ဂျိုတာရဲ့ဂိုးတွေနဲ့ ၀င်ဘာလေဖိုင်နယ်ကို တက်သွားခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ် ၀-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိအကျော့မှာ ဂျိုတာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ အာဆင်နယ်ကို ကျော်ဖြတ်ကာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲရဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အစောပိုင်းမှာ မာတစ်ဟာ ထောင့်ကန်ဘောကနေ ပိတ်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပြီး ၁၉ မိနစ်မှာတော့ ဂျိုတာက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လက်ကာဇက် အပိုင်အခွင့်အရေး ရခဲ့ပေမယ့်လည်း လွဲချော်သွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ လီဗာပူးကပဲ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ကာ ဂေါ်ဒွန်ရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုနဲ့ ကိုနာတေးရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့မှုကြောင့် နောက်ထပ် ဦးဆောင်ဂိုး မရ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျိုတာဟာ အလက်ဇန်းဒါးအာနိုးရဲ့ ဖန်တီးမှုကနေ တဆင့် ရင်ဘတ်နဲ့ထိန်းကာ ဂိုးသမားကို ကျော်သွင်းယူပြီး ပွဲသိမ်းပေးခဲ့ပါတယ်။

၁~လီဗာပူးတိုက်စစ်ကို ပခုံးထမ်းပေးခဲ့တဲ့ ဂျိုတာ

မာနေး နဲ့ မိုဆာလား တို့ မရှိချိန်မှာ လီဗာပူးရဲ့ သွင်းဂိုး မျှော်လင့်ချက်တွေ အားလုံးဟာ ဂျိုတာရဲ့ ပခုံးပေါ်ကို ကျရောက်ခဲ့ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှုးဟာ အရေးပါတဲ့ ဂိုး ၂ ဂိုးကို သွင်းယူပြီး step up လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဖာမီနိုဟာ နောက်ကိုဆင်းကာ ချိတ်ဆက်ကစားခဲ့ပြီး အလက်ဇန်ဒါးအာနိုး ကလည်း အတွင်းကို ၀င်ကာ ဖန်တီးမှုတွေ လုပ်ခဲ့ပြီး assist ၂ ကြိမ် ရခဲ့ပါတယ်။ ပထမဂိုးမှာ ဆိုရင် ဂျိုတာဟာ တိုမီယာဆုကို ကျော်ကာ နောက်တန်း အင်အား အလုံအလောက် ရှိနေတဲ့ အာဆင်နယ် ခံစစ်ကြားကနေ အနိမ့်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဂိုးမှာ ဆိုရင်လည်း ဂျိုတာဟာ ထရန့်ရဲ့ ဖန်တီးမှုကနေ ရင်ဘတ်နဲ့ ထိန်းကာ ရမ်ဒဲလ်ကို ကျော်ကာ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် ဒီအချိန်မှာ ဂျိုတာရဲ့ ယုံကြည်မှု ဘယ်လောက် မြင့်မားနေသလဲ ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပြီး ပေါ်တူဂီ တိုက်စစ်မှုးဟာ တစ်ပွဲလုံး အာဆင်နယ် နောက်တန်းကို ဒုက္ခပေးသွားခဲ့ကာ လီဗာပူးအတွက် နောက်ထပ် မာနေး ဆာလား လက်သစ် ဖြစ်လာလိမ့်မယ် ဆိုတာ ပြသခဲ့ပါတယ်။

၂~လီဗာပူးရဲ့ high defensive line

လီဗာပူးရဲ့ high defensive line ကစားမှု ကနေ ပေးဂိုးတွေ ရှိခဲ့တာကြောင့် မေးခွန်းထုတ်မှုတွေ ခံနေရတဲ့ အသင်း ဖြစ်ပြီး ဒီပွဲစဉ်မှာတော့ ဒါကို ဘာကြောင့် ကစားသလဲ ဆိုတာ သက်သေပြသွားခဲ့ပါတယ်။ အာတီတာဟာ တိုက်စစ် အားသန် ကစားကွက်ကို ခင်းကျင်းလာခဲ့ပြီး လီဗာပူး နောက်ခံလူတွေ ကလည်း အာဆင်နယ် တိုက်စစ်နဲ့ အပြိုင် 4 vs 4 ကစားသွားခဲ့ပါတယ်။ မာတင်နယ်လီ နဲ့ ဆာကာ တို့ဟာ တောင်ပံတွေကနေ ခြိမ်းခြောက်နိုင်စွမ်း ရှိကြသူတွေ ဖြစ်ပြီး စမစ်ရို ကလည်း နေရာလွတ်တွေကို ကောင်းကောင်း အသုံးချနိုင်သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနား တို့ဟာ ဒီပွဲမှာ လီဗာပူးရဲ့ ခံစစ်ကို ကျော်ပြီး danger zones တွေကို မရောက်ခဲ့နိုင်ခဲ့ဘဲ လီဗာပူးရဲ့ high line နဲ့ ချုပ်ကစားမှုကြောင့် သူတို့ရဲ့ တိုက်စစ်ဟာ နေရာကောင်း မရောက်မီ ပျက်ပျက်နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူးဟာ ဘောလုံးတွေ ပြန်လည် ရယူနိုင်ခဲ့ပြီး အာဆင်နယ်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပထမပိုင်း ၁၅ မိနစ်ကို သပ်ရပ်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လီဗာပူးတို့ ပွဲကို ထိန်းချုပ် ကစားသွားနိုင်ခဲ့ကာ အာဆင်နယ် တိုက်စစ် ကစားသမားတွေ အနေနဲ့ ပိုမို ရုန်းကန်လာခဲ့ရပါတယ်။ မာတစ်ရဲ့ အမှားတစ်ချို့ကြောင့် အခွင့်အရေး အနည်းငယ် ပေးခဲ့ရတာက လွဲပြီး လီဗာပူးဟာ ကျန်ပွဲချိန်တွေမှာ ပြိုင်ဘက်ကို ထိန်းချုပ် ကစားသွားနိုင်ခဲ့ပါတယ်။

၃~တောက်ပခဲ့တဲ့ မာတင်နယ်လီ

အာဆင်နယ် ပရိတ်သတ်တွေဟာ သူတို့အသင်း ဆာကာ နဲ့ စမစ်ရို တို့ကို ပိုင်ဆိုင်ထားတဲ့ အပေါ် ဂုဏ်ယူစွာနဲ့ သီချင်းလုပ်ဆိုနေကြပေမယ့် နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ မာတင်နယ်လီ နဲ့ ပက်သက်ပြီးလည်း သီချင်းတစ်ပုဒ် ကြိုစပ်ထားဖို့ လိုအပ်ပါတယ်။ ဘရာဇီး ကြယ်ပွင့်ဟာ ဒီပွဲမှာ လီဗာပူးရဲ့ ညာခြမ်းခံစစ်ကို ကောင်းကောင်း ဖိအားများစေခဲ့သူ ဖြစ်ပြီး လီဗာပူး အတွက် တကယ့်ကို ကြီးမားတဲ့ challenge ဖြစ်ခဲ့ပါတယ်။

ညာခြမ်းမှာ ၎င်းနဲ့ အလက်ဇန်းဒါးအာနိုးတို့ရဲ့ ပြိုင်ဆိုင်မှုဟာ တကယ့်ကို ကြည့်ကောင်းခဲ့ပြီး ကစားသမား ၂ ဦးစလုံးရဲ့ တိုက်စစ် ကစားပုံတွေ ကတော့ စိတ်လှုပ်ရှားစရာ ပါပဲ။ မာတင်နယ်လီဟာ ဒီပွဲစဉ်မှာ အာဆင်နယ် အတွက် ချေပဂိုးရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း တောက်ပတဲ့ အနာဂတ် ရှိနေတယ် ဆိုတာကိုတော့ ပြသသွားခဲ့ပါတယ်။

၄~အရေးပါခဲ့တဲ့ ဖာဘင်ညို

အာဆင်နယ်ကို လီဗာပူးတို့ ပွဲချိန် အများစု ထိန်းချုပ် ကစားနိုင်ခဲ့ခြင်းဟာ ကွင်းလယ်ပိုင်းရဲ့ လွှမ်းမိုးမှုကြောင့် ဆိုရင် မမှားပါဘူး။ ဖာဘင်ညိုဟာ သူ့ရဲ့အသင်း ဘောလုံး မရှိချိန်မှာ နေရာစုံမှာ ရှိနေခဲ့ပြီး ပြိုင်ဘက် ကစားကွက်ကို ဖျက်ဆီးမှုတွေ ၊ အမှားကျူးလွန်ရန် ဖိအားပေးမှုတွေနဲ့ အတူ ဘောလုံးပြန်ရချိန်မှာ အသင်းရဲ့ တမ်ပိုကို ထိန်းချုပ် ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ မာတင်နယ်လီရဲ့ အားထုတ်မှုကို ဖျက်ထုတ်နိုင်မှုကို ကြည့်ရင် ဘရာဇီးသားရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ ဖာဘင်ညိုဟာ ဒီပွဲမှာ ကွင်းလယ် ကနေ ဒီနှစ်သင်းရဲ့ ခြားနားမှုကို ဖြစ်စေခဲ့သူ ဖြစ်ပါတယ်။

၅~လက်ကာဇက်ရဲ့ အဆုံးသတ်

ပထမပိုင်းရဲ့ ပွဲချိန်တော်တော်များများ လီဗာပူးရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေခဲ့ပြီးနောက် ဒုတိယပိုင်း အစမှာ အာဆင်နယ်ဟာ တောက်ပစွာ ပေါ်ထွက်လာခဲ့ပြီး လက်ကာဇက်ရဲ့ လွဲချော်မှုကြောင့်သာ မဟုတ်ဘူးဆိုရင် ချေပဂိုး ပြန်ရလောက်ပြီ ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှုးဟာ လီဗာပူး ခံစစ်ကို ကောင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ အဆုံးသတ်ကတော့ ဆိုးရွားခဲ့ပြီး အပိုင် အခွင့်အရေး လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ သူသာ ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင် ပွဲရဲ့ရလဒ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

လီဗာပူး ကလည်း သိပ်မကြာမီ အပိုင်အခွင့်အရေး ရခဲ့ပေမယ့်လည်း ခရိတ်ဂေါ်ဒွန် မိုးပေါ်ထောင်ကန်ခဲ့လို့သာ နောက်ထပ် တစ်ဂိုး ထပ်မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျိုတာက နောက်ထပ် တစ်ဂိုး သွင်းယူကာ လီဗာပူးအတွက် အနိုင် သေချာသွားစေခဲ့ ပါတယ်။ နှစ်သင်းစလုံးဟာ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း လက်ကာဇက် ရဲ့ ပထမပိုင်း ဖရီးကစ် ကို ကယ်လီဟာ လက်စွမ်းပြ ကာကွယ်သွားခဲ့တာကြောင့် အာဆင်နယ်တို့ ဦးဆောင်ဂိုး မရခဲ့တာပါတယ်။ ပွဲရဲ့ ရလဒ်ဟာ ဒီလို ကျဉ်းမြောင်းတဲ့ အရာတွေနဲ့ အဆုံးအဖြတ် ပေးခဲ့တာပဲ ဖြစ်ပါတယ်။

SM