ထုတ်ခံရတော့မယ့် ဘင်နီတက် ၊ အင်္ဂလန်ကို ပြန်လာတော့မယ့် အဲရစ်ဆင် ၊ အပြောင်းအရွှေ့ ညှိနှိုင်းမှုတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းမျာ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အဆင့် ၁ နေရာက မန်စီးတီး ဟာ အိမ်ကွင်းမှာ ဒုတိယ နေရာက ချဲလ်ဆီး ကို ကယ်ဗင် ဒီဘရိုင်းနား ရဲ့ ဂိုးနဲ့ အနိုင် ကစားပြီး ၁၃ မှတ် ဖြတ်ထား လိုက်ပြီ ဖြစ် ပါတယ် ။

ကျန်ပွဲစဉ်တွေ မှာတော့ ဗီလာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ၂ ဂိုးစီ သရေ ကျခဲ့ပြီး နောဝှစ်ချ် ၊ ဝုဗ် တို့ ကတော့ အိမ်ကွင်းတွေမှာ နိုင်ပွဲ အသီးသီး ရရှိခဲ့ ကြပါတယ် ။ နယူးကာဆယ် နဲ့ ဝက်ဖိုဒ့် ပွဲစဉ် ကတော့ ၁ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ် ခဲ့ကြပါတယ် ။

အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲမှာတော့ နိုင်ဂျီးရီးယား ဟာ ဆူဒန် အသင်းကို ၃-၁ နဲ့ အနိုင် ရပြီး ရှုံးထွက် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

အီဂျစ် ကလည်း ဂီနီယာ ဘစ်ဆို အသင်းကို မိုဟာမက် ဆာလာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

ဆီဗီးလား နဲ့ ရီးရဲ ဘက်တစ်တို့ ကစားခဲ့တဲ့ ကိုပါ ဒယ်ရေး ပွဲစဉ် ကတော့ ပရိသတ်တွေ ရဲ့ ကြမ်းတမ်းတဲ့ လုပ်ရပ်တွေ ကြောင့် ဆီဗီးလား ကစားသမား ရဲ့ ဦးခေါင်းမှာ ဒဏ်ရာ ရရှိ အပြီးမှာတော့ ပွဲကို ရပ်နား လိုက်တယ်လို့ ကြားသိရ ပါတယ် ။

ပြင်သစ် လီဂူး မှာတော့ PSG ဟာ ဘရတ်စ် အသင်းကို ၂-၀ နဲ့ အနိုင် ရခဲ့ပြီး တိုက်စစ်မှူးလေး ဘာပေ နဲ့ နောက်ခံလူ သီလို ခီဟာ တို့က ဂိုးတွေ သွင်းယူပေးခဲ့ ကြပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် အသင်းဟာ ကိုလုံး အသင်းကို အဝေးကွင်းမှာ ၄-၀ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

ဒီပွဲမှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ကတော့ ဘွန်ဒစ်လီဂါ သွင်းဂိုး ၃၀၀ ပြည့်မြောက် သွားခဲ့သလို ဂိုးသမားကြီး နူအာ ကလည်း ဘိုင်ယန် အတွက် ပွဲ ၃၀၀ မြောက် ခဲ့တယ်လို့ သိရ ပါတယ် ။

ဗြိတိန် ရဲ့ တင်းနစ် အကျော် အမော် အန်ဒီ မာရေး ကတော့ လူ့အခွင့်အရေး ကို မျက်ကွယ်ပြုထားတဲ့ အာရပ် နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ဆော်ဒီ အာရေဗျ မှာ ကျင်းပမယ့် တင်းနစ် ပြိုင်ပွဲတွေကို ပါဝင် မကစားဘဲ သပိတ်မှောက် သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အပြောင်း အရွှေ့ သတင်းတွေ မှာတော့ PSG ဟာ ဂိုးသမားကြီး ကေလာ နာဗက်စ် ကို ရောင်းထုတ်ဖို့ စိတ်ကူး နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆို သွားခဲ့ ပါတယ် ။

လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ် ကလည်း ပေါ်တူဂီ ကြယ်ပွင့်လေး ဂျာအို ဖိလစ် ကို ရောင်းထုတ် သွားဖို့ အစီအစဉ် မရှိဘူးလို့ သိရှိရ ပါတယ် ။

အာဆင်နယ် ပရိသတ်တွေ ကတော့ ကွင်းလယ် အခက်အခဲ ဖြစ်နေချိန်မှာ အသင်းသားဟောင်း ဂျက် ဝီလ်ရှိုင်းယား ကို ကာလတို စာချုပ်နဲ့ ခေါ်ယူ ဖို့ နည်းပြ အာတီတာ ကို တိုက်တွန်း ပြောဆို ခဲ့ကြပါတယ် ။

အာဆင်နယ် ကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကို ခေါ်ယူ နိုင်ဖို့ အတွက် အာရုံစိုက် ကြိုးပမ်း နေပြီး ဇန်နဝါရီ မှာပင် ခေါ်ယူနိုင်ဖို့ ယုံကြည်ထားတယ် လို့ ကြားသိရ ပါတယ် ။

နှလုံးခုန်မူမမှန်မှုကြောင့် အီတလီ မှာ ဆက်မကစား ဖြစ်တော့တဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် ဟာ လာမယ့် အပတ်ထဲမှာ ပရီးမီးယားလိဂ် ကို ပြန်ရောက်လာဖို့ ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အဲဗာတန် အသင်း ဘုတ်အဖွဲ့ဟာ နည်းပြ ရာဖာ ဘင်နီတက် ကို ထုတ်ပယ်ဖို့ စတင် ဆွေးနွေး နေကြပြီလို့ သိရ ပါတယ် ။ အဲဗာတန် ဟာ ဘင်နီတက် လက်ထက် မှာ ရလဒ်တွေ ကောင်းမွန် မလာဘဲ ပရိသတ်တွေ ကလည်း ဘင်နီတက် ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ပေါင်း များစွာ ကတည်းက ထုတ်ပယ်ဖို့ တောင်းဆို နေကြတာပဲ ဖြစ်ပါတယ် ။

ယူဗင်တပ် တိုက်စစ်မှူးလေး ပေါ်လို ဒိုင်ဘားလား ကတော့ စာချုပ်သစ် နဲ့ ပတ်သက်ပြီး ကိစ္စ အများကြီး ဖြစ်ပွား ခဲ့ကြောင်း နဲ့ ဒါတွေကို သူ ထုတ်ပြောဖို့ ဆန္ဒ မရှိကြောင်း ပြောဆို သွားခဲ့ တာကြောင့် စာချုပ်သစ် ကိစ္စ မှာ အဆင်မပြေမှုတွေ ရှိနေပြီလို့ သုံးသပ် လာခဲ့ကြ ပါတယ် ။

ယူဗင်တပ် နဲ့ အာဆင်နယ် တို့ အကြားမှာ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို ရဲ့ အပြောင်း အရွှေ့ နဲ့ ပတ်သက်လို့လည်း သဘောတူညီမှု မရရှိ ထားသေးဘူးလို့ သိရ ပါတယ် ။

နယူးကာဆယ် က အလိုရှိ နေတဲ့ နယ်သာလန် နောက်ခံလူ ဆဗန် ဘော့မန်း ဟာ ရာသီကုန် အထိ အသင်းမှာ ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ လိုင်လီ အသင်း ဥက္ကဌ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR