တော့တင်ဟမ်နဲ့ ပွဲမှာ လက်သန်းကျိုးခဲ့တဲ့ ဟာဗက်ဇ်ရဲ့ နောက်ဆုံးရ အခြေအနေ အကြောင်း အသိပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် အဆင့် ပထမ အကျော့ပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်းကို ပထမပိုင်း အတွင်းက ရခဲ့တဲ့ သွင်းဂိုး ၂ဂိုးနဲ့ အနိုင်ရကာ ၊ ဗိုလ်လုပွဲသို့ တက်ရောက်ဖို့ ခြေတလှမ်း ပိုမို နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ် ။

င်္ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ တော်ရုံ သုံးလေ့မရှိတဲ့ ၄ – ၄ – ၂ ကစားကွက် ကို မိတ်ဆက် သုံးခဲ့သလို ၊ Sky Italia နဲ့ အင်တာဗျုးကနေ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူကိုလည်း ပွဲထွက်ခွင့် ပြန်ပေးခဲ့ပါတယ် ။

ကိုဗစ်နဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ လီဗာပူးနဲ့ ပွဲမှာမှ ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ဂျာမန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ဟာ မနေ့ညက ပွဲမှာ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၊ ကံဆိုးစွာနဲ့ ဂိုးသွင်းအပြီး ပြန်အကျမှာ လက်သန်းကျိုးသွားခဲ့ပါတယ် ။

ဟာဗက်ဇ် ဟာ ယင်း ဒဏ်ရာကို ပတ်တီးပတ်ကာ ၊ ပထမပိုင်း ပြီးတဲ့အထိ ကစားပေးခဲ့ပြီး ၊ ဒုတိယပိုင်း စစချင်းမှာတော့ တူချယ်မှ ၄င်းကို တီမို ဗာနာနဲ့ လူစားလဲခဲ့ပါတယ် ။ ပွဲပြီးခါနီးမှာ ချဲလ်ဆီး အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ဟာလည်း ကြွက်တက်မှု ခံစားခဲ့ရတာကြောင့် ၊ အကယ်ဒမီထွက် ဆယ်ကျော်သက် ကွင်းလယ်လူ ဟာဗီဗေးလ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။

 

မနေ့ညက ပွဲမတိုင်မီ ၊ အားထားရတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ ပြင်သစ် ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေတို့ ကိုဗစ် ပေါ့စတစ် အဖြေထွက်ခဲ့တာကြောင့် ၊ ချဲလ်ဆီး အသင်း ဟာ ထိုပွဲကို ဒေါင်ဒေါင်မြည် နောက်ခံလူ ၄ဦး အထိသာ အသုံးပြုခွင့် ရခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ဟာဗက်ဇ်ရဲ့ လက်သန်းကျိုး ဒဏ်ရာနဲ့ အက်ဇ်ပီလီကွီတာရဲ့ ကြွက်တက်မှုနဲ့ ပတ်သက်ပြီး ” ဒီ အခြေအနေ ၂ခုလုံးကို ကျွန်တော်တို့ စိုးရိမ်နေကြပါတယ် ။ ဒါပေမယ့် အက်ဇ်ပီ ကတော့ ဒါက ကြွက်တက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ် ။ ”

” အနည်းဆုံးတော့ ဒါက သတင်းကောင်းလို့ပဲ ပြောရမှာပါ ။ ကျွန်တော်တို့လည်း သူ့ကို ယုံတဲ့ အတွက် ၊ ကြွက်တက်တာပဲ ဖြစ်ပါစေလို့ မျှော်လင့်ကြတာပေါ့ ။ ကိုင် ကတော့ လက်သန်းကျိုးတဲ့ ပြဿနာနဲ့ ကြုံခဲ့ရတာပါ ။ အပြင်ပန်း ကြည့်ရတာ ဒါက အတော် ဆိုးဆိုးရွားရွားပါပဲ ။ ”

” နာကျင်နေတဲ့ ကြားက ကိုင် ဟာ ပထမပိုင်း ပြီးတဲ့အထိ ကစားသွားခဲ့ပါတယ် ။ ဒါပေမယ့် ရွေ့လျားမှု ၊ လှုပ်ရှားမှုတိုင်းမှာ ၊ ပြိုင်ဖက် ကစားသမားတွေနဲ့ ထိမိတဲ့ အချိန်တိုင်းမှာ အခြေအနေ က ပိုပိုပြီး ဆိုးခဲ့ပါတယ် ။ ပထမပိုင်း ပြီးတဲ့အထိ သူ တောင့်ခံနိုင်ခဲ့ပြီး ၊ ဒုတိယပိုင်း စစချင်း သူ့ကို ကျွန်တော်တို့ လူစားလဲနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီး ဟာ အက်ဖ်အေ ဖလား တတိယ အဆင့်ပွဲ အဖြစ် အင်္ဂလန် လိဂ်တူး ကလပ် ချက်စတာဖီးလ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်လို့ ၊ လတ်တလော ကြုံနေရတဲ့ ဒဏ်ရာနဲ့ ကိုဗစ် ပြဿနာတွေက ထိုပွဲအပေါ် ထူးထူးခြားခြား သက်ရောက်မှု ရှိမှာ မဟုတ်ပေမယ့် ၊ နောက်ပွဲတွေမှာ တော့တင်ဟမ်နဲ့ ၂ပွဲ ၊ မန်စီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ ရှိသေးတာကြောင့် ၊ အထက်က ဒဏ်ရာ ပြဿနာတွေဟာ တူချယ်ကို ဆက်ပြီး ခေါင်းခဲစေမှာ သေချာနေပါတယ် ။

SPORTS MYANMAR