တော့တင်ဟမ်နဲ့ ပွဲမှာ ပြန်ပါလာမယ့် လူကာကူနဲ့ ပတ်သက်ပြီး ချဲလ်ဆီး ပရိသတ်တွေကို မက်ဆေ့ခ်ျ ပေးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ Sky Italia ရဲ့ အင်တာဗျူးမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ်ကို ပေါ်တင် ဝေဖန်ခဲ့သလို ၊ ချဲလ်ဆီးမှာ မပျော်မွေ့နေကြောင်း ၊ မဝေးတဲ့ အနာဂတ် တကွေ့ကွေ့မှာ အသင်းဟောင်း အင်တာမီလန်သို့ ပြန်ပြောင်းလိုကြောင်း ဆိုခဲ့ပါတယ် ။

ဒီမှတ်ချက်တွေဟာ ချဲလ်ဆီး အသင်းမှ ကလပ် တာဝန်ရှိသူ ၊ နည်းပြ အဖွဲ့ဝင် ၊ အသင်းဖော်တွေနဲ့ ပရိသတ် အားလုံးကို မလေးမစား လုပ်ရာ ကျခဲ့ပြီး ၊ ၄င်းရဲ့ လုပ်ရပ်ကို အပြစ်ပေးတဲ့ အနေနဲ့ တူချယ် ဟာ လီဗာပူးနဲ့ ပွဲမှာ ချန်လှပ်ခဲ့ပါတယ် ။

မနေ့ကတော့ လူကာကူ ဟာ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်ပါခဲ့ပြီး ၊ အင်တာဗျူးမှ အကြောင်းအရာတွေနဲ့ ပတ်သက်ကာ တူချယ်နဲ့ တံခါးပိတ် ဆွေးနွေးမှု လုပ်ခဲ့ပါတယ် ။ ဒါ့အပြင် လူကာကူ ဟာ တူချယ်နဲ့ ချဲလ်ဆီး အသင်းဖော်တွေကို တရားဝင် တောင်းပန်ခဲ့ကြောင်းလည်း သိရပါတယ် ။

ဒါကြောင့် လူကာကူ ဟာ ယနေ့ည တော့တင်ဟမ်နဲ့ ကစားမယ့် ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲ အတွက် ကစားသမား စာရင်းမှာ ပြန်ပါလာမယ်လို့ တူချယ် က အတည်ပြုခဲ့သလို ၊ ကွင်းတွင်း လာရောက် အားပေးကြမယ့် ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ လူကာကူကို ဆိုးရွားတဲ့ ကြိုဆိုမှုမျိုး မလုပ်ဖို့ မျှော်လင့်ကြောင်း မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ရိုမီလူ ဟာ ဒီကြားထဲ ဘာတွေ ဖြစ်ခဲ့တယ် ၊ သူ ဘယ်လို အခြေအနေမျိုး ဖန်တီးခဲ့တယ် ဆိုတာကို ကောင်းကောင်း သတိထားမိပါတယ် ။ သူကိုယ်တိုင်လည်း ဒီ အရှုပ်အထုပ်ကို တာဝန်ယူ ဖြေရှင်းရမယ်လို့ ခံစားရပါတယ် ။ ”

” ဒီတော့ အရှေ့ က သူ ဖန်တီးခဲ့တဲ့ အခြေအနေရဲ့ နောက်ဆက်တွဲ တုန့်ပြန်မှု အနည်းငယ်က ဆက်ပြီး ထွက်နိုင်ပါသေးတယ် ။ ဒါပေမယ့် သူ ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ် ။ နောက်ပြီး သူ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး ။ နောက်တရက်မှာ သူ့အနေနဲ့ လူတိုင်းကို ခွင့်လွှတ်ထားတဲ့ အနေအထားနဲ့ မှတ်ယူလို့တော့ မရပါဘူး ။ ”

” ဒါပေမယ့် သူဟာ ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တဦး အဖြစ် ဆက်ရှိနေဆဲ ဖြစ်သလို ၊ ကျွန်တော်တို့မှာ သူ့ကို ရှေ့ဆက် အသုံးပြုဖို့ အတွက် လုံလောက် ကောင်းမွန်တဲ့ အကြောင်းပြချက် အချို့ ရှိပါတယ် ။ ဒီတော့ ကျွန်တော်တို့ သူ့ကို ဆက်ပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်စေချင်ပါသေးတယ် ။ ”

” သူဟာ ကျွန်တော်တို့ရဲ့ အသင်းသား တဦး ဖြစ်နေသေးတာကြောင့် ၊ သူ့ဖက်က ကာကွယ်ပေးရမယ့် တာဝန် ကျွန်တော်တို့မှာ အပြည့် ရှိပါတယ် ။ အဆုံးမှာတော့ ကွင်းထဲမှာ ပရိသတ်တွေက အသင်းကို အားပေးမှု မပြတ်လုပ်ပေးဖို့က အရေးကြီးပါတယ် ။ ”

” တချို့သူတွေမှာ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မတူညီတဲ့ အတွေး ရှိရင်တောင် ၊ ကလပ် အကြောင်းပဲ အမြဲတမ်း ဦးစားပေး ဖြစ်သင့်ပါတယ် ။ ကျွန်တော်ကတော့ ပရိသတ်တွေကို ဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လက်ခံပေးဖို့ မျှော်လင့်သလို ၊ အရင်လို အားပေးမြဲ အားပေးဖို့ ပြောချင်ပါတယ် ။ အခုအချိန်မှာ အသင်း ဟာ ပရိသတ်တွေရဲ့ အားပေးမှုကို အမှန်တကယ် လိုအပ်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR