“ဒီစကားကို ရိုနယ်ဒို ကြားရင် စိတ်ပျက်မှာ အသေအချာပါပဲ” – ကားလိုစ့် ကွီးရော့ဇ်

အီဂျစ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ကားလိုစ့် ကွီးရော့ဇ် က သူတို့ ဟာ ဒီနှစ် မှာ ကင်မရွန်း နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲကို အောင်မြင်မှု ရရှိအောင် အကောင်းဆုံး ကြိုးစား သွားမယ်လို့ ပြောဆိုရင်း လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမားက သူတို့ ကို ဦးဆောင် သွားလိမ့်မယ်လို့ မိုဟာမက် ဆာလာ ကို ညွှန်းဆို သွားခဲ့ ပါတယ် ။

ကွီးရော့ဇ် ဟာ ပေါ်တူဂီ လူမျိုး နည်းပြ တယောက် ဖြစ်ပြီး ခရစ္စတီယာနို ရိုနယ်ဒို မန်ချက်စတာ ယူနိုက်တက် ကို ပထမ အကြိမ် ရောက်လာတဲ့ နှစ်တွေမှာ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင် ခဲ့သူ ဖြစ်ပါတယ် ။

ဒါ့အပြင် ကွီးရော့ဇ် ဟာ ၂၀၀၈ ကနေ ၂၀၁၀ ခုနှစ် အထိလည်း ပေါ်တူဂီ လက်ရွေးစင် နည်းပြ အဖြစ် တာဝန်ယူ ခဲ့ကာ ရိုနယ်ဒို နဲ့ နှစ်ပေါင်း အတန်ကြာ အနီးကပ် ရှိခဲ့ ဖူးသူ ဖြစ်ပါတယ် ။

ရိုနယ်ဒို လို အကောင်းတကာ့ အကောင်းဆုံး ကစားသမား တယောက်ရဲ့ စွမ်းရည်တွေကို အနီးကပ် မြင်တွေ့ ခဲ့ဖူးတဲ့ ကွီးရော့ဇ် က လက်ရှိ အချိန်မှာ မိုဟာမက် ဆာလာ ဟာ တချိန်က ရိုနယ်ဒို ရဲ့ အဆင့်မျိုးကို ရောက်ရှိ နေပြီ ဖြစ်ကာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့ပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ကွီးရော့ဇ် က သူ့ရဲ့ မိတ်ဆွေဟောင်း ရိုနယ်ဒို ကိုပါ စကားထည့်ပြောပြီး ကျီစယ် သွားခဲ့ ပါတယ် ။

“လက်ရှိ မှာ ကျွန်တော့ အသင်းက ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားကို ပိုင်ဆိုင် ထားပါတယ် ။

ဒါကို ခင်ဗျားတို့ အားလုံး သဘောတူကြမယ် လို့ ထင်ပါတယ် ။

ကျွန်တော့ မိတ်ဆွေကြီး ရိုနယ်ဒို ကတော့ ဒီစကားကြားရင် စိတ်ပျက် နေမှာပါ” လို့ ကွီးရော့ဇ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆာလာ ဟာ ဒီရာသီမှာ လီဗာပူး နဲ့ အကောင်းဆုံး ပုံစံကို ပြသ နေပြီး ပရီးမီးယားလိဂ် ရဲ့ Leading Goalscorer အဖြစ် ၁၆ ဂိုး သွင်းကာ ရပ်တည် နေခဲ့ ပါတယ် ။

ဆာလာ ဟာ အီဂျစ် လက်ရွေးစင် အသင်းအတွက်လည်း ၇၃ ပွဲ ကစားထားပြီး ၄၅ ဂိုး သွင်းယူ ထားခဲ့ ပါတယ် ။

အီဂျစ် ဟာ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး ၇ ကြိမ်တိုင် ချန်ပီယံ ဖြစ်ထားခဲ့ ပါတယ် ။

ဒါပေမယ့် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့ အောင်မြင်မှု နဲ့ ဝေးကွာ နေခဲ့ပြီး ဒီနှစ် မှာတော့ ဆာလာ ရဲ့ ဦးဆောင်မှု နဲ့ အတူ အောင်ပွဲကို နောက်တဖန် ပြန်လည် ရယူ နိုင်ဖို့ အားခဲလျက် ရှိပါတယ် ။

အီဂျစ် ဟာ အုပ်စု အဆင့်မှာ နိုင်ဂျီးရီးယား ၊ ဆူဒန် နဲ့ ဂီနီယာ ဘစ်ဆူ တို့နဲ့ အတူ ကျရောက် နေပြီး လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ နိုင်ဂျီးရီးယား အသင်းနဲ့ အဖွင့်ပွဲစဉ်ကို စတင် ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR