ဂွတ်ဒီဆင်ပါ့ခ် ကို ရောက်လာဖို့ အရမ်း နီးစပ်နေပြီ ဖြစ်တဲ့ ဖရန့် လမ်းပတ်

သောကြာနေ့ က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး နောက်ပိုင်း ချဲဆီး ကစားသမားဟောင်းကြီး ဖရန့် လမ်းပတ် ဟာ လစ်လပ်နေတဲ့ အဲဗာတန် နည်းပြ ရာထူးကို လက်ခံရယူဖို့ လက်တစ်ကမ်း အလိုကို ရောက်နေပြီ ဖြစ်ပါတယ်။

အဲဗာတန် ဟာ ချန်ပီယံလိဂ် ဖလားကြီးတွေ ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပြခဲ့တဲ့ အန်ဆယ်လော့တီ ၊ ဘင်နီတက်ဇ် တို့ကို ခန့်အပ်ပြီးနောက် အဆိုပါ နည်းပြ နှစ်ယောက် စလုံးရဲ့ လက်အောက်မှာ ကစားဖူးတဲ့ ဖရန့် လမ်းပတ် ကို ခန့်အပ်ဖို့ နီးစပ်နေတာ တိုက်ဆိုင်မှု တစ်ခုလို့ ဆိုရမှာပါ။

Telegraph သတင်း ကတော့ လမ်းပတ် ဟာ သူနဲ့ အတူ နည်းပြ အဖွဲ့ဝင် နှစ်ယောက် ကို ခေါ်ဆောင်လာခွင့် ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Edwards နဲ့ Barry တို့ဟာ ချဲဆီး မှာ ပုံရိပ်ကောင်းတဲ့ နည်းပြ အဖွဲ့ဝင်တွေ ဖြစ်ပြီး လမ်းပတ် ထုတ်ပယ်ခံရစဉ် က စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်ရှိခဲ့ကာ ၊ လက်ရှိ နည်းပြ တူချယ် ရဲ့ လက်အောင်မှာ ဆက်လက် လုပ်ကိုင်လျှက် ရှိနေကြပါတယ်။

ချဲဆီး ကတော့ ကာယကံရှင်တွေ ရဲ့ ဆန္ဒကို ပိတ်ပင်ဖွယ် မရှိပဲ ၊ လမ်းပတ် ဘက်ကသာ တရားဝင် ကမ်းလှမ်းလာတယ် ဆိုရင် မိမိ အနာဂတ် နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက် ချကြဖို့ လမ်းဖွင့်ပေးဖွယ် ရှိပါတယ်။

လမ်းပတ် ဟာ ချဲဆီး နဲ့ ဒါဘီ ကောင်တီ အသင်းတွေမှာ တာဝန် ထမ်းဆောင်ခဲ့စဉ် က သူ့ရဲ့ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တဲ့ Jody Morris နဲ့တော့ ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး။ Edwards ကတော့ လမ်းပတ် ရှိရာ အဲဗာတန် ကို ပြောင်းရွှေ့လာဖွယ် ရှိနေတယ်လို့ ထင်ကြေးပေး ခံနေရပါတယ်။

Barry ဟာ နည်းပြ လိုင်စဉ် ဖြေဖို့ လုပ်ငန်းစဉ်တွေကို လမ်းပတ် နဲ့ အတူတူ လုပ်ဆောင်ခဲ့သူ ဖြစ်ကာ ၊ ချဲဆီး နည်းပြ အဖွဲ့ဝင် ရာထူး အတွက်လဲ လမ်းပတ် ကိုယ်တိုင် လက်တွဲခေါ်ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ အခုမှ အသက် 35 နှစ် အရွယ်သာ ရှိသေးပြီး အဲဗာတန် အသင်းမှာ လူငယ် ကစားသမား ဘ၀ ဖြတ်သန်းခဲ့ဖူးသလို ၊ လမ်းပတ် နဲ့ လက်မတွဲမီ အချိန်က ဝီဂန် အသင်းရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင် ထားခဲ့ဖူးပါတယ်။

ချဲဆီး ကို လမ်းပတ် တာဝန်ယူခဲ့စဉ် အချိန်က နည်းပြ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့ Chris Jones ကလဲ လက်ရှိမှာ အလုပ် လက်ခံထားခြင်း မရှိလို့ ၊ အဲဗာတန် ဆီ လာရောက် ပူးပေါင်းနိုင်ချေ ရှိနေပါတယ်။ အကယ်လို့ Barry ကသာ လမ်းပတ် ရဲ့ ကမ်းလှမ်းမှု ကို လက်မခံခဲ့ရင် Paul Clement ကို ပြောင်းလဲ ပစ်မှတ်ထားဖွယ် ရှိနေပါတယ်။

စတိ ဟော်လန်း ကတော့ အဲဗာတန် ကို လာရောက်တော့မှာ မဟုတ်ပဲ မကြာခင် ကမှ ဆောက်ဂိတ် နဲ့ အတူ အင်္ဂလန် လက်ထောက် နည်းပြ ရာထူး အတွက် 2024 ခုနှစ် အထိ သက်တမ်း တိုးထားခဲ့တာပါ။ သူဟာ ဆောက်ဂိတ် အလွန်မှာ လက်ရွေးစင် နည်းပြ ရာထူးကို လွှဲပြောင်း ရယူဖို့ ပစ်မှတ်ထားနေသူ ဖြစ်သလို ၊ အကယ်လို နောက်ထပ် အလုပ် တစ်ခု ကမ်းလှမ်းခံရမယ် ဆိုရင်လဲ နည်းပြ ချုပ် ရာထူးမျိုးမှာပဲ လုပ်ကိုင်တော့ဖို့ ဆန္ဒရှိနေပါတယ်။

အဲဗာတန် ဟာ လမ်းပတ် ကို တရားဝင် ခန့်အပ်နိုင်ခြင်း မရှိသေးသည့်တိုင်အောင် ယူနိုက်တက် ကွင်းလယ် ကစားသမား ဘန်ဒီဘိခ် ကို ခေါ်ယူဖို့ ပဲလေ့ နဲ့ အပြိုင် ကြိုးစားလျှက် ရှိနေပါတယ်။ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဒိုကူရီ ၊ ဖေဘီယန် ဒဲ့ဖ် တို့ဟာ ဒဏ်ရာ ပြသနာတွေကြောင့် လနဲ့ချီပြီး အနားယူနေရချိန်မှာ အဲဒီ ကွက်လပ်ကို အစားထိုးနိုင်ဖို့ အတွက် ဟော်လန် လက်ရွေးစင် ကစားသမားကို ခေါ်ယူချင်တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ လမ်းပတ် က ချဲဆီးမှာ နေရာ မရ ဖြစ်နေတဲ့ အဲဗာတန် ကစားသမားဟောင်း ရော့စ် ဘာကလေ ကို ပြန်လိုချင်တဲ့ ကောလဟာလ သတင်းမျိုးတွေလဲ ထွက်ပေါ်နေပါတယ်။ သို့သော် အဲဗာတန် ဟာ အက်စ်တွန် ဗီလာ တောင်ပံ ကစားသမား အယ်ဂါဇီ ကို အငှားနဲ့ ခေါ်ယူထားပြီးပြီ ဖြစ်လို့ ၊ လက်ကျန် ဘောလုံးရာသီ အတွက် နောက်ထပ် ကစားသမား တစ်ဦးသာ အငှား စာချုပ်နဲ့ မှတ်ပုံ တင်ခွင့် ရှိပါတော့တယ်။

ဒါကြောင့် အငှားနဲ့ ခေါ်ယူမယ် ဆိုရင် တစ်ယောက်သာ ခေါ်လို့ ရတော့မှာပါ။