တူချယ်ရဲ့ ကြယ်ပွင့် တဦးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကနေ သွေဖယ်သွားတာ ဖြစ်ကြောင်း သုံးသပ်လိုက်တဲ့ ပေါလ်မာဆင်

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အစကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အထိ ပုံစံကောင်းတွေ ဆက်တိုက် ပြသနိုင်ခဲ့ပေမယ့် ၊ ဒီဇင်ဘာလ အတွင်းမှာ မထင်မှတ်ထားတဲ့ ဒဏ်ရာ ၊ ကိုဗစ် ပြဿနာတွေကြောင့် ရလဒ် မတည်ငြိမ်မှုတွေနဲ့ တောက်လျှောက် ရင်ဆိုင်ခဲ့ရကာ ၊ အခုအခါမှာတော့ လက်ရှိ ချန်ပီယံနဲ့ ရမှတ် ၁၀မှတ် အထိ ပြတ်ကျန်ခဲ့ပြီ ဖြစ်ပါတယ် ။

၂၀၂၁ ခုနှစ် ကုန်ခါနီးမှာလည်း ချဲလ်ဆီးသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ရောက်လာတာ လပိုင်းသာ ရှိခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူမှ Sky Italia သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အသင်းမှာ မပျော်မွေ့ကြောင်း ဖွင့်ဟခဲ့ပြီး ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ် ရွေးချယ်မှု ကိုလည်း ပေါ်တင် ဝေဖန်ခဲ့ပါတယ် ။

ဒါ့အပြင် ယင်း အင်တာဗျူးမှ ၄င်းရဲ့ မှတ်ချက် အချို့ဟာ ချဲလ်ဆီး ပရိသတ်တွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ် ။ ဒီအတွက်ကြောင့်လည်း လူကာကူ ဟာ နှစ်သစ် အဖွင့် ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းရဲ့ ကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ် ။

ထို့နောက်မှာ လူကာကူ ဟာ တူချယ်နဲ့ တံခါးပိတ် ဆွေးနွေးမှု လုပ်ခဲ့အပြီး ၊ အသင်းဖော်တွေနဲ့ နည်းပြ အဖွဲ့ဝင်တွေကို တရားဝင် တောင်းပန်ခဲ့သလို ၊ ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး ကနေလည်း ပရိသတ်တွေထံ တောင်းပန် မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

တူချယ်ရဲ့ လူကာကူနဲ့ ပတ်သက်တဲ့ ကိုင်တွယ်မှု ဟာ လူအများရဲ့ အမြင်မှာတော့ အပေါင်း လက္ခဏာ ဆောင်ခဲ့ပေမယ့် ၊ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ကတော့ လူကာကူ ကို လီဗာပူးနဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ချန်လှပ်ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက် ဟာ ချဲလ်ဆီးကို title race ကနေ လွင့်စင်စေခဲ့ကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

Daily Star သတင်းဌာနရဲ့ ဆောင်းပါး တပုဒ်မှာ ပေါလ်မာဆင် က ” လူကာကူ ဟာ ဒီရာသီ ချဲလ်ဆီးနဲ့ အတူ ဆုဖလား တခုခု ရပါလိမ့်မယ် ။ ဒါပေမယ့် သောမတ်စ် တူချယ် ဟာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ ဆက်ကျန်ဖို့ အခွင့်အရေးကို လီဗာပူးနဲ့ ပွဲမှာ ဖြုန်းတီးခဲ့ပါတယ် ။ ”

” သူတို့ဟာ မန်စီးတီးကို ဆက်လိုက်နိုင်ဖို့ အဲဒီပွဲမှာ အနိုင် ၃မှတ် လိုအပ်ခဲ့ပါတယ် ။ အခုတော့ သူတို့ဟာ စီးတီးနဲ့ ၁၀မှတ် အထိ ကွာဟသွားပြီး ၊ လီဗာပူးကတော့ မန်စီးတီးကို ဆက်လိုက်နိုင်ပါသေးတယ် ။ လူတွေက လူကာကူကို ချန်လှပ်ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက် ဟာ မှန်ကန်ခဲ့တယ်လို့ ပြောကြပါတယ် ။ ”

” ဒါပေမယ့် သူဟာ ကလပ်ကနေ ထွက်ရလောက်အောင် အထိ ပြဿနာ တက်စေခဲ့တာမှ မဟုတ်ပဲ ၊ ဘာလို့ အသင်းရဲ့ အရေးပါဆုံး ပွဲတပွဲမှာ သူ့ကို ချန်လှပ်ခဲ့တာလဲ ။ နောက်ရက် အနည်းငယ် အကြာ တော့တင်ဟမ်နဲ့ပွဲမှာ သူ ပြန်ပါခဲ့တယ် ၊ ဒီတော့ လီဗာပူးနဲ့ ပွဲမှာ သူ့ကို ချန်ခဲ့တာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး ။ ”

” အခုကနေစပြီး လူကာကူ ဟာ ပွဲတိုင်း ကစားခွင့် ရတော့မှာပါ ။ အင်တာဗျူး ကိစ္စကိုလည်း လူတိုင်း မေ့လျော့သွားကြမှာပါ ။ နောက်ပြီး သူဟာ ဂိုးတွေ သွင်းပေးမှာ ဖြစ်လို့ ၊ သူ့ရဲ့ သွင်းဂိုးတွေဟာ ချဲလ်ဆီးကို ဒီရာသီ ဆုဖလား တခုခု ဆွတ်ခူးစေပါလိမ့်မယ် ။ တော့တင်ဟမ်နဲ့ ပွဲမှာ သူဟာ တိုက်စစ် လှုပ်ရှားမှု များစွာ ပြသနိုင်ခဲ့ပါတယ် ။ ”

” ကိုဗစ် မဖြစ်ခင်က လူကာကူ ဟာ ဒဏ်ရာက ပြန်လာခဲ့ပေမယ့် ၊ အရန်ခုံမှာ ထိုင်ခဲ့ရတဲ့ ပွဲအချို့ ရှိခဲ့တာကြောင့် ၊ ဒီအပေါ် သူ မကျေနပ်ခဲ့တဲ့ပုံ ပေါ်ပါတယ် ။ သူဟာ နည်းပြရဲ့ ချစ်ခင်မှုကို လိုအပ်တဲ့ ကစားသမားမျိုး ဖြစ်ပြီး ၊ တူချယ် ဟာ သူ့ကို ချစ်ခင်မှု လုံလုံလောက်လောက် မပြသထားဘူးလို့ ထင်ပါတယ် ။ ”

” ဒါပေမယ့် ချဲလ်ဆီး ဟာ သူပါမှ ပိုကောင်းတဲ့ အသင်း တသင်း အသွင်ဆောင်တဲ့ အတွက် ၊ ကျွန်တော့ အမြင်မှာတော့ သူဟာ အခုကနေစပြီး အပတ်တိုင်း ကစားခွင့် ရလာပါလိမ့်မယ် ။ ” လို့ သုံးသပ်ခဲ့ပါတယ် ။

SPORTS MYANMAR