ဂျူဗင်တပ်ထက်စာရင် ဗလာဟိုဗစ် ပြောင်းရွေ့ခဲ့သင့်တဲ့ ကလပ် ၃ ခုကို ပြောပြလိုက်တဲ့ ကာဆာနို

အီတလီ တိုက်စစ်မှုးဟောင်း ဖြစ်သူ အန်တိုနီယိုကာဆာနိုက ဒူချန်ဗလာဟိုဗစ် အနေနဲ့ ဂျူဗင်တပ်ကို ပြောင်းရွေ့ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး ဆားဘီးယား တိုက်စစ်မှုး အနေနဲ့ အာဆင်နယ် ဒါမှမဟုတ် တော့တင်ဟမ် တို့ကို ပြောင်းရွေ့တာ ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ဆိုသွားပါတယ်။ ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဂျူဗင်တပ်ကို ပြောင်းရွေ့ကြေး ယူရိုသန်း ၇၀ + add ons ယူရို ၅ သန်းနဲ့ အပြီးသတ် ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းခဲ့သေးပြီး လက်ရှိ ဖီအိုရင်တီးနားမှာ အငှား ကစားနေတဲ့ လူးကပ်တော်ရဲရား + ယူရိုသန်း ၆၀ နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင်ကတော့ ဂျူဗင်တပ်ကို ပြောင်းရွေ့ဖို့သာ စိတ်အားထက်သန်နေတာကြောင့် အာဆင်နယ်တို့ လက်လျှော့ ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၂ နှစ် အရွယ် ကစားသမား အနေနဲ့ တူရင်မှာ ကစားသမား ဘ၀ နောက်တဆင့် တက်လာမှာ မဟုတ်ဘူးလို့ ကာဆာနိုက ဆိုလိုက်ပြီး ဗလာဟိုဗစ်ဟာ ဒုတိယ အဆင့် ကစားသမားသာ ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

ကာဆာနိုက “လက်ရှိမှာ အယ်လီဂရီ ကိုင်တွယ်နေတဲ့ ဂျူဗင်တပ်ဟာ လာမည့် နှစ်မှာကော နောက် ၁၀ နှစ်မှာပါ ဘာမှ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက်ဟာ တအားကို မှားယွင်းခဲ့တယ်လို့ ယူဆပါတယ်။ သူ့လိုမျိုး ကစားသမား တစ်ဦး အနေနဲ့ ဒီလို အချိန်မှာ အာဆင်နယ် တော့တင်ဟမ် ဒါမှမဟုတ် မာစီရယ်ကို ခေါ်ယူခဲ့တဲ့ ဆီဗီလာ စတဲ့ အသင်း တစ်ခုခုကို ပြောင်းရွေ့ကာ အလယ်အလတ်ကျတဲ့ ခြေလှမ်းကို လှမ်းသွားဖို့ လိုအပ်ပါတယ်။

ကျွန်တော့် အတွက် ကတော့ သူဟာ ဒုတိယ အဆင့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဂျုဗင်တပ်ဟာ သူ့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ။ ဖီအိုရင်တီးနားမှာ ကစားရတာနဲ့ ကွာခြားပါတယ်။ သူ့အတွက် ကတော့ ဒါဟာ အရမ်းကို အရေးပါတဲ့ ခြေလှမ်းပါ။ ဒါပေမယ့် ရှင်းရှင်းပြောရရင် ဒါဟာ တအားကို စွန့်စားမှု များလွန်းပါတယ်။ ဂျူဗင်တပ် အတွက် သူ ဖီအိုရင်တီးနားမှာ လုပ်ပြခဲ့တာတွေနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။

ဂျူဗီမှာ တစ်ရာသီ အတွင်း ၁၅ ဂိုး ဂိုး ၂၀ လောက် သွင်းယူရုံနဲ့ လုံလောက်မှု မရှိပါဘူး။ ဒီအသင်းမှာ ပွဲတိုင်းဟာ အဆုံးအဖြတ် ဖြစ်ပါတယ်။ ဒီအပြောင်းအရွေ့ဟာ သူ့အတွက် အန္တရာယ်များတဲ့ ဖိအားကို ဖြစ်စေပါတယ်။ သူ့အနေနဲ့ ဂျူဗီမှာ နောက်ထပ် level ကို တက်လှမ်းရပါမယ်။ ဒီအသင်းမှာ တစ်ရာသီကို အနည်းဆုံး ဂိုး ၃၀ လောက် သွင်းယူပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် နဲ့ ဆုဖလားတွေကိုလည်း ရယူပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်ကတော့ သူဟာ ဂျူဗင်တပ် အတွက် fit ဖြစ်မယ့် ကစားသမားလို့ မမြင်ပါဘူး။ သူဟာ ဆားဘီးယားသားပါ။ ထူးခြားတဲ့ character ရှိနေသူပါ။ သူဟာ ဂျူဗင်တပ် အဝတ်လဲခန်းနဲ့ အံဝင်မယ့်သူ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM