စီနီယာ ပွဲထွက်ခွင့် ရခဲ့တဲ့ လူးဝစ်ဟောလ် ကို စနောက်ရင်း ၊ အက်ဖ်အေဖလား နိုင်ပွဲမှ အခြား ချဲလ်ဆီး ကြယ်ပွင့် ၃ဦးကိုပါ ချီးကျူးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ အက်ဖ်အေ ဖလား တတိယအဆင့်ပွဲမှာ non-league ကလပ် ချက်စတာဖီးလ် အသင်းကို အသင့်အတင့် တောင့်တင်းတဲ့ ပွဲထွက်စာရင်းကို အသုံးပြုကာ ၊ ၅ – ၁ ရလဒ်နဲ့ သက်တောင့်သက်သာ ဂိုးပြတ် အနိုင်ရခဲ့ပြီး ၊ စတုတ္ထအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ အဖွင့်ဂိုးကို ပွဲချိန် ၆မိနစ်မှာတင် တီမို ဗာနာရဲ့ သွင်းဂိုးမှတဆင့် ရရှိခဲ့ပါတယ် ။ ထို့နောက် ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိုမီလူ လူကာကူ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် တို့က ပထမပိုင်း အတွင်း ချဲလ်ဆီး အတွက် တဂိုးစီ အသီးသီး သွင်းပေးခဲ့ကြပါတယ် ။

ဒုတိယပိုင်း အစ ၁၀မိနစ် အကြာမှာ ဟာကင် ဇီယက်ခ်ျ က ပဉ္စမမြောက်ဂိုးကို ပင်နယ်တီမှ တဆင့် သွင်းယူပေးခဲ့ပါတယ် ။ ဧည့်သည် အသင်း အတွက် နှစ်သိမ့် ချေပဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး အဆန်တီ က သွင်းယူပေးခဲ့တာ ဖြစ်လို့ ၊ ချက်စတာဖီးလ် ပရိသတ်တွေ အတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အကယ်ဒမီထွက် လူငယ် နောက်ခံလူ လူးဝစ်ဟောလ် ကို ယုံယုံကြည်ကြည် ပွဲထွက်ခွင့် ပေးခဲ့ပါတယ် ။ ၄င်းကိုယ်တိုင်ကလည်း တူချယ်ရဲ့ ယုံကြည်မှုကို ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ အပြည့်အဝ ပေးဆပ် ကစားခဲ့ပါတယ် ။

လူကာကူရဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ လူးဝစ်ဟောလ် ဟာ ပွဲအပြီး ချဲလ်ဆီး ပရိသတ်များမှ မဲပေး ရွေးချယ်တဲ့ Man of the Match ဆုကိုလည်း ရရှိခဲ့ပါတယ် ။ ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ တူချယ် က လူးဝစ်ဟောလ် ဟာ အနေအေးတဲ့ လူငယ် တဦး ဖြစ်လို့ ၊ ၄င်းမတိုင်ခင် ဖြေကြားခဲ့တဲ့ ပွဲပြီးအင်တာဗျူးမှာ စကားပြောများပြောပါ့မလားလို့ အခုလိုပဲ စနောက်သွားခဲ့ပါတယ် ။

တူချယ် က ” အရှေ့က အင်တာဗျူးမှာ လူးဝစ် စကားတွေ အများကြီး ပြောသွားခဲ့လား ။ လေ့ကျင့်ရေး အစီအစဉ်တွေမှာတော့ သူ စကားပြောတာ ကျွန်တော် သိပ်မတွေ့ခဲ့ရပါဘူး ။ ဒါပေမယ့် ဒီနေ့ပွဲမှာ သူဟာ ပွဲထွက်ခွင့် ရဖို့ လုံးဝ ထိုက်တန်မှု ရှိပါတယ် ။ ”

” သူဟာ သဘောထားကောင်းတဲ့ ၊ အနေအေးတဲ့ ချာတိတ် တဦးပါ ။ ဒါဟာ သူ့အတွက် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခွင့် ရခဲ့တဲ့ အခွင့်အရေးကောင်း တရပ်လည်း ဖြစ်ပါတယ် ။ ဒါကို သူ ကောင်းကောင်း အသုံးချခဲ့ပြီး ၊ သွင်းဂိုး အချို့မှာ သူ ကြီးကြီးမားမား ပါဝင် ပတ်သက်ခဲ့ပါတယ် ။ သူ့အတွက် ကျွန်တော် ပျော်ရွှင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က မနေ့ည က နိုင်ပွဲမှာ လူးဝစ်ဟောလ် အပြင် ဆာအူးလ် ၊ ကိုဗာဆစ် ၊ မာလန်းဆား တို့ကိုပါ ထည့်သွင်း ချီးကျူးဖို့ လိုကြောင်းကို ” လူးဝစ် ဟာ သူလုပ်စရာ ရှိတာကို ထရိန်နင်မှာ အပြည့်အဝ လုပ်နေကျ ဖြစ်ပါတယ် ။ နောက်ပြီး သူ့အနားမှာ ဆာအူးလ် ၊ မတ်တီယို ၊ မာလန်း တို့လို စီနီယာတွေ ရှိနေတာက အရမ်းကောင်းပါတယ် ။ ”

” သူတို့ဟာ လူးဝစ်ကို အချိန်ပြည့် အားပေး ကူညီပေးခဲ့သလို ၊ အရာရာတိုင်း လွယ်ကူအောင် ဖန်တီးပေးခဲ့ကြပါတယ် ။ ဒီလို လူငယ် ကြယ်ပွင့်တွေ အတွက် အမြဲတမ်း လက်တွဲခေါ်မယ့် အဝတ်လဲခန်းမျိုး ၊ ဘေးပတ်ဝန်းကျင်မျိုး လိုအပ်ပါတယ် ။ အဆုံးမှာတော့ လူးဝစ် ဟာ ပရိသတ် အမြောက်အမြား ရှိတဲ့ ကွင်းရှေ့မှောက်မှာ ဖိအားမရှိ ကစားပြနိုင်ခဲ့ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR