ပြင်သစ်ရဲ့ စည်းမျဉ်းသစ်ကြောင့် ချန်ပီယံလိဂ် မှာ အခက်ကြုံရနိုင်ချေ ရှိလာခဲ့ ချဲလ်ဆီး နဲ့ ရီးရဲမက်ဒရစ်

ပြင်သစ် အစိုးရဟာ ကိုဗစ် ကာကွယ်ဆေး မထိုးထားတဲ့ အားကစား သမားတွေကို နိုင်ငံ အတွင်း ဝင်ရောက်ခွင့် ပြုတော့မှာ မဟုတ်ပါဘူး ။

ဒီဆုံးဖြတ်ချက် ဟာ တင်းနစ် အကျော်အမော် နိုဗက် ဂျိုကိုဗစ် က သြစတြေးလျ အိုးပင်း ပြိုင်ပွဲ ကို ပါဝင်ဖို့ အတွက် သြစတြေးလျ နိုင်ငံ အတွင်းကို ကိုဗစ် ကာကွယ်ဆေး ထိုးထားခြင်း မရှိဘဲ ဝင်ရောက်ခဲ့မှု ရဲ့ ရိုက်ခတ်မှု ဖြစ်ခဲ့ ပါတယ် ။

သြစတြေးလျ ဟာ ဂျိုကိုဗစ် ကို ၁၁ ရက်ကြာ ဟိုတယ် ကွာရန်တင်း ဝင်စေခဲ့ပြီး နောက်မှာတော့ အိမ်ပြန်ပို့ ခဲ့သလို သြစတြေးလျ ပြည်ဝင်ခွင့် ၃ နှစ်လည်း ပိတ်ပင် သွားခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ ပြင်သစ် ဟာလည်း ကိုဗစ်ဆေး မထိုးထား ရသေးတဲ့ အားကစား သမားတွေကို သူတို့ နိုင်ငံ အတွင်းမှာ ပြုလုပ်မယ့် ပွဲတွေဆီ လာရောက်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ဘဲ ဆေးမထိုး ထားရသေးသူတွေ ဟာ ကိုဗစ်ပိုး ရှိသူတွေနဲ့ တအုပ်စုတည်း သတ်မှတ် သွားမှာ ဖြစ်တယ်လို့ ဥပဒေသစ် ထုတ်ပြန် သွားခဲ့ ပါတယ် ။

ဒီလိုမျိုး ကိုဗစ် စည်းမျဉ်းသစ် ထုတ်လိုက်မှုဟာ ချဲလ်ဆီး နဲ့ ရီးရဲ မက်ဒရစ် အသင်းတွေ ကို လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းဆင့် အတွက် အခက်တွေ့ ဖို့ ဖြစ်လာစေခဲ့ ပါတယ် ။

ဘာကြောင့်လည်း ဆိုတော့ သူတို့ ၂ သင်းဟာ ၁၆ သင်းဆင့်မှာ ပြင်သစ် ကလပ်တွေ နဲ့ တွေ့ဆုံနေကြလို့ ပါပဲ ။

ချန်ပီယံလိဂ် ရဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီး ဟာ ပြင်သစ် ကလပ် လိုင်လီ နဲ့ ကစားရမှာ ဖြစ်ပြီး ပြင်သစ် ကိုတော့ မတ်လ ၁၆ ရက်နေ့မှ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။

ရီးရဲ မက်ဒရစ် ကတော့ ပြင်သစ် ထိပ်သီး PSG နဲ့ ဆုံတွေ့ ခဲ့ပြီး ပထမ အကျော့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၅ မှာတင် ပြင်သစ်ကို သွားရောက် ကစားရမှာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အခုလိုမျိုး ပြင်သစ် က ကိုဗစ်စည်းမျဉ်းသစ် ထုတ်လိုက်ချိန်မှာတော့ ချဲလ်ဆီး နဲ့ ရီးရဲ က ကစားသမား အချို့ ဟာ အဝေးကွင်း ပွဲစဉ်တွေကို လိုက်ပါနိုင်ဖို့ အလားအလာ မရှိသလောက် ဖြစ်လာခဲ့ရ ပါတယ် ။

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ကလည်း အဖွဲ့ချုပ် အောက်က နိုင်ငံ တနိုင်ငံချင်းစီရဲ့ ကိုဗစ် နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ကို လေးစားသွားမှာ ဖြစ်ပြီး ကလပ် နဲ့ နိုင်ငံ လက်ရွေးစင် အသင်းတွေ အနေနဲ့လည်း သူတို့ သွားရောက် ကစားမယ့် နိုင်ငံ က ထုတ်ပြန် ထားတဲ့ စည်းမျဉ်းတွေ အပေါ် လေးစား လိုက်နာ ပေးဖို့ လိုအပ်ကြောင်း အသိပေးထားခဲ့ ပါတယ် ။

UEFA ရဲ့ လက်ရှိ ဥက္ကဌ ဆီဖာရင် ဟာလည်း ကိုဗစ် ကာကွယ်ဆေး အပေါ် ယုံကြည်သူ တယောက် ဖြစ်တာကြောင့် ကာကွယ်ဆေး မထိုးရသေးတဲ့ ချဲလ်ဆီး နဲ့ ရီးရဲ ကစားသမားတွေဟာ ပြင်သစ် ကို လိုက်ပါ နိုင်ဖို့ အခွင့်အရေး မရှိနိုင်ပဲ ဖြစ်လာခဲ့ရ ပါတယ် ။

ခုချိန်အထိတော့ အဆိုပါ အသင်းတွေမှာ ကစားသမား ဘယ်နှယောက် အထိ ကာကွယ်ဆေး ထိုးထားပြီး ၊ မပြီး ဆိုတာကို မသိရှိရ သေးပါဘူး ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ပြီးခဲ့တဲ့ လတုန်းက ကိုဗစ် ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေ ကို လိုက်လံ မေးမြန်းနေမှုတွေ ရပ်တန့် သင့်ကြောင်း နဲ့ ကာကွယ်ဆေး ထိုးခြင်း မထိုးခြင်း ဟာ ကစားသမား တဦးချင်းစီ ရဲ့ ရွေးချယ်မှု ဖြစ်ကြောင်း ပြောဆို ခဲ့ဖူး ပါတယ် ။

“ကာကွယ်ဆေး မထိုးတဲ့ သူတွေကို လိုက်ရှားပြီး ပစ်မှတ်ထား ပြောဆိုနေတာတွေမှာ ပါဝင်ဖို့ ကျွန်တော် ဆန္ဒ မရှိပါဘူး ။ လူတိုင်းမှာ ရွေးချယ်ခွင့် ရှိပါတယ် ။ ဒါကြောင့် ( အဲ့ဒိလူတွေကို ) လွတ်လပ်ခွင့် ပေးလိုက်ကြပါ ။

လူတွေကို ဆေးထိုးကြဖို့ ကျွန်တော် ဖိအား မပေးနိုင်ပါဘူး”

“ဒီနိုင်ငံ ထဲမှာ ( ကိုဗစ်ဆေး နဲ့ ပတ်သက်ပြီး ) ကျွမ်းကျင်တဲ့သူတွေ ရှိပါတယ် ။ သူတို့ကို သွားမေး ကြပါ ၊ ကျွန်တော့ကို ဘောလုံးနဲ့ ဆိုင်တာတွေ မေးကြပါ ။ ကျွန်တော် ဆေးထိုးထား ပါတယ် ၊ ကျွန်တော့ အတွက် ဆုံးဖြတ်ချက်ကို ကျွန်တော် ချခဲ့တာပါ ။

ဆေးထိုးတာ မထိုးတာက ပြဿနာကြီး ဖြစ်နေတယ်လို့လည်း မထင်ပါဘူး ၊ ဘာလို့လည်း ဆိုတော့ ဆေးထိုးပြီးသားတွေ ထဲမှာလည်း ကိုဗစ် ဖြစ်တဲ့သူတွေ ရှိနေတာကြောင့်ပါ” လို့ တူချယ် က ပြောဆိုခဲ့ဖူး ပါတယ် ။

 

SPORTS MYANMAR