နောက်ပိုင်းပွဲစဉ်တွေမှာ စမစ်ရို ကို ဘာကြောင့် ပွဲထွက် အသုံးမပြုတာလဲ ဆိုတာ ရှင်းပြလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ စမစ်ရို ဟာ ကြံ့ခိုင်မှု အပြည့်အ​ဝ မရှိသေးတာကြောင့် နောက်ပိုင်း ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနေရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

Hale End အကယ်ဒမီထွက် စမစ်ရို ဟာ ရာသီဝက် မတိုင်ခင် အချိန်တုန်းက အာဆင်နယ် အသင်းရဲ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ကြွက်သား ဒဏ်ရာ ရပြီးနောက်ပိုင်း လူစားဝင် ကစားသမား အဖြစ်သာ ကစားခဲ့ရပါတယ် ။

စမစ်ရို မပါဝင်နိုင်ချိန်မှာ မာတင်နယ်လီ နဲ့ အိုဒီဂွါဒ်တို့ဟာ အာဆင်နယ် အသင်း အတွက် ပွဲထွက် ကစားခွင့် ရနေပြီး ခြေစွမ်းပြ ကစားနေနိုင်ပါတယ် ။ စမစ်ရို ဟာ လူစားဝင် ကစားရတဲ့အချိန်မှာလည်း အာဆင်နယ် အတွက်ဂိုးတွေ သွင်းယူနေနိုင်ပြီး ဒီရာသီ လိဂ်သွင်းဂိုး ၈ ဂိုးအထိ သွင်းထား နိုင်ပါတယ် ။

ကိုဗစ် ကနေ ပြန်လည် သက်သာလာပြီး ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြန်လုပ်နေနိုင်ပြီ ဖြစ်တဲ့ အာဆင်နယ် နည်းပြ အာတီတာ ဟာ စမစ်ရို ကို ပွဲထွက် လူစာရင်း မှာ အသုံးမပြုတဲ့ အကြောင်းအရင်းကို ခုလို ရှင်းပြ သွားခဲ့ပါတယ် ။

” စမစ်ရို ကို ပွဲထွက် အသုံးမပြုတဲ့ အဓိက အကြောင်းအရင်းက သူ ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးလို့ပါ ။ သူ့မှာ တောက်လျှောက် ဒဏ်ရာ ပြဿနာ ရှိနေခဲ့ပါတယ် ၊ အဲ့ဒါကြောင့်လည်း သူ အသင်း နဲ့ ပုံမှန် လေ့ကျင့်ခန်း မဆင်းနိုင် မကစားနိုင် ဖြစ်နေတာပါ ၊ ဒါက အဓိက အကြောင်းအရင်းပါပဲ ။ ”

” သူ့ရဲ့ စွမ်းဆောင်ရည် ၊ နိုင်ငံတကာပွဲတွေ မတိုင်ခင် သူ ပြသခဲ့တဲ့ ခြေစွမ်း အရဆိုရင် သူက ကျွန်တော်တို့ အသင်းရဲ့ အရေးပါတဲ့ ကစားသမား ၊ ခြေစွမ်းပိုင်း တည်ငြိမ်မှု အရှိဆုံး ကစားသမား ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး ။ ”

” သူ့ရဲ့ ပွဲထွက်ခွင့် ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားစေတာက အသင်းက စွမ်းဆောင်ရည်ကောင်းနေပြီး တခြား ကစားသမားတွေကလည်း ခြေစွမ်းပြနေတာကြောင့်ပါ ။ ဒါတွေကြောင့် ပွဲထွက် ကစားသမား စာရင်းက အပြောင်းအလဲ ဖြစ်သွားတာ ဖြစ်ပါတယ် ၊ စမစ်ရို နဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ ပျော်ရွှင်မှု ရှိပါတယ် ။ ”

“ကစားသမားတွေ အနေနဲ့ တစ်ယောက်ရဲ့ အဆင့်အတန်းကို တစ်ယောက်က မြင့်တင်ပေးရမှာပါ ၊ ကစားသမားတွေ အနေနဲ့ အခွင့်အရေး ရလာရင် အမိအရ ဆုပ်ကိုင်ပီး ကိုယ်ဘယ်လောက် ကောင်းကြောင်း သက်သေပြရမှာ ဖြစ်ပါတယ် ၊ ကိုယ်ကောင်းကြောင်းသာ ပြနိုင်ရင် ဆက်တိုက် ကစားခွင့် ရလာမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM