စိတ်ကြီးတဲ့ ဆိတ်ကြီး ရိုနယ်ဒို ကို လူစားလဲအပြီး ရန်းနစ် ဘယ်လိုနားချခဲ့ရသလဲ

ရိုနယ်ဒို ကတော့ နောက်ထပ် ပေါက်ကွဲတဲ့ ပွဲတပွဲ ကြုံခဲ့ရ ပြန်ပါပြီ ။ မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ ညက ဘရန့်ဖိုဒ့် အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့ ပေမယ့် ရိုနယ်ဒို ကတော့ ဂိုးမသွင်း နိုင်ခဲ့ ပါဘူး ။

ဒါတင်သာမက ပါဘူး ၊ ပေါ်တူဂီသားကြီး ဟာ မနေ့က အသင်းရဲ့ Rating မှာ ၆ မှတ်သာ ရခဲ့ ပါတယ် ။

ယူနိုက်တက် က ၂-၀ နဲ့ အနိုင်ရနေချိန် မှာတော့ နည်းပြ ရန်းနစ် ဟာ ရိုနယ်ဒို ကို ထုတ်ပြီး ရက်ဖိုဒ့် ၊ မက်ဂွဲယား တို့နဲ့ လဲထည့် ကစားသွားခဲ့ ပါတယ် ။

ရန်းနစ် ရဲ့ လူစားလဲမှု မှန်ကန်ခဲ့ပြီး ရက်ဖိုဒ့် ဟာ တန်ပြန် တိုက်စစ်ကနေ ပွဲကို အဆုံးသတ်ပေးမယ့် တတိယမြောက် ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။

ဒါပေမယ့် အမြဲတမ်း ပွဲချိန်ပြည့် ကစားပြီး ဂိုးသွင်းရမှ ကျေနပ်တဲ့ GOAT ကြီးကတော့ သူ့ကို လူစားလဲ ခဲ့လို့ မကျေမနပ် ဖြစ်ပြီး ကွင်းဘေးမှာ ပွစိပွစိ ဖြစ်နေခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ရန်းနစ် ကတော့ ရိုနယ်ဒို ကို သူဘယ်လို ရှင်းပြ ခဲ့သလဲ ဆိုတာ နဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန် ခဲ့ကြောင်းကို အခုလို ပြောပြ သွားခဲ့ ပါတယ် ။

“ဘာလို့ ကျွန်တော်လဲ ၊ ဘာလို့ လူစားလဲ လိုက်တာလဲ ဆိုပြီး သူ ကျွန်တော့ကို မေးခဲ့ ပါတယ် ။

ကျွန်တော် က ‘နားထောင် ၊ ငါက အသင်း အတွက် ကောင်းမယ် ထင်တဲ့ ၊ သင့်တော်မယ် ထင်တဲ့ ဆုံးဖြတ်ချက်တွေ ကို ချမှတ်ရတဲ့သူ’ လို့ ပြန်ပြီး အဖြေပေးခဲ့ ပါတယ်”

“လွန်ခဲ့တဲ့ ၅ ရက်လောက်တုန်းက ရခဲ့တဲ့ သင်ခန်းစာမျိုး ထပ်ပြီး မဖြစ်ချင်ပါဘူး ။ ဗီလာပါ့ခ် မှာ အခုလိုပဲ ပွဲပြီးဖို့ ၁၅ မိနစ်လောက် အလိုမှာ ၂-၀ နဲ့ နိုင်နေရင်းကနေ ၂-၂ နဲ့ ပြီးသွားခဲ့ ပါတယ် ။

ဒီလို အမှားမျိုး ထပ်အဖြစ် မခံနိုင်ပါဘူး ။ ဒါကြောင့် နောက်တန်း ၅ ယောက် ကစားကွက်ကို ပြင်ဖို့ ဆုံးဖြတ် လိုက်ပြီး ဟယ်ရီ ( မက်ဂွဲယား ) နဲ့ မားကပ်စ် ( ရက်ဖိုဒ့် ) တို့ကို ထည့်ခဲ့ပါတယ်”

“ရက်ဖိုဒ့် ဟာ အနားရထားပြီး အခြားသူတွေ ထက်လည်း ပိုမြန်ပါတယ် ။ သူ ဂိုးသွင်း နိုင်တာဟာ ကျွန်တော် မှန်ကြောင်း ပြသ လိုက်တာပါပဲ ။

ရိုနယ်ဒို ကိုတော့ သူဆက်ကစားပြီး အသင်းအတွက်ရော သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကို ဖြည့်ဆည်း ပေးချင်တာကို နားလည်ပေမယ့် တချိန်ချိန် နည်းပြ ဖြစ်လာတဲ့ အခါမှာ သူ့ရဲ့ နေရာကို ဝင်ကြည့်ပြီး သဘောပေါက် နားလည် လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်”

“သူ ကျွန်တော့ကို လာဖက်ဖို့ မမျှော်လင့် ထားပါဘူး ။ သူက ကွင်းထဲမှာ အချိန်ပြည့် နေပြီး ဂိုးရရင် သွင်းချင်တဲ့ ကစားသမားပါ ။ ကျွန်တော့ အတွက် ကတော့ လက်ကျန် မိနစ်တွေမှာ ပိုပြီး ပြေးနိုင်တဲ့ ခြေထောက်တွေ ၊ ပိုပြီး အားကောင်းတဲ့ ခေါင်းတိုက်ချက်တွေ ကို လိုအပ်နေပါပြီ ။

ကျွန်တော်တို့ တတိယဂိုး ရသွားချိန်မှာတော့ ဒါတွေကို သူ့ကို ကျွန်တော် ပြောဖြစ်ခဲ့ ပါတယ်” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အဆိုပါ နိုင်ပွဲကြောင့် အဆင့် ၇ နေရာနေ တက်မလာခဲ့ ပေမယ့် ၁ ဂိုးထက် ပိုသွင်းပြီး အနိုင် ရရှိခဲ့မှုဟာ အသင်းရဲ့ စိတ်ဓါတ်ပိုင်းကို တိုးတက် စေခဲ့ ပါတယ် ။

ဒီပွဲမှာ ယူနိုက်တက် အတွက် ဂိုးအားလုံးကို အကယ်ဒမီ ထွက်တွေ ဖြစ်တဲ့ အီလန်ဂါ ၊ မေဆင် ဂရင်းဝုဒ် နဲ့ မားကပ် ရက်ဖိုဒ့် တို့က သွင်းယူပေး သွားခဲ့ ကြပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ပွဲစဉ် မှာတော့ ဝက်စ်ဟမ်း အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဲ့ဒိနောက်မှာတော့ ဆောင်းရာသီ အားလပ်ရက် ကို ဖြတ်ကျော် ကာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာမှ မစ်ဒယ်ဘရော့ အသင်းနဲ့ ပြန်လည် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR