တက္ကစီ သမား ဖခင်ကြီးကို ဂုဏ်ပြုတဲ့ ကျောနံပါတ်ကို ရွေးချယ်ခဲ့တဲ့ နယူးကာဆယ် ရဲ့ ဒုတိယ ဈေးအကြီးဆုံး ကစားသမား

ဘရာဇီး ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ကတော့ နယူးကာဆယ် ကို ပြောင်းရွှေ့ လာခဲ့ ပါပြီ ။

၂၄ နှစ် အရွယ် ကွင်းလယ်လူ ဟာ လိုင်ယွန် ကနေ နယူးကာဆယ် ကို ပေါင် ၃၃ သန်း နဲ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ဂျိုးလင်တန် ပြီးရင် ငှက်ကျားတို့ရဲ့ ဒုတိယ ဈေးအမြင့်ဆုံး ပေးရတဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

နယူးကာဆယ် နဲ့ စာချုပ် ချုပ်ဆို အပြီးမှာတော့ ဂွီမာရက်စ် ဟာ ကျောနံပါတ် ၃၉ ကို ရွေးချယ် သွားခဲ့ ပါတယ် ။

 

ဒါဟာ သူ့ရဲ့ ဖခင် ဖြစ်သူကို ဂုဏ်ယူဖို့ အတွက် ရွေးချယ် ခဲ့တာလို့ သိရ ပါတယ် ။

ဘရူနို ဂွီမာရက်စ် ရဲ့ ဖခင် ဟာ တက္ကစီ မောင်းသမား တယောက် ဖြစ်ပြီး ဘရာဇီး နိုင်ငံ ရီယို မြို့တော်က တက္ကစီ နံပါတ် ၃၉ ကို အမှတ်တရ ဖြစ်စေဖို့ အတွက် နယူးကာဆယ် မှာ ကျောနံပါတ် ၃၉ ကို ရွေးချယ် ဝတ်ဆင် ခဲ့တာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

ဂွီမာရက်စ် ဟာ နယူးကာဆယ် နဲ့ ၄ နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆို ခဲ့ပြီး တပတ်ကို ပေါင် ၁၂၀၀၀၀ အထိ ရရှိမယ် လို့ သိရ ပါတယ် ။

ဂွီမာရက်စ် ဟာ နယူးကာဆယ် ကို ဆော်ဒီ စီးပွားရေး အင်အားစုက ဝယ်ယူအပြီး တတိယ မြောက် ခေါ်ယူ ခဲ့တဲ့ ကစားသမား ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်အတွက် အကျိုးပြု နိုင်မယ့်သူ ဖြစ်လာမယ်လို့ မျှော်လင့် ထားကြပါတယ် ။

 

ဂွီမာရက်စ် ဟာ လက်ရှိမှာ ဘရာဇီး လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကို ပါဝင် ကစားပေး နေပြီး နယူးကာဆယ် နဲ့ မိုင်ပေါင်း ၅၇၀၀ ကျော် အဝေးနေရာမှာပဲ ဆေးစစ်မှု ပြုလုပ် သွားခဲ့တာ ဖြစ်ပါတယ် ။

ဆော်ဒီ အင်အားစုရဲ့ ငွေကြေး အင်အား တောင့်တင်းမှု ဟာ ပရီးမီးယားလိဂ် မှာ နံပါတ် ၁ နေရာ ဖြစ်နေပေမယ့် နယူးကာဆယ် ရဲ့ အဆင့် ရပ်တည်မှုဟာ ဂွီမာရက်စ် လို ထိပ်တန်းဆင့် ကွင်းလယ်လူ တယောက်ကို လာရောက် ကစားဖို့ ဆွဲဆောင် နိုင်စေခဲ့တာ ကတော့ ဥရောပ ဘောလုံး လောကကို အံ့အား သင့်စေခဲ့ ပါတယ် ။

“ဘရူနို ဟာ စိတ်လှုပ်ရှား စရာ ကောင်းတဲ့ အရည်အသွေးတွေ ရှိပါတယ် ။ သူက ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ် တခုပါ ။ ဒါကြောင့် သူ့ကို အရ ခေါ်နိုင်တဲ့ အတွက် အရမ်းပဲ ဝမ်းမြောက်မိ ပါတယ် ။

သူဟာ အသင်းကို ရုတ်ချည်း အင်အား ကောင်းလာအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်”

 

“သူဟာ ပြင်သစ်လိဂ် ရဲ့ အကောင်းဆုံး ကစားသမား တယောက် ဖြစ်သလို ဘရာဇီး လက်ရွေးစင် အသင်းမှာလည်း ပွဲထွက် ကစားနေရသူပါ ။ ဒါကြောင့် ကျွန်တော်တို့ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ ဘရူနို ရဲ့ ခြေစွမ်းအပေါ် အားရ ကျေနပ် ပျော်ရွှင် နိုင်ကြလိမ့်မယ်ဆိုတာ သံသယ မဖြစ်မိ ပါဘူး” လို့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း က အသင်းရဲ့ ဝက်ဘ်ဆိုက် က တဆင့် ဘရူနို ဂွီမာရက်စ် ကို ခေါ်ယူ နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောဆို သွားခဲ့ ပါတယ် ။

ဂွီမာရက်စ် ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကစားမယ့် အဲဗာတန် အသင်းနဲ့ ပွဲစဉ်မှာ နယူးကာဆယ် အတွက် ပထမဆုံး ပါဝင် ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရ ပါတယ် ။

နယူးကာဆယ် ဟာ ဒီဇန်နဝါရီမှာ ထရစ်ပီယာ ၊ ဂွီမာရက်စ် နဲ့ ခရစ်စ် ဝုဒ် တို့ကို ခေါ်ယူထားပြီး ဘရိုက်တန် နောက်ခံလူ ဒန်ဘန်း ကို စတုတ္ထမြောက် ခေါ်ယူမှု အဖြစ် ကြိုစား နေတယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR