ချဲလ်ဆီး ပရိသတ်တွေထံ တောင်းပန် မက်ဆေ့ခ်ျ ပေးခဲ့တဲ့ ရိုမီလူ လူကာကူရဲ့ အင်တာဗျူး အပြည့်အစုံ

ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ၂၀၂၁ခုနှစ် ကုန်ခါနီးက ထွက်ပေါ်ခဲ့တဲ့ Sky Italia သတင်းဌာနနဲ့ အင်တာဗျူးမှာ ချဲလ်ဆီး ပရိသတ်တွေကို အကြီးအကျယ် စိတ်ပျက် ဒေါသထွက်စေခဲ့တဲ့ မှတ်ချက် အချို့ ပေးခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး လူကာကူ က မနေ့က ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှ တဆင့် ပရိသတ်တွေထံ အခုလိုပဲ တောင်းပန် မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

မေး – မင်္ဂလာပါ ။ ရိုမီလူ ။ ပထမဆုံး အနေနဲ့ မင်းကို တွေ့ရတာ ဝမ်းသာတဲ့ အကြောင်း ပြောပါရစေ ။ အခု မေးမှာတွေက လိုအပ်လို့ မေးရတဲ့ မေးခွန်းတွေ ဖြစ်တယ် ဆိုတာ မင်းလည်း သိမယ်လို့ ထင်ပါတယ် ။ အရှေ့ ရက်အနည်းငယ် အတွင်း မင်း ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုတာ ဖြေပေးပါဦး ။

ဖြေ – ဟုတ်ပါတယ် ။ အနည်းငယ် ရှုပ်ထွေးခဲ့တဲ့ ရက်အနည်းငယ်ပါပဲ ။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော် အပြည့်အဝ နားလည်ပါတယ် ။ တကယ်တမ်းမှာ ကိုဗစ်ကြောင့် အရမ်း ခက်ခဲတဲ့ ရက်သတ္တပတ် တခုကို ဖြတ်သန်းခဲ့ရတာပါ ။ နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ အသင်း နိုင်ပွဲရဖို့ ကျွန်တော် ကြိုးစား ကူညီပေးခဲ့ပါတယ် ။

ဗီလာနဲ့ ပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် ၊ ဘရိုက်တန်နဲ့ ပွဲမှာ သရေကျခဲ့တာကြောင့် အားလုံး စိတ်ပျက်ခဲ့ကြပါတယ် ။ ကျွန်တော် ကိုယ်တိုင် အပါအဝင် ကလပ် တာဝန်ရှိသူတွေ အတွက်ပါ ဒီတပတ်က အရမ်း ရှုပ်ထွေးခဲ့ပါတယ် ။ အထူးသဖြင့် အရှေ့ အင်တာဗျူးနဲ့ ပတ်သက်ပြီးပေါ့ ။

မေး – ဟုတ်ကဲ့ပါ ။ ဒါဆို အဲဒီ အင်တာဗျူးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဘာကြောင့် ဒေါသထွက်ခဲ့ကြတယ် ၊ စိတ်ပျက်ခဲ့ကြတယ် ဆိုတာကိုရော နားလည်ပေးနိုင်ရဲ့လား ။

ဖြေ – ရာနှုန်းပြည့် နားလည်ပေးနိုင်ပါတယ် ။ အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော့ အနေနဲ့ အင်တာဗျူးကတဆင့် ပေးချင်တဲ့ မက်ဆေ့ခ်ျကို ပိုပြီး ပြတ်ပြတ်သားသား ပေးနိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ် ။ အဲဒီ အင်တာဗျူး ဟာ အင်တာ ပရိသတ်တွေကို နှုတ်ဆက်စကား ပြောချင်တာနဲ့ပဲ ပတ်သက်တာပါ ။ ဒါဟာ ချဲလ်ဆီး ပရိသတ်တွေ ၊ ကလပ် အပေါ် မလေးမစား လုပ်တာ မဟုတ်ပါဘူး ။

မန်နေဂျာ ၊ အသင်းဖော်တွေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေဟာ ကျွန်တော့ကို ဒီ ကလပ်ဆီ ပြောင်းရွှေ့နိုင်ဖို့ အကောင်းဆုံး ကြိုးစားပေးခဲ့ကြတာပါ ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီကို ပြန်လာချင်ခဲ့တာပါ ။ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော် လုံးဝ နားလည်ပေးနိုင်ပေမယ့် ၊ အခုအခါမှာတော့ ကျွန်တော့ အနေနဲ့ ဒီ ကလပ် အတွက် ရာနှုန်းပြည့် ပေးဆပ်ထားတယ် ဆိုတာ ပြသရပါတော့မယ် ။

မေး – အင်တာဗျူးရဲ့ တစိတ်တပိုင်းမှာ မင်းဟာ အင်တာကို ပြန်လိုတဲ့ အကြောင်း ဖြေခဲ့ပါတယ် ။ တဖက်မှာ မင်းဟာ ချဲလ်ဆီးနဲ့ ၅နှစ် စာချုပ်ချုပ်ထားပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးရော ချဲလ်ဆီး ပရိသတ်တွေကို ဘာပြောချင်သေးသလဲ ။ သူတို့မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တခြား အတွေးများ ရှိနေလား စသဖြင့်ပေါ့ ။

ဖြေ – No No … သူတို့အနေနဲ့ ဒါကို မေးခွန်းထုတ်နေစရာ မလိုပါဘူး ။ ဒီကို ပြန်ရောက်လာဖို့ ကျွန်တော် ဘယ်လောက် အထိ လိုလားခဲ့တယ် ဆိုတာ ၅နှစ် စာချုပ်ချုပ်ခဲ့ခြင်း က သက်သေပါပဲ ။ ဘာလို့လဲ ဆိုတော့ ချဲလ်ဆီး ဟာ အောင်မြင်မှုတွေကို အမြဲတမ်း ဆွတ်ခူးနေတဲ့ အသင်း ဖြစ်လို့ပါ ။

ဒီကို ရောက်လာတဲ့ ကစားသမား မှန်သမျှ အောင်မြင်မှုနဲ့ မကင်းခဲ့ကြသလို ၊ ကျွန်တော့မှာ ဒီကလပ် အပေါ် အထူး ချစ်မြတ်နိုးတဲ့ စိတ်လည်း ရှိပါတယ် ။ ဒီမှာ ကျွန်တော် နှစ်များစွာ အောင်မြင်မှု ရချင်ပါတယ် ။ ဒါကြောင့် ၅နှစ် စာချုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ၊ ဒါကို နေ့စဉ် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ရာနှုန်းပြည့် ပေးဆပ်ထားကြောင့် ပြသနေတာပါ ။

မေး – နောက်ပြီး ရိုမီလူရေ … အဲဒီ အင်တာဗျူးရဲ့ တစိတ်တပိုင်းမှာပဲ မင်းဟာ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတွေထဲက တသင်းသင်းဆီ ပြောင်းရွှေ့ခဲ့မယ် ဆိုရင် ချဲလ်ဆီးထက် ပိုသာတဲ့ ပြောင်းရွှေ့မှု ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်း ဖော်ပြထားတာ တွေ့ခဲ့ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးရော ?

ဖြေ – လုံးဝ မဟုတ်ပါဘူး ။ ကျွန်တော်ဆိုလိုတာက ဘောလုံး ကစားကြတဲ့ ချာတိတ်တွေမှာ များသောအားဖြင့် ခုနက ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့ဖို့ အိပ်မက်တွေ ရှိကြတယ် ဆိုတဲ့ သဘောကို ဖော်ညွှန်းချင်တာပါ ။ ကျွန်တော့ရဲ့ ငယ်ဘဝ အိပ်မက် က ချဲလ်ဆီးမှာ ကစားဖို့ ဖြစ်ပါတယ် ။

ကျွန်တော်နဲ့ သိတဲ့လူ မှန်သမျှ မေးကြည့်လို့ရပါတယ် ။ ကျွန်တော် ငယ်ငယ်တုန်းက ၊ ၁၀နှစ် ၊ ၁၁နှစ် အရွယ်လောက်က ဘယ်အသင်းမှာ ကစားချင်သလဲလို့ မေးတဲ့အခါ ၊ ချဲလ်ဆီးမှာ ကစားချင်တယ်လို့ပဲ ဖြေခဲ့ပါတယ် ။ ဒီတော့ အသက် ၁၈နှစ်မှာ ကျွန်တော် ဒီကို ပထမဆုံး အကြိမ် ရောက်လာခဲ့တယ် ၊ အလုပ်မဖြစ်ခဲ့လို့ တခြား ကလပ်တွေဆီ ပြောင်းရွှေ့ခဲ့ရပေမယ့် ၊ အခု အသက် ၂၈နှစ် အရွယ်မှာ ဒီကို ဒုတိယ အကြိမ် ပြန်ရောက်လာပါပြီ ။

ကျွန်တော် ဒီ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ပါဘူး ။ ဒီကို ပြန်ရောက်လာဖို့ ကျွန်တော် ဟာ ပြီးခဲ့တဲ့ ၁၀နှစ် အတွင်း ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ် ။ ဒီကို ပြန်ရောက်လာလို့ ကျွန်တော် အရမ်း ပျော်ရွှင်နေသလို ၊ ဒီ ကလပ် အတွက် ရာနှုန်းပြည့် ပေးဆပ်ထားကြောင်း ပြသသွားလိုပါတယ် ။ ရာသီအကုန်မှာ အသင်းနဲ့ အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့လည်း ယုံကြည်ထားပါတယ် ။

မေး – ဟုတ်ပါပြီ ။ မင်းရဲ့ အင်တာဗျူး ဟာ လူအချို့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့တယ် ဆိုတာ မင်းကိုယ်တိုင်လည်း နားလည်လောက်မယ်လို့ ထင်ပါတယ် ။ ဒီတော့ ချဲလ်ဆီး ပရိသတ်တွေကို မင်း ဘာမက်ဆေ့ခ်ျ ပေးချင်သလဲ ။

ဖြေ – ကျွန်တော့ကြောင့် ဖြစ်ခဲ့တဲ့ စိတ်ပျက်စရာတွေ အတွက် ပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ် ။ ဒီကလပ်နဲ့ ကျွန်တော့ အကြားက သံယောဇဉ်ကို ပရိသတ်တွေလည်း သိကြပြီးသားပါ ။ ခင်ဗျားတို့ ဒီ အင်တာဗျူးနဲ့ ပတ်သက်ပြီး ဘာကြောင့် စိတ်ပျက်ခဲ့ကြလဲ ဆိုတာကို ကျွန်တော် အပြည့်အဝ နားလည်ပေးနိုင်ပါတယ် ။

ခင်ဗျားတို့ရဲ့ ယုံကြည်မှု ရဖို့ အခုက စပြီး ကျွန်တော် အကောင်းဆုံး ကြိုးစား ပေးဆပ်မှာ ဖြစ်သလို ၊ ရှေ့လာမယ့် ပွဲတွေမှာ အသင်း အနိုင်ရဖို့ကို အစွမ်းကုန် ကူညီပေးသွားမှာပါ ။ နောက်ပြီး မန်နေဂျာ ၊ အသင်းဖော်နဲ့ ဘုတ်အဖွဲ့ဝင်တွေ အားလုံးကိုလည်း ကျွန်တော် ဒီနေရာကနေ တောင်းပန်လိုပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒါဟာ မှန်ကန်တဲ့ အခိုက်အတန့် မဟုတ်ခဲ့သလို ၊ ဒီ ဖြစ်ရပ်ကို မေ့ပစ်ပြီး အသင်း အတွက်ပဲ အကောင်းဆုံး ရှေ့ဆက် ကြိုးစားပေးချင်လို့ပါ ။

မေး – အရှေ့ အင်တာဗျူးရဲ့ ပထမဆုံး အဖြေမှာ ကွင်းပြင်ပ က ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့ အကြောင်းအရာတွေ ပါခဲ့တယ်နော် ။ ဗြိတိန်မှာ ပြန်အခြေချရတဲ့ လက်ရှိ မင်းရဲ့ လူနေမှုဘဝ အကြောင်းလည်း ပြောပြပေးပါဦး ။

ဖြေ – ဒီက လူနေမှု ဘဝ က ကျွန်တော့ အတွက် ကောင်းသလောက်ပါပဲ ။ ဒါပေမယ့် အသင်းဖော်တွေက ဒါကို အပြည့်အဝ ကူညီပေးခဲ့တယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး ။ သူတို့ဟာ ကျွန်တော် ဒီမှာ အမြန်ဆုံး အထိုင်ကျဖို့ကို တတ်နိုင်သမျှ ကူညီပေးခဲ့ကြပါတယ် ။

ကျွန်တော့ မိသားစု ၊ အမေနဲ့ သား ၂ယောက်ကိုတော့ ကျွန်တော် အလွမ်းဆုံးပါ ။ ဒါပေမယ့် မကြာခင်မှာ သူတို့လည်း ဒီကို ပြောင်းလာကြပါတော့မယ် ။ ဒီတော့ သူတို့နဲ့ အတူ ဒီက လူနေမှုဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ် ။

မေး – ငါတို့လည်း ထပ်တူထပ်မျှပါပဲ … ရိုမီလူရေ ။ အခုတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို အာရုံစိုက်ကြရအောင်ပါ ။ ရှေ့လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း တော့တင်ဟမ်နဲ့ ၃ကြိမ် အထိ ရင်ဆိုင်ရမှာ ဖြစ်သလို ၊ ကမ္ဘာ့ ကလပ်ဖလား ပြိုင်ပွဲ မတိုင်မီ မန်စီးတီးနဲ့လည်း အဝေးကွင်းမှာ ကစားရဖို့ ရှိနေပါတယ် ။ ဒီ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မင်း ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲ ။

ဖြေ – အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ဒါတွေဟာ ဘောလုံး ကစားရခြင်းရဲ့ အဓိက အခိုက်အတန့်တွေ ဖြစ်ပါတယ် ။ ဒီပွဲတွေ အတွက် အသင်းလိုက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်သွားမှာ ဖြစ်သလို ၊ မန်နေဂျာကလည်း အသင်း နိုင်ပွဲတွေ ရဖို့ အကောင်းဆုံး နည်းလမ်းတွေ ချပြနိုင်မယ်လို့ ထင်ပါတယ် ။

မေး – ဒီကို ရောက်ရောက်ချင်း ပထမဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ မင်းဟာ ဒီကလပ်ရဲ့ အနိုင်ရလိုစိတ် ပြင်းပြမှုနဲ့ ပတ်သက်ပြီး ပြောခဲ့တယ်နော် ။ နောက်ပြီး ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဒီ ကစားသမား အစုအဖွဲ့ဟာ ချန်ပီယံ ဖြစ်မယ် ဆိုတာကို မင်း ကြိုသိခဲ့တဲ့ အကြောင်းလည်း ပြောခဲ့တယ်နော် ။ ဒါက စပါယ်ရှယ် အစုအဖွဲ့ တစုပါ ။ အခုအချိန် အထိ ပြိုင်ပွဲ ၅ခုစလုံးမှာ ရှိနေဆဲ ဖြစ်ပြီး ၊ ဒီရာသီမှာ အသင်းက ဘယ်လောက်ထိ အောင်မြင်မှု ရနိုင်သလဲ ဆိုတာ ဖြေပေးပါဦး ။

ဖြေ – အများကြီးပါပဲ ။ ဒါကို ခင်ဗျား အနေနဲ့ ယုံကြည်ရပါမယ် ။ တဖက်မှာ တဆင့်ချင်းစီ ၊ တပွဲချင်းစီ ကျွန်တော်တို့ အာရုံစိုက်ရမှာပါ ။ ရှေ့ကို ကြိုပြီး အများကြီး တွေးနေလို့ မဖြစ်ပါဘူး ။ အခုဆို ကျွန်တော်တို့ဟာ တော့တင်ဟမ်နဲ့ အရေးကြီးတဲ့ ပွဲတပွဲ ကစားရပါတော့မယ် ။ ဒီပွဲကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ လိုပါလိမ့်မယ် ။

ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ လီဗာပူးနဲ့ comeback သရေပွဲမှာ ပြိုင်ပွဲတိုင်းမှာ ထိပ်တန်း အဆင့် ခြေစွမ်းနဲ့ ယှဉ်ပြိုင်နိုင်ကြောင်းကို ပြသနိုင်ခဲ့ပါတယ် ။ မှန်ကန်တဲ့ ဦးတည်ချက် ၊ ပြင်ဆင်မှု ၊ ချဉ်းကပ်မှုတွေနဲ့သာ ပွဲတိုင်းကို ရင်ဆိုင်မယ် ဆိုရင် ဒါဟာ ကျွန်တော်တို့ အတွက် အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးရာသီ တခု ဖြစ်လာမှာ အသေအချာပါပဲ ။

SPORTS MYANMAR