ဒမ်ဘီလီ ကို ဒီလ ထဲမှာပဲ ရောင်းထုတ်မယ်လို့ တရားဝင် ကြေငြာလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုတ်တာ Mateu Alemany က ဘီဘာအို နဲ့ ရင်ဆိုင် ကစားမယ့် ပွဲစဉ်မှာ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီ ပါဝင်လာခြင်းမရှိတဲ့နောက် ၊ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါပြီ။

အသင်းတာဝန် ရှိသူတွေ အကြား မျက်နှာချင်းဆိုင် တွေ့ဆုံကာ ဒမ်ဘီလီ အနေနဲ့ ကလပ်ကနေ အမြန်ဆုံး ထွက်ခွာဖို့ အသိပေးတော့မယ့် အကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ကာယကံရှင် ကစားသမားဆီ ကိုတော့ မနေ့ညကပဲ ဇာဗီ ကိုယ်တိုင် တိုက်ရိုတ် ဆက်သွယ်ကာ ကလပ်ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးခဲ့တယ်လို့ နားလည်ရပါတယ်။

ဒမ်ဘီလီ ရဲ့ လက်ရှိ စာချုပ်ဟာ ဒီရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ၊ စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုခြင်း မရှိတာကြောင့် နှစ်ဦး နှစ်ဖက် အဆင်မပြေမှုတွေ ဖြစ်ကာ အခုလို ပြင်းထန်တဲ့ စကားလုံးတွေ သုံးနှုန်း ပြောဆိုတဲ့ အဆင့်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဘီဘာအို နဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ် မကစားမီ ပြုလုပ်တဲ့ ဒီညနေ သတင်းစာရှင်းလင်းပွဲမှာ Mateu Alemany က –

“ စာချုပ်သစ် ကိစ္စ နဲ့ ပတ်သက်လို့ ဇူလိုင်လ ကတည်းက ဒမ်ဘီလီ နဲ့ရော အေးဂျင့် ဖြစ်သူ နဲ့ပါ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီတော့ တွက်ကြည့်လိုက်မယ် ဆိုရင် ကျနော်တို့ စကားပြောလာတာ 7 လ တောင် ကြာပါပြီ။ အသင်းဘက်က ကမ်းလှမ်းမှုကို အမျိုးမျိုး ပြောင်းလဲ ပေးခဲ့သလို ၊ အသင်းမှာ ဆက်ပြီး ကစားနိုင်ဖို့ အတွက်လဲ နည်းမျိုးစုံ နဲ့ ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အေးဂျင့် ဖြစ်သူက တစ်ကြိမ် တစ်ခါမှ လက်ခံခဲ့ခြင်း မရှိပါဘူး။

ဒါဟာ ကစားသမား ကိုယ်တိုင် က ဘာစီလိုနာ မှာ ဆက်မကစားချင်တော့တာ ထင်ရှားသလို ၊ အသင်းရဲ့ ရှေ့ဆက်မယ့် စီမံကိန်းတွေ အပေါ်လဲ ယုံကြည်မှု လုံး၀ မရှိဘူး ဆိုတာ ပြသနေတာပါ။

ဒါကြောင့် ကျနော့် တို့ဘက်က ကစားသမားကိုရော ၊ သူ့ကိုပါ အသင်းကနေ ချက်ခြင်း ထွက်သွားရမယ်လို့ အသိပေးလိုက်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ဟာ အသင်းအတွက် ယုံကြည်မှု ရှိရှိနဲ့ ပေးဆပ် ကစားမယ့် ဘောလုံးသမားမျိုးတွေပဲ လိုချင်တာပါ။

သူ့ရဲ့ အပြောင်းအရွှေ့က ဇန်နဝါရီ 31 ရက် မတိုင်ခင် ပေါ်ပေါက်လာဖို့ မျှော်လင့်ထားပါတယ်။ ဘောလုံး စကားနဲ့ ပြောရရင် ဘာစီလိုနာ ဂျာစီ ဝတ်ကစားဖို့ စိတ်မပါတဲ့ ကစားသမားမျိုး ၊ အသင်းမှာ မမြင်ချင်တော့ပါဘူး။

တစ်ခါတည်း ပြောရရင် ဒီပွဲ အတွက် ကစားသမား စာရင်းမှာ သူ့နာမည် ပါမလာတဲ့ အကြောင်းအရင်းက အဲဒီကနေ ဆက်စပ် ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကြောင့်ပါ။ နည်းပြ မှာ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှု အပြည့်ရှိပါတယ်။ သူ့ရဲ့ သဘောထား ကလဲ ဒီအတိုင်းပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒမ်ဘီလီ ဟာ 2017 ခုနှစ် က ဒေါ့မွန် ကနေ ပြောင်းရွှေ့ကြေး ယူရို 147 သန်း နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ နူးကမ့်မှာ 4 နှစ်ခွဲ ဝန်းကျင် ကျင်လည်ခဲ့ပြီးပါပြီ။ အသက် 24 နှစ် တောင်ပံ ကစားသမား ဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ၊ ဒဏ်ရာပြသနာ များလွန်းတဲ့ မှတ်တမ်းတွေ အများကြီး ရှိနေသည့်တိုင်အောင် ဘာစီလိုနာ ဘက်က သူ့ကို ဆက်လက် ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

နည်းပြ ဇာဗီ ကတော့ အဲဒီ ကိစ္စတွေ နဲ့ ပတ်သက်လို့ အခုလို ဖွင့်ဟ ထားခဲ့ပါတယ်။

“ အနေအထား က အရမ်းကို ရှင်းပါတယ်။ ဒမ်ဘီလီ အနေနဲ့ စာချုပ်သစ် မှာ လက်မှတ်ထိုးမလား ၊ ကျနော်တို့ က ဇန်နဝါရီ ကာလမှာပဲ ရောင်းထုတ်ရမယ့် နည်းလမ်းကို ရှာဖွေရမလားပေါ့။ ဒီနှစ်ခု ထဲက တစ်ခုပဲ ရွေးရမှာပါ။

ကျနော့် ဘက်ကလဲ သူ့အပေါ် သဘောထားကို ရှင်းရှင်းလင်းလင်း ပြောပြထားပြီးပါပြီ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လက်ရှိမှာ ဒမ်ဘီလီ ကို ခေါ်ယူဖို့ အတွက် နယူးကာဆယ် အသင်းက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

SM