ငွေ အားကိုး နဲ့ ညှစ်ကွက်တွေ ထုတ်သုံးလာတဲ့ နယူးကာဆယ်

နယူးကာဆယ် ဟာ ဘန်လေ အသင်းရဲ့ တိုက်စစ်မှုး ခရစ္စ ဝုဒ် ကို ခေါ်ယူဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း မနေ့ညက သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကစားသမားဟာ ဆေးစစ်မှုတွေ ခံယူဖို့တောင် နယူးကာဆယ်ဆီ ရောက်ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ တိုက်စစ်မှုး ကလမ် ဝီလ်ဆင် ကို အနည်းဆုံး 2 လ ဝန်းကျင် အထိ ဆုံးရှုံးရမှာ ဖြစ်တဲ့ အတွက် နယူးကာဆယ် ဟာ တိုက်စစ်မှုး ရှာပုံတော်ကို ဈေးကွက်ထဲမှာ အသဲအသန် ဖွင့်နေတာပါ။ တစ်ချိန်တည်းမှာ သူတို့ အသင်းဆီ ပြောင်းရွှေ့ ကစားချင်တဲ့ ဘောလုံးသမား က များများစားစား မရှိတာကြောင့် ၊ စည်းရုံးရေး ဆင်းရတဲ့ အပိုင်းတွေမှာ ခက်ခဲနေခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ နယူးကာဆယ် ဟာ တန်းဆင်းဇုံ တိုက်ပွဲ အတွက် အရေးပါတဲ့ ပွဲစဉ်မျိုး ဖြစ်တဲ့ ဝက်ဖို့ဒ် နဲ့ ပွဲကို မဖြစ်မနေ ရလာဒ်ကောင်းရအောင် ယူပြဖို့ လိုနေပါတယ်။ ဒါမှလဲ သူတို့ရဲ့ မျှော်လင့်ချက်တွေက ပိုပြီး အားကောင်းလာမှာပါ။

အဲဒီ ရည်ရွယ်ချက်မျိုး နဲ့ ခရစ္စဝုဒ် ကို အမြန်ဆုံး ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက်ချက် ချလို့ ရနေပါတယ်။

သို့သော် အပြောင်းအရွှေ့ ဆိုင်ရာ ကိန်း ဂဏန်းတွေ ကို ကြည့်လိုက်ရင်တော့ နယူးကာဆယ် ဟာ ငွေ အားကိုး နဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပုံစံမျိုးကို ဖန်တီးလျှက် ရှိနေပါတယ်။ ဘန်လေ ဆိုတာ နယူးကာဆယ် နဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်ကြောင့် တန်းဆန်းဇုံထဲမှာ နယူးကာဆယ် ရဲ့ အထက် ကပ်လျှက် ရပ်တည်နေတဲ့ အသင်းပါ။

အဲဒီလို အသင်းမျိုး က အဓိက တိုက်စစ်မှုး ကစားသမား တစ်ယောက်ကိုမှ ရွေးပြီး ခေါ်ယူဖို့ ကြိုးစားလာတာ ရိုးသားမှု ရှိရဲ့လား ဆိုတာ သံသယ ဖြစ်ဖို့ ကောင်းပါတယ်။

တစ်ချိန်တည်းမှာပဲ ခရစ္စ ဝုဒ် ရဲ့ Profile ကို ကြည့်လိုက်မယ် ဆိုရင် လက်ရှိမှာ အသက်က 30 ရှိနေပြီ ဖြစ်သလို ၊ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး 3 ဂိုး သာ ရယူထားနိုင်ပါသေးတယ်။

ဘန်လေ ဘက်ကတော့ တန်းဆင်းဇုံ တိုက်ပွဲ ရှိနေလို ခရစ္စ ဝုဒ်ကို ရောင်းထုတ်ဖို့ ဆန္ဒ လုံး၀ မရှိပါဘူး။ သို့သော် နယူးကာဆယ် က စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးပေးပြီးကို ခေါ်ယူသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းဌာနတွေ ကတော့ ခရစ္စ ဝုဒ် ရဲ့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ဟာ ပေါင် 20-25 သန်း အကြား ရှိနေတယ်လို့ ရေးသားနေကြပါတယ်။

အသက် 30 အရွယ် ရှိနေပြီး ၊ ပရီးမီးယားလိဂ် သွင်းဂိုး 3 ဂိုးသာ ရှိထားတဲ့ တိုက်စစ်မှုး တစ်ယောက် ကို ပေါင် သန်း 20 ဝန်းကျင် အထိ သုံးစွဲပြီး ခေါ်ယူလိုက်တဲ့ နယူးကာဆယ် ရဲ့ လုပ်ရပ်ဟာ ကစားသမား ရဲ့ခြေစွမ်းကို သဘောကျလွန်းလို့ မဟုတ်တာတော့ ထင်ရှားနေပါတယ်။ တစ်ချိန်တည်းမှာ အနီးကပ် ပြိုင်ဘက် ဘန်လေ ကို အခက်တွေ့သွားအောင် နှောက်ယှက်လိုက်တာလား ဆိုတာ သံသယ ဖြစ်ဖို့ ကောင်းနေပါတယ်။

ဘန်လေ ဟာ သူတို့ ရဲ့ ပွဲထွက် ကစားသမား တစ်ယောက် ဆုံးရှုံးလိုက်ရတာကြောင့် တော်တော်လေး စိတ်ပျက်နေပြီး ၊ ဇန်နဝါရီ ကာလမျိုးမှာ သူတို့ လိုချင်တဲ့ ပုံစံနဲ့ တိုက်စစ်မှုးမျိုး ရှာရတာ မလွယ်ဘူးလို့ မှတ်ချက်ပေးလျှက် ရှိပါတယ်။

တစ်ချို့ ဘောလုံး ဝေဖန် သုံးသပ်သူတွေ ကတော့ နယူးကာဆယ် အနေနဲ့ လီဗာပူး မှာ ပုံမှန် ကစားခွင့် မရပဲ နဲ့ ဒီရာသီ 5 ဂိုး အထိ သွင်းထားတဲ့ အိုရီဂီ လို တိုက်စစ်မှုးမျိုးကို လစာ ကောင်းကောင်းပေးကာ စည်းရုံး ခေါ်ယူသင့်တယ်လို့ ပြောဆိုနေကြပါတယ်။ အိုရီဂီ ရဲ့ ဈေးကွက် တန်ဖိုး က ပေါင် 10 သန်း ဝန်းကျင်သာ ရှိတာပါ။

SM