ဒိုင်လူကြီး စတုအတ် အပ်ဝဲ ရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်လို့ ထောက်ခံလိုက်တဲ့ အဲဗာတန် ကစားသမားဟောင်း လီယွန် အော့စမန်

BBC မှာ ဘောလုံး ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင်လျှက် ရှိနေတဲ့ အဲဗာတန် ကစားသမားဟောင်း လီယွန် အော့စမန် က အာဆင်နယ် 1-2 မန်စီးတီး ပွဲစဉ် ကို ကိုင်တွယ်သွားခဲ့တဲ့ ဒိုင်လူကြီး စတုအတ် အပ်ဝဲ ရဲ့ ဆုံးဖြတ်ချက်တွေ ဟာ မှန်ကန်မှု ရှိတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

အဲဒီ ပွဲစဉ်မှာ အာဆင်နယ် ဟာ လက်ရှိ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေတဲ့ မန်စီးတီး ကို အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ တုန့်ပြန် ကစားခဲ့သည့်တိုင်အောင် ပင်နယ်တီ ချေပဂိုး နဲ့ တိုက်ရိုတ် အနီကဒ် ထုတ်ပယ်ခံရမှုတွေကြောင့် နာကျင် အချိန်ပိုမှာ ဧည့်သည် အသင်းကို အနိုင်ဂိုး ပေးလိုက်ရပါတယ်။

ဘောလုံး ပရိသတ် အများစုကတော့ ဒီပွဲမှာ ဒိုင်လူကြီး ရဲ့ စွမ်းဆောင်ရည်ရော ၊ VAR ဒိုင် ရဲ့ စွမ်းဆောင်ရည်ကိုပါ ဝိုင်းပြီး မေးခွန်းထုတ်ခဲ့ကာ ၊ ဘာနာဒို ဆေးဗား အပေါ် ကျူးလွန်တဲ့ အလုံးကို ပြစ်ဒဏ် ပေးမယ် ဆိုရင် ပထမပိုင်းမှာ မာတင် အိုဒီဂတ် အပေါ် အီဒါဆင် ကျူးလွန်တဲ့ အနေအထားကိုလဲ သေချာပေါက် ပင်နယ်တီ ပေးသင့်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

BBC မှာ ဝေဖန် သုံးသပ်သူ အဖြစ် တင်ဆက်နေတဲ့ အော့စမန် ကတော့ ပွဲအပြီး သူ့ရဲ့ သုံးသပ်ချက်ကို အခုလိုပဲ ပြောပြသွားခဲ့ ပါတယ်။

“ အာဆင်နယ် ပရိသတ်တွေ ထောက်ပြနေတာ ပင်နယ်တီ လို့ မမြင်ပါဘူး။ ကျနော် ကတော့ အီဒါဆင် ဟာ ဘောလုံးကို သေချာ ထိလိုက်တယ် ထင်ပါတယ်။ နောက်ထပ် ဖြစ်ရပ်မှာတော့ ဘာနာဒို ဆေးဗား နဲ့ ချာကာ တို့ ထိပ်တိုက် တွေ့ကြတာပါ။ တစ်ချိန်တည်းမှာပဲ ဒူးနဲ့ ကာထားတာ တွေ့ရသလို ၊ ဂျာစီကိုလဲ ဆွဲထားပါသေးတယ်။

ဘာနာဒို ဆေးဗား က လွယ်လွယ်ကူူကူပဲ လဲကျသွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပင်နယ်တီ ပေးဖို့တော့ လုံလောက်တယ်လေ” လို့ သုံးသပ် သွားခဲ့ ပါတယ်။

ဒီပွဲမှာ အာဆင်နယ် ဟာ ဒိုင်တွေ ရဲ့ မျှတမှု မရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် ရမှတ်တွေ ဆုံးရှုံး နစ်နာခဲ့ရတယ်လို့ အင်္ဂလန် က အားကစား သတင်းထောက်တွေ အကုန်လုံး ကလဲ တညီတညွတ်တည်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

အာတီတာ ရဲ့ ကိုယ်စား ပွဲကို တာဝန်ယူ ကြီးကြပ်ခဲ့တဲ့ Stuivenberg ကတော့ “ ကျနော်တို့လဲ ပင်နယ်တီ ရရမှာပါ။ ဒါပေမယ့် ဒိုင်တွေ ရဲ့ မျှတတဲ့ ဆုံးဖြတ်ချက်တွေကို ပိုပြီး လိုလားပါတယ်။

VAR ကို အသုံးပြုဖို့ ကွင်းဘေးမှာ ချထားတာပဲလေ။ ကိုယ်က ကွင်းလယ်ဒိုင် ဖြစ်ရဲ့သားနဲ့ ဘာကြောင့် ပြန်လည် ကြည့်ရှုသုံးသပ်ဖို့ မလုပ်ခဲ့တာလဲ။ ဒါက တော်တော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်” လို့ ပွဲ အပြီးမှာ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ အာဆင်နယ် အသင်းရဲ့ ဂိုးသမား ရမ်စ် ဒေးလ် ကလဲ “ ကျနော် က ပင်နယ်တီ ဖြစ်နိုင်တဲ့ ဖြစ်ရပ် နှစ်ခုကိုပဲ အခြေခံ ပြောချင်ပါတယ်။ ကွင်းလယ်ဒိုင် အနေနဲ့ ကွင်းဘေးမှာ သွားကြည့်စဉ် မြင်လိုက်ရ ကတည်းက ဒီအနေအထားကို တန်းပြီး ငြင်းလိုက်လို့ ရပါတယ်။

တကယ်ဆို သာမန် ကစားချိန် အတွင်းမှာ နှစ်ခုစလုံး ပင်နယ်တီ မဟုတ်ဘူးလို့ သူပဲ ငြင်းခဲ့တာပါ။ ဒါပေမယ့် တစ်ခုကို ကြတော့ ပြန်ကြည့်ပြီး ပင်နယ်တီ ပေးသွားခဲ့ပါတယ်။

ကျနော် ဆိုရင် ကွင်းရဲ့ တဖက်ခြမ်းမှာ ရှိနေခဲ့ပေမယ့် ၊ ပင်နယ်တီ ပေးရမယ် ဆိုပြီးတောင် လှမ်းအော်နေခဲ့တာပါ။ ဂိုးသမား ဟာ ခြေထောက် ကို ဆန့်ထုတ်လိုက် ကတည်းက ဘောလုံးမိရင်မိ ၊ မမိရင် လူတော့ ထိတယ် ပုံစံမျိုး နဲ့ ဝင်လာတာ ဖြစ်ပါတယ်။ ဘာနာဒို ကျတော့ သူကိုယ်တိုင်ပဲ ပင်နယ်တီ ပေးဖို့ ဆုံးဖြတ်သွားတာပါ” လို့ မကျေနပ်ချက် ကို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM