ဇန်နဝါရီ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဝက်စ်ဘရွန်း ဘယ်နောက်ခံလူကို ခေါ်ယူလိုက်တဲ့ အာဆင်နယ်

ဂန်းနားတို့ဟာ ဒီဇန်နဝါရီ အ​ပြောင်းအရွှေ့ကာလရဲ့ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဝက်စ်ဘရွန်း အသင်း ရဲ့ အရည်အသွေးမြင့် ဘယ်နောက်ခံလူ Lino Sousa က ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။

Football London က အာဆင်နယ် အသင်းဟာ အသက် ၁၆ နှစ် အရွယ် Lino Sousa ကို အပြီးသတ် စာချုပ်ချုပ် ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြ လာခဲ့တာပါ ။

ဘရာဇီးသွေး တစ်စိတ်တစ်ပိုင်းပါတဲ့ Lino Sousa ဟာ အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် မနှစ်က ဝက်စ်ဘရွန်း ယူ၁၈ အသင်း အတွက် ကစားပေးခဲ့သူပါ ။ အာဆင်နယ် အသင်းရဲ့ အကယ်ဒမီ က တာဝန်ရှိသူတွေဟာ Sousa ရဲ့အရည်အသွေးကို သတိပြုမိတာကြောင့် ဒီကာလမှာ အရ ခေါ်ယူ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

Sousa ဟာ ဒီလမှာ အသက် ၁၇ နှစ် ပြည့်တော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဖော်သစ် တွေနဲ့ လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပါတယ် ။ Westbrom official website ရဲ့ဖော်ပြချက်အရတော့ Sousa ဟာ နေရာစုံ ကစားနိုင်တဲ့ ဘယ်နောက်ခံလူ တစ်ဦးလို့ ရည်ညွှန်း ဖော်ပြ ထားပါတယ် ။

Sousa ဟာ သူ့ရဲ့ အံ့ဖွယ် dribbling ability နဲ့ close control တွေကြောင့် ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့စိတ်ဝင်စားမှု ကို ရရှိနေသူ ဖြစ်ပြီး အာဆင်နယ် အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လတုန်းကလည်း Sousa ဟာ အင်္ဂလန် လူငယ် အသင်းမှာ ပထမဆုံး အကြိမ်ရွေးချယ် ခံခဲ့ရပြီး အင်္ဂလန် ယူ၁၅ ၊ ယူ၁၆ အတွက် ကိုယ်စားပြု ကစားပေးခဲ့ပါသေးတယ် ။ ဒါတင်မကသေးပါဘူး ၊ Sousa ဟာ ဝက်စ်ဘရွန်း ယူ၂၃ အသင်းအတွက်လည်း ပွဲထွက် ကစားခဲ့ဖူးပါတယ် ။

ဝက်စ်ဘရွန်း ယူ၁၈ နည်းပြ Peter Gilback ကတော့ Lino Sousa ကို ခုလို ချီးကျူး ထားဖူးပါတယ် ။ ” လီနို က ကြံ့ခိုင် ဖျက်လတ်တဲ့ ဘယ်နောက်ခံလူ တစ်ဦးပါ ၊ ပွဲကို ကောင်းကောင်း ဖတ်နိုင်ပါတယ် ၊ သိပ်ကောင်းတဲ့ ဘယ်ခြေကိုလည်း ပိုင်ဆိုင် ထားပါတယ် ၊ ၁၆ အရွယ် ကစားသမား တစ်ဦးက ယူ၁၈ အသင်းမှာ တစ်ရာသီလုံး ကစားရဖို့ဆိုတာ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး ၊ ဒါပေမယ့် သူ့ကို ချီးကျူး ဂုဏ်ပြုရမှာပါ ၊ သူ့မှာ အလားအလာ ကောင်းတွေ အများကြီး ရှိပါတယ် ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အကယ်ဒမီ နည်းပြ မာတီဆက်ကာ ဟာ အကယ်ဒမီ အသင်းမှာ ဘယ်နောက်ခံလူ နေရာဟာ မဖြစ်မနေ အားဖြည့်ရမယ့် နေရာလို့ ယူဆတာကြောင့် Lino Sousa ကို ခေါ်ယူ အားဖြည့် ခဲ့တာလည်း ဖြစ်ပါတယ် ။

SM