ပရီးမီးယားလိဂ်မှာ လာကစားတဲ့ စပိန်ကစားသမားတွေထဲက နေရာအလိုက် အကောင်းဆုံးသူတွေကို ရွေးချယ်ပေးလိုက်တဲ့ ရယ်ဂီလွန်

တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ ဘယ်နောက်ခံလူဟာ ပရီးမီးယားလိဂ်မှာ လာရောက် ကစားခဲ့တဲ့ ၊ ကစားနေဆဲ ဖြစ်တဲ့ စပိန်လူမျိုး ကစားသမားတွေ ထဲကမှ နေရာ အလိုက် အကောင်းဆုံး ကစားသမားတွေကို ရွေးချယ် ပေးသွားခဲ့ ပါတယ်။ တော့တင်ဟမ် နောက်ခံလူဟာ ၂၀၂၀ နွေရာသီက ရီးရဲယ်မက်ဒရစ် ကနေ တော့တင်ဟမ်ကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး မြောက်လန်ဒန် ကလပ် အတွက် ပရီးမီးယားလိဂ်မှာ ၄၅ ပွဲ ကစားထားခဲ့ပြီး ဖြစ်ပါတယ်။

ရယ်ဂီလွန်ဟာ စပိန် လက်ရွေးစင် အသင်း အတွက်လည်း ၆ ပွဲ ကစားခွင့် ရထားခဲ့ပြီး ဖြစ်ကာ လွန်ခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလက ယူကရိန်းနဲ့ UEFA National League ပွဲစဉ်မှာ ပထမဦးဆုံး ပွဲကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကို လာရောက် ကစားတဲ့ စပိန် ကစားသမားတွေ ထဲကမှ နေရာ အလိုက် အကောင်းဆုံး ကစားသမား တွေကို ရွေးချယ် ပေးသွား ခဲ့ပါတယ်။

ဂိုးသမား နေရာ အတွက် စတင် ရွေးချယ်ရာမှာ ရယ်ဂီလွန်ဟာ လီဗာပူး ဂိုးသမားဟောင်း ဖြစ်သူ ပီပီရိန်နာ ၊ လက်ရှိ ဘရိုက်တန်မှာ လက်စွမ်းပြနေတဲ့ ရောဘတ်ဆန်းချက် ၊ ယူနိုက်တက် ဂိုးသမားဟောင်း ဗစ်တာဗဲဒက်စ် တို့ကို ကျော်ကာ လက်ရှိ မန်ယူနိုက်တက်ရဲ့ နံပါတ်တစ်လည်းဖြစ် စပိန် လက်ရွေးစင် အသင်းဖော်လည်း ဖြစ်တဲ့ ဒေးဗစ်ဒီဂီယာ ကို ရွေးချယ် သွားခဲ့ပါတယ်။

၎င်းက “ကျွန်တော် ဒီဂီယာ နဲ့ စပိန် လက်ရွေးစင် အသင်းမှာ အတူ တွဲဖက် ကစားခဲ့ဖူး ပါတယ်။ သူ ဂိုးပေါက်မှာ ရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ တအားကို လုံခြုံသလို ခံစားခဲ့ ရပါတယ်။ သူဟာ ကျွန်တော်တို့ကို ယုံကြည်မှုတွေ များစွာ ပေးစွမ်း နိုင်တဲ့သူပါ။” လို့ ပြောသွား ပါတယ်။

ဆက်လက်ပြီး ရယ်ဂီလွန်က ချဲလ်ဆီး အသင်းခေါင်းဆောင် ဆီဇာအက်ပီလီကွေတာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး စပိန် လူမျိုး နောက်ခံလူ ဖြစ်တယ်လို့ ယုံကြည်နေကာ ၎င်းဟာ ထိပ်တန်း ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်တဲ့ အပြင် တကယ့် soldier တစ်ဦး လို့ ချီးကျူး ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်တန်း စပိန် ကွင်းလယ်လူတွေ လာရောက် ကစားခဲ့တာကြောင့် ဒီနေရာအတွက် ရွေးချယ်ရာမှာ ရယ်ဂီလွန် အနေနဲ့ ရွေးချယ်စရာ options တွေ များစွာ ရှိနေပါတယ်။ ဆက်ဖာဘရီဂတ်စ် ၊ ဇာဗီအလွန်ဆို ၊ ဆန်တီကာဇိုလာ နဲ့ ဟွမ်မာတာ တို့ဟာ contenders တွေထဲမှာ ပါ၀င်ခဲ့ပေမယ့် စပါး နောက်ခံလူက မန်စီးတီး ကွင်းလယ်လူဟောင်း ဖြစ်သူ ဒေးဗစ်ဆေးလ်ဗားကို ရွေးချယ် သွားခဲ့ပါတယ်။

ဆေးလ်ဗားဟာ ဗလင်စီယာ ကနေ အီတီဟတ်ကို ရောက်လာခဲ့ပြီးနောက် မန်စီးတီးကို ယခုလို ထိပ်တန်း အသင်းကြီး ဖြစ်လာအောင် အဓိက ကူညီပေးခဲ့တဲ့ သူတွေထဲမှာ ပါ၀င်ခဲ့ကာ မန်ချက်စတာ ကလပ် အတွက် ကစားပေးခဲ့တဲ့ ၁၀ နှစ်တာ ကာလမှာ ပွဲပေါင်း ၃၀၉ ပွဲ ပါ၀င်ကစားခဲ့ပြီး ဂိုး ၆၀ သွင်းကာ ၉၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဆေးလ်ဗားဟာ မန်စီးတီး နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် အက်ဖ်အေဖလား ၂ ကြိမ် နဲ့ လိဂ်ဖလား ၅ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ထိပ်တန်း စပိန် တိုက်စစ်မှုးတွေ လာရောက် ကျင်လည်ကျက်စား ခဲ့ပြီး ဒီယေဂိုကော်စတာ ၊ လူး၀စ်ဂါစီယာ တို့ဟာ အကောင်းဆုံး တွေထဲမှာ ပါ၀င်ခဲ့ပါတယ်။

ဒါပေမယ့် ရယ်ဂီလွန်က ပရီးမီးယားလိဂ်မှာ ၂၁၂ ပွဲကစား ၈၅ ဂိုးထိ သွင်းယူခဲ့တဲ့ လီဗာပူး နဲ့ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဖာနန်ဒိုတောရက်စ်ကို တိုက်စစ် နေရာ အတွက် ရွေးချယ်သွားခဲ့ပါတယ်။

SM