ဂွာဒီယိုလာ နေရာ အစားထိုးဖို့ အာဆင်နယ် နည်းပြ အာတီတာ ကို လျာထားတဲ့ မန်စီးတီး အသင်း

မန်ချက်စတာ စီးတီး အသင်းဟာ အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆိုရခြင်း မရှိသေးတဲ့ နည်းပြ မီခေးလ် အာတီတာ ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ် ။

အာတီတာ ဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက မန်ချက်စတာ စီးတီး အသင်း လက်ထောက် နည်းပြ ကနေ အာဆင်နယ် အသင်း နည်းပြချုပ် ဖြစ်လာသူ ဖြစ်ပြီး မန်စီးတီး အသင်း နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။

လက်ရှိ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ၂၀၁၆ ခုနှစ်မှာ အီတီဟက် ကို ရောက်ရှိ လာသူ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် နဲ့ ပြည်တွင်းဖလား ၅ ကြိမ် ရယူ ထားနိုင်ပါတယ် ။ ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာ ဟာ မန်စီးတီး အသင်းနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

ဂွာဒီယိုလာ ကိုယ်တိုင်ကလည်း မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်းကုန်ဆုံးပါက စာချုပ်သစ် ထပ်မချုပ်တော့ဘဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ် ။

The Athletic ရဲ့ဖော်ပြချက် အရ မန်စီးတီး အသင်းဟာ ဂွာဒီယိုလာ ခေတ်လွန် သူတို့ အသင်းရဲ့နည်းပြ ရာထူး အတွက် အာတီတာ ကို လျာထားပြီး အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆိုမှု အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီအစမှာတုန်းက နည်းပြ အာတီတာ ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေး ပြောဆို ခဲ့ပေမယ့် စပိန်သား က စာချုပ်သစ် ကိစ္စထက် ဒီရာသီ အသင်း ရဲ့ရည်မှန်းချက် အောင်မြင်အောင် လုပ်ဖို့ကိုပဲ စိတ်အားထက်သန် နေတာကြောင့် သဘောတူညီမှု တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပါဘူး ။

အာတီတာ ကတော့ အာဆင်နယ် အသင်းမှာ ပျော်ရွှင်နေပြီး သူ့မိသားစုကလည်း လန်ဒန်မှာ အခြေကျနေပြီ ဖြစ်တာကြောင့် အမ်းမရိတ်မှာပဲ ဆက်ရှိဖို့ များနေပါတယ် ။

စီးတီး ကွင်းလယ်လူဟောင်း ဒီဂျောင်ကတော့ ဂွာဒီယိုလာ သာ ထွက်ခွာသွားပါက ဗီအဲရာဟာ စီးတီး နည်းပြသစ် ဖြစ်နိုင်ချေ အရှိဆုံးသူ ဖြစ်တယ်လို့ Ladbrokes မှာ ပြောကြား သွားခဲ့ပါတယ် ။ ” ကလပ် အသင်းကို ကိုင်တွယ် နေတဲ့ နည်းပြ တစ်ဦး တခြား အသင်း တစ်သင်းနဲ့ သတင်းထွက်နေတဲ့အပေါ် ပြောဆို သုံးသပ်ရတာမျိုး ကျွန်တော် သဘောမကျပါဘူး ၊ အထူးသဖြင့် မန်စီးတီး နဲ့ ဂွာဒီယိုလာ တို့နဲ့ ပတ်သက်ရင်ပေါ့ဗျာ ။ ”

” ကျွန်တော် အရိုးသားဆုံး ပြောပါမယ် ၊ မန်စီးတီး အသင်းကို အမှန်တကယ် ချစ်တဲ့ ပရိသတ် တစ်ဦး အနေနဲ့ပေါ့ဗျာ ၊ ဂွာဒီယိုလာ ကို မန်စီးတီး အသင်းမှာ နောက်ထပ် ငါးနှစ် ၁၀ နှစ် လောက်အထိ ဆက်ရှိ နေစေချင်ပါတယ် ၊ မန်ယူနိုက်တက်မှာ ဖာဂူဆန် လုပ်ခဲ့သလိုမျိုးပေ့ါဗျာ ၊ သူ့ရဲ့DNA ကို အသင်းမှာ ကျန်ရှိနေစေချင်တာပါ ။ ”

” ဘောလုံး မန်နေဂျာ တစ်ဦး အတွက် အသေချာဆုံး အရာတစ်ခုက အသင်း တစ်သင်းကနေ ထွက်ခွာရဖို့ ဆိုရင် ထုတ်ခံရတာနဲ့ ကိုယ့်ဘာသာကိုယ် ထွက်ခွာတာရယ် ပဲ ရှိပါတယ် ။ ဗီအဲရာ က မန်စီးတီး နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့် မန်စီးတီး နည်းပြ ရာထူး နဲ့ ချိတ်ဆက်မှု ရှိလာ နိုင်ပါတယ် ၊ အာတီတာလည်း တူတူပါပဲ ။ ”

” ကောလဟလ တွေကတော့ အမြဲတမ်း ပျံ့နှံ့နေမှာပါပဲ ၊ ဗီအဲရာ က အသင်း တစ်သင်းကို ဦးဆောင်နိုင်စွမ်း ရှိသူပါ ၊ ကစားသမား ဘဝ တုန်းကလည်း အသင်းကို ဦးဆောင် ခဲ့ဖူးပါတယ် ၊ နည်းပြ ဘဝမှာလည်း တူတူပါပဲ ။ ”

” ကစားသမား ဘဝ ကနေ နည်းပြ ဘဝ ကို ကူးပြောင်းရတာက လုံးဝ ကွဲပြား ခြားနားပါတယ် ။ ဒါပေမယ့် ဗီအဲရာ က ခရစ္စတယ်ပဲလေစ့် အသင်းမှာ အောင်မြင်မှုတွေ နေပါတယ် ၊ ဒါကြောင့် မန်စီးတီး နည်းပြ ရာထူး အတွက် လျာထားစာရင်းမှာ ဗီအဲရာ က နံပါတ် ၁ နေရာမှာ ရှိနေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM