တော့တင်ဟမ်နဲ့ ပွဲကို အဓိက ချဲလ်ဆီး အသင်းသား ၂ဦး ပါဝင်နိုင်ဖို့ ရှိမရှိ ဖြေကြားရင်း ၊ နောဝှစ်ခ်ျမှာ ဒဏ်ရာရလာခဲ့တဲ့ ဘီလီ ဂီလ်မာ အကြောင်း ဖွင့်ဟခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲ အဖြစ် တော့တင်ဟမ် အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ပထမ အကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့စဉ် က ၂ – ၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်လို့ ၊ ချဲလ်ဆီး အတွက် ဗိုလ်လုပွဲသို့ တက်ရောက်ဖို့ တပန်းပိုသာနေပါတယ် ။

ပထမ အကျော့တုန်းက ချဲလ်ဆီး ဟာ နောက်ခံလူ အများအပြား ဒဏ်ရာနဲ့ ကိုဗစ် ပြဿနာတွေ ခံစားခဲ့ရလို့ ၊ ၄ယောက်တန်း ခံစစ် ကစားကွက်သို့ ပြန်ပြောင်းခဲ့ရပါတယ် ။ ယနေ့ည ကစားမယ့် ဒုတိယ အကျော့မှာတော့ ကာလရှည် ဒဏ်ရာရ ကစားသမားတွေကလွဲလို့ ၊ ကျန်တဲ့ အသင်းသား အစုံ ပြန်ပါကြဖို့ များနေပါတယ် ။

ကိုဗစ်ကြောင့် ပထမ အကျော့ကို လွဲခဲ့တဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ ပြင်သစ် ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေ တို့ဟာ မနေ့က လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်ခဲ့ကြပြီး ၊ ယနေ့ည ပွဲမှာ ပြန်ပါဖို့ ရှိမရှိကို နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ၄င်းတို့ ၂ဦးရဲ့ နောက်ဆုံးရ အခြေအနေနဲ့ ပတ်သက်ပြီး ” အခုအချိန် အထိတော့ ဒဏ်ရာရ ကစားသမားသစ် ထပ်တိုးတာမျိုး မရှိသေးပါဘူး ။ စနေနေ့က အက်ဖ်အေ ဖလားပွဲ မတိုင်မီ အနေအထားနဲ့ တူတူပါပဲ ။ ”

” အန်ဂိုလိုနဲ့ သီယာဂိုတို့ကိုတော့ အသုံးပြုဖို့ သင့်မသင့် နောက်ဆုံး မိနစ် ဆုံးဖြတ်ချက် ချတာမျိုး လုပ်ရဦးမှာပါ ။ သူတို့ ၂ယောက်လုံး ကွာရန်တင်းက ပြန်ထွက်လာကြပြီလား ။ ဟုတ်ပါတယ် ။ နှလုံး စစ်ဆေးမှု လုပ်ခဲ့ကြပြီး ၊ negative အဖြေ ထွက်ခဲ့ကြပါတယ် ။ ”

” မနက်ဖြန်ပွဲကို သူတို့ ပြန်ပါနိုင်မလား ။ ဒါကို ကျွန်တော် တိတိကျကျ မဖြေနိုင်သေးပါဘူး ။ လေ့ကျင့်ရေး အစီအစဉ် က သူတို့ရဲ့ အခြေအနေကို ကျွန်တော် တချက် စောင့်ကြည့်ရပါဦးမယ် ။ သူတို့ကို မနက်ဖြန်ပွဲမှာ ပြန်သုံးချင်ရင်တော့ အလောင်းအစား လုပ်ရမယ့် သဘောမှာ ရှိနေပါတယ် ။ ”

” မနက်ဖြန်ပွဲကို ကစားတဲ့အခါ ၊ သူတို့ ဘယ်လောက် အထိ အားထုတ် ပေးဆပ်နိုင်မလဲ ဆိုတာ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး ။ ဒါပေမယ့် တဆင့်ချင်းစီ ကျွန်တော်တို့ ကြိုးစားသွားမှာပါ ။ အခုအချိန် အထိတောင် သူတို့ ကောင်းကောင်း ပြန်လေ့ကျင့်နိုင်မလား မသိသေးပါဘူး ။ ”

” အကယ်၍ လေ့ကျင့်နိုင်တယ် ဆိုရင် သူတို့ရဲ့ တုန့်ပြန်မှုကို အရင်ကြည့်မယ် ၊ ပြီးမှ မနက်ဖြန်ပွဲကို သူတို့ ပြန်ကစားဖို့ သင့်မသင့် ဆုံးဖြတ်ချက် ချသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ နောဝှစ်ခ်ျ အသင်းသို့ တရာသီ အငှားထွက်နေတဲ့ ချဲလ်ဆီး လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ဟာ ဒဏ်ရာကြောင့် ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာသို့ ပြန်ရောက်နေကြောင်း သိရပါတယ် ။

ဂီလ်မာနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” ပထမဆုံး အနေနဲ့ ကျွန်တော်တို့ဟာ ဘီလီရဲ့ ဒဏ်ရာ အခြေအနေ ကို အရင်ဆုံး စစ်ဆေးရမှာပါ ။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တဦး ဖြစ်နေသေးသလို ၊ ဒီကိုလည်း သူဟာ ဒဏ်ရာ စစ်ဆေးဖို့ ပြန်ရောက်နေတာပါ ။ ”

” အခြေအနေ အလုံးစုံ သိပြီးရင်တော့ နောဝှစ်ခ်ျ အသင်းနဲ့ အတူ သူ့ကို ဘယ်လို ကုသမှု ပေးမလဲ ဆိုတာ ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ် ။ အခုအချိန် အထိတော့ သူ ဒီမှာ နေမလား ၊ နောဝှစ်ခ်ျကို ပြန်မလား ဆိုတာ မဆွေးနွေးရသေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR