နှစ်သစ်ကို ၃ မှတ်အလှူ နဲ့ စဖွင့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရှုံးပွဲက ပြောချင်စရာ အချက်များ

ဘန်လေ နဲ့ ပွဲမှာ ကစားပုံ ကောင်းကောင်း နဲ့ ၃ မှတ် ယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ၃ ရက် အကြာမှာတော့ စိတ်ပျက်စရာ ကစားပုံနဲ့ အတူ ၂၀၂၂ ကို အကျည်းတန်စွာ ဖွင့်လှစ် သွားခဲ့ ပါတယ် ။

အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ ပွဲမှာ ယူနိုက်တက် ဟာ ဝုဗ် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ပြီး အဆင့် ၇ နေရာမှာသာ ဆက်လက် ရပ်တည်နေ ခဲ့ ပါတယ် ။

အဆင့် ၄ နေရာက အသင်းနဲ့ အမှတ် ကွာဟမှု မကြီးမားသေးပေမယ့် ယူနိုက်တက် ရဲ့ ခြေစွမ်း နဲ့ ရလဒ်တွေ က ရာသီအကုန်မှာ အဆင့် ၄ နေရာကို ရနိုင်ဖို့ အလွန် ခဲယဉ်း နေတယ်ဆိုတာကို ပြသ နေဆဲ ပါပဲ ။

ဒီပွဲအပြီးမှာ ပြောချင်တဲ့ အကြောင်းအရာလေးတွေ ကတော့ –

၁ ။ ထပ်ပြီး ပြောရဦးမယ့် ၄-၂-၂-၂

နည်းပြ တယောက် ပြောင်းတိုင်း ကစားပုံ ပြောင်းတတ်တာ သဘာ၀ ပါပဲ ။

ဒါပေမယ့် ရာသီ အလယ်ကြီး ၊ ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ အချိန်မျိုးမှာ ကစားကွက် ရုတ်တရက် ပြောင်းလဲ ရတာကတော့ တကယ်ကို မလွယ်ပါဘူး ။

ရန်းနစ် ကတော့ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ၄-၂-၂-၂ ကို ဆက်ပြီး သုံးနေခဲ့ ပါတယ် ။

ဒီကစားကွက် က ယူနိုက်တက် နဲ့ အခုထိ အစေးမကပ် သေးပါဘူး ။

တောင်ပံ လူတွေဖြစ်ခဲ့ကြတဲ့ ဂရင်းဝုဒ် နဲ့ ဆန်ချို ဟာ အလယ်ကြောကနေ ထိုးဖောက်ရမလိုလို ၊ တောင်ပံကိုပဲ ဆွဲထွက် ရတော့မလိုလို နဲ့ လမ်းတွေ ပျောက်နေခဲ့ပြန် ပါတယ် ။

သူတို့ဆီက ဘောလုံးမထွက်လာတာကြောင့် ရှေ့က ရိုနယ်ဒို ၊ ကာဗာနီ တို့ အလယ်ထိ ဆင်းပြီး ဘောလုံး တောင်းယူကြတဲ့ အချိန်မှာတော့ ကစားပုံက ဖရိုဖရဲ ဖြစ်သွားခဲ့တာပါပဲ ။

၄-၂-၂-၂ နဲ့ ကစားချင်တယ်ဆိုရင်တော့ ဗန်ဒီဘိ ၊ ဖာနန်ဒက်စ် တို့ကို သုံးကြည့်တာ အကောင်းဆုံး ဖြစ်နိုင်ပါတယ် ။

၂ ။ ဂျုံးစ် အတွက် ရက်ပေါင်း ၇၀၀ ၊ ရိုနယ်ဒို အတွက် နှစ်ပေါင်း ၁၄ နှစ်

မန်ချက်စတာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ရက်ပေါင်း ၇၀၈ ရက်ကြာ ကင်းကွာ အပြီးမှာတော့ ဖီးလ်ဂျုံးစ် တယောက် အနီရောင် ဂျာစီ ကို ဝတ်ပြီး အိုးထရက်ဖိုဒ့် မြက်ခင်းပြင်ပေါ် နောက်တကြိမ် ခြေချခွင့် ရခဲ့ ပါတယ် ။

ဒီည ခြေစွမ်း ကို ပြောရရင်တော့ ဂျုံးစ် တယောက် မဆိုးခဲ့ဘူးလို့ ပြောရမှာပါ ။

ရိုနယ်ဒို ကတော့ ဟယ်ရီ မက်ဂွဲယား မပါချိန်မှာ အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ဆင်ခွင့် ရခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ၂၀၀၈ တုန်းက ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ခဲ့ဖူးပြီး ၁၄ နှစ် အကြာမှာ နောက်တကြိမ် အခွင့်အရေး ထပ်ရခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီတခါကတော့ ရိုနယ်ဒို အတွက် ကောင်းသောည မဖြစ်ခဲ့ ပါဘူး ။

၃ ။ စိတ်ပျက်စရာ ကောင်းတဲ့ နောက်ခံအစွန်လူများ

ချဲလ်ဆီး မှာ ချေဝဲလ် နဲ့ ဂျိမ်းစ် ၊ လီဗာပူး မှာ အာနိုး နဲ့ ရောဘတ်ဆန် ၊ မန်စီးတီး မှာ ကန်ဆယ်လို နဲ့ ဝေါ်ကာ တို့တွေဟာ ကမ္ဘာ့ အဆင့် ခြေစွမ်းတွေ နဲ့ အသင်းတွေကို ကူညီ ထောက်ပံ့ နေချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အာရွန်ဝမ် ဘစ်ဆာကာ နဲ့ လုခ်ရှော လို့ ခေါ်တဲ့ သာမာန် ထက် တခါတလေမှ ပိုကောင်းတတ်တဲ့ ကစားသမား ၂ ယောက်ကို နောက်ခံ အစွန်လူတွေ အဖြစ် ပွဲထုတ် နေရပါတယ် ။

ဒီညမှာ ဝုဗ် ဘက်က ထရာအိုရေး ရဲ့ ခြိမ်းခြောက် နိုင်ချေကြောင့် ဒါးလော့ ကို မသုံးဘဲ ဘစ်ဆာကာ ကို ရန်းနစ် ရွေးချယ်ခဲ့ရ ပုံပါပဲ ။

အဲ့ဒိ အတွက် ပြန်ပေးဆပ်ခဲ့ ရတာကတော့ အတော်လေး ကြီးမားခဲ့ ပါတယ် ။

အင်္ဂလန်သားဟာ ပွဲချိန်တလျောက် အကြိမ်ပေါင်း များစွာ ဖြတ်တင် ခဲ့ပေမယ့် တလုံးမှ လိုရင်း မရောက်ခဲ့သလို ဝုဗ် နောက်တန်းက ( ထောင့်ကန်ဘောတောင် မပေးရအောင် ) အေးအေး လူလူ တားဆီး သွားနိုင်ခဲ့ ပါတယ် ။

၁၉၉၉ တဝိုက် ယူနိုက်တက် အောင်မြင်တုန်းက အာဝင် နဲ့ နဗီးလ် တို့လို နောက်တန်းအစွန်ကောင်းတွေ ရှိခဲ့သလို ၂၀၀၈ တုန်းကလည်း အီဗရာ က ကမ္ဘာ့ အဆင့် ဘယ်နောက်ခံလူ ဖြစ်နေခဲ့တာပါ ။

ဒီအချိန်တွေကို ပြန်လိုချင်ရင်တော့ အဲ့ဒိလို အဆင့်မျိုးတွေ ရှိနေမှ ဖြစ်မှာပါ ။

၄ ။ ကြိုမြင်နေရတဲ့ အနာဂါတ်

လက်ရှိ ကစားနေတဲ့ ပုံစံနဲ့ ဆိုရင်တော့ ရာသီကုန်မှာ ယူနိုက်တက် တို့ ဘယ်လိုမှ ချန်ပီယံလိဂ် ဝင်ခွင့် မရ နိုင်ပါဘူး ။

အသင်းအတွင်းမှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေသလို အချင်းချင်း စိတ်ချင်း ဆက်သွယ်မှု အပိုင်းတွေက အစ ကျဆင်း နေတာ အရမ်းကို သိသာလွန်း ပါတယ် ။

နိုင်လိုစိတ်ပြင်းတဲ့ ကစားသမားတွေ ရှိတယ်လို့ ပြောနေကြပေမယ့် မိနစ် ၈၀ လောက်မှာ ဂိုးပေးလိုက်ရရင် ရှုံးဖို့ ၁၀၀% သေချာသွားပြီလို့ ပြောလို့ရလာတာက ဒီ နိုင်လိုစိတ်ပြင်းတယ်ဆိုတဲ့ ကစားသမားတွေ ဘယ်မှာလဲ လို့ ပြန်ပြီး မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ ။

လူကြီး နဲ့ လူငယ်တွေကြားမှာ သဟဇာတ မဖြစ်ဘူး ၊ နည်းပြသစ် ရဲ့ ကစားပုံနဲ့ အံမဝင်ဘူး ၊ ပြိုင်ဘက်တွေ က လေးစားကြောက်ရွံ့ မနေတော့ဘူး ။ ဒါတွေဟာ ယူနိုက်တက် ကျဆင်းလာမှုကို မီးမောင်းထိုးပြ နေတဲ့ အချက်တွေ ပါပဲ ။

အသင်းတသင်းမှာ ကစားသမား ကောင်းတွေ ရှိနေရုံ နဲ့ မအောင်မြင်ပါဘူး ၊ အဲ့ဒိ ကစားသမားတွေ အချင်းချင်း နားလည်မှု ရှိပြီး စုစုစည်းစည်း ရှိနေမှသာ အောင်ပွဲကို ချီတက် နိုင်မှာပါ ။

မက်ဆီ ကတော့ ရာသီမစခင်မှာ PSG ကို ပြောင်းဖို့ ဖြစ်လာခဲ့လို့ ဘာစီလိုနာ နဲ့ ယူရိုပါလိဂ် ကို လိုက်မကစားခဲ့ ရပါဘူး ။

ဒါပေမယ့် ရိုနယ်ဒို ကတော့ နောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ ယူရိုပါလိဂ် ကို သွားကစားရ တော့မယ့် အနေအထားကို ဦးတည်လို့ နေပါပြီ . . .

 

SPORTS MYANMAR