဟာ လက်စတာ စီးတီး ရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ် ကို ချိတ်ဆက်ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် အာဆင်နယ် ဟာ PSG မှာ မပျော်တဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဝိုင်နယ်ဒမ် ရဲ့ အခြေအနေ ကိုလည်း စောင့်ကြည့် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ကာတာ ကလပ် အယ်လ်ရေယန် အသင်းမှာ ကစားနေတဲ့ ကိုလံဘီယာ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ဟာ ယမန်နေ့က ပြည်တွင်း ပွဲစဉ် တခု မှာ ရုတ်တရက် နှလုံးဖောက် လဲကျ သွားတဲ့ ပြိုင်ဘက် အသင်းရဲ့ နောက်ခံလူ ကို ဆေးအဖွဲ့ ရောက်မလာခင် မှာ ရှေးဦး သူနာပြုစုမှုတွေ လုပ်ဆောင် ပေးနိုင်ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORT MYANMAR